ကျွန်တော်နှင့် ဟိုတယ်(၃)

 ကျွန်တော်နှင့် ဟိုတယ်(၃)

ကျွန်တော် (Staff Canteen) တွင် ရပ်၍ ဟိုတယ်စည်းမျဉ်းစည်းကမ်းများကို ဖတ်နေရသည်မှာ (၂)နာရီခွဲကျော်ကျော် ကြာမည်ထင်ပါသည်။ ထို့နောက်မှာတော့ လုံခြုံရေးတစ်ယောက်က အင်တာဗျူးဖြေရန်အတွက် လာခေါ်သည်။ သူက လမ်းမှာပင် ကျွန်တော့်အား အင်တာဗျူးမည့် (GM) ၏ အမည်ကို ပြောပြပါသည်။ ထိုအခါတွင်မှ ဟိုတယ်ကို အုပ်ချုပ်နေသူ၏ အမည်ကို သိခဲ့ရခြင်းဖြစ်သည်။
ကျွန်တော်သိခဲ့သည်မှာ ဟိုတယ်ပိုင်ရှင်၏ အမည်နှင့် အများသူငါပြောနေကြသည့် အကြောင်းအရာ တချို့သာ သိခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်အား လာခေါ်ပေးသည့် လုံခြုံရေး၏အမည်ကို နောင်တွင်မှ သိရသည်မှာ ကိုကိုဇော်ဖြစ်သည်။
လုံခြုံရေးတစ်ယောက်၏တာဝန်စည်းမျဉ်းတွေ မည်သို့ရှိသည် မသိသော်လည်း ၎င်းသည် လုံခြုံရေးတစ်ယောက်ရှိသင့်သည့် ခန္ဓာကိုယ်ရှိသည်ဟု ဆိုချင်သည်။ နှုတ်ချိုသည်။ မျက်နှာရွှင် သည်။ ခြေသံလုံသည်။ ၎င်းပက်ထရိုလှည့်လျှင် ကိုယ့်အိမ်ဝင်းအတွင်း သွားလာစရာရှိ၍ သွားလာနေ ပုံမျိုးဖြစ်သည်။ ဝန်ထမ်းတွေ၏ လှုပ်ရှားပုံကို အကဲခတ်သွားသည်မှာလည်း မသိမသာပင် ဖြစ်သည်။ ကိုယ်တွေကလည်း မဟုတ်တာ လုပ်နေကြသူများ မဟုတ်၍ ထိုကဲ့သို့ မသိမသာ အကဲခတ်သွားသည်ကို သဘောကျသည်။ ၎င်းတို့နောက် ဟိုတယ်တွင် တာဝန်ထမ်းဆောင်နေစဉ် လုံခြုံရေးအဖွဲ့များစွာနှင့် ဆက်ဆံခဲ့ရသည်။ တချို့က မောက်မာသည်။ တချို့က ပြေပြစ်သည်။ မောက်မာသည်ဖြစ်စေ၊   ပြေပြစ်သည်ဖြစ်စေ သူတို့တာဝန် သူတို့ထမ်းဆောင်ခြင်းမို့ ကျေနပ်ပါသည်။
သို့သော် တချို့တွေက ဝန်ထမ်းတွေကို သူခိုးချောင်းသလို ချောင်းသည်။ မှန်တံခါးနား ကပ်ကာ ချောင်းကြည့်သည်။ ညပိုင်းတာဝန်ကျသည့် ဌာနသုံးခု(FO, M&E , HK) တို့မှ ဝန်ထမ်းခြောက်ယောက် လောက်ကိုမျှ နာမည်စေ့အောင် မသိကြသည့် အဖြစ်များ ရှိသည်။ ဝန်ထမ်းရာကျော်သော်လည်း အလှည့်ကျညဆိုင်းတာဝန်ကျမည့်သူများမှာ နေ့စဉ်စာရင်းတွင် ရှိနေသည်။ သို့သော် သူတို့ မသိကြ။ ဟိုတယ်လုံခြုံရေးဆိုသည့် ၎င်းတို့၏ မူလတာဝန်ကို မေ့လျော့သွားကြသည်။ ဟိုတယ်လုံခြုံရေးသည် ၎င်းတို့၏ ဦးစားပေးတာဝန်ဖြစ်သည်။ ဝန်ထမ်းကို စစ်ဆေးခွင့်သည် အဝင်ရော၊ အထွက်တွင်ပါ စစ်ဆေးနိုင်သည်။ လိုအပ်လျှင်လည်း အချိန်မရွေး စစ်ဆေးနိုင်သည်။ ဝန်ထမ်းသည် တာဝန်ချိန်အတွင်း ဟိုတယ်က ပိုင်သည် မဟုတ်လား။ ဟိုတယ်က ပိုင်သည့် ဝန်ထမ်းကိုသာ သူတို့က သူခိုး၊ ဂျပိုးချောင်းသလို ချောင်းနေခြင်းကို မနှစ်သက်ခြင်း ဖြစ်သည်။
(Management) က ညွှန်ကြားထား၍သာ ၎င်းတို့ကလည်း ထိုကဲ့သို့ တာဝန် ထမ်းဆောင်ခြင်း ဖြစ်နိုင်သည်။ ကျွန်တော် ပြောလိုသည်မှာ မှားသည်၊ မှန်သည် မဟုတ်ဘဲ ၎င်းတို့ ထိုကဲ့သို့ ပြုမူခြင်းကို မနှစ်သက်သည့် ကျွန်တော်၏ စိတ်ခံစားချက်ကိုသာ ဖြစ်သည်။ (Security) ၏ အရေးပါမှု၊ တာဝန်ကြီးမှုကို သိစေလိုခြင်း ဖြစ်သည်။ လုံခြုံရေးဂိတ်တွင်ထိုင်ကာ ဒရဝမ်သာသာ တံခါးအဖွင့်အပိတ်လုပ်ပေးခြင်းဖြင့် တာဝန်ကျေပြီဟု မယူဆစေလိုခြင်းဖြစ်သည်။ ဝန်ထမ်းအချင်းချင်း သူခိုးချောင်းချောင်းကာ စောင့်ကြည့်ရုံမျှဖြင့် လုံခြုံရေးဟု အမည် မတပ်စေလိုခြင်း ဖြစ်သည်။ (Security) ၏ အဓိပ္ပါယ်မှာ တစ်ဦးတစ်ယောက်၊ သို့မဟုတ် အဆောက်အဦး၊ တိုင်းပြည်ကို ဆန့်ကျင်တိုက်ခိုက်သူများရန်မှ လုံခြုံဘေးကင်းအောင် ကာကွယ်ခြင်းဟု ဖတ်မှတ်ခဲ့ရဖူးသည်။
ဟိုတယ်တစ်ခုတွင် လုံခြုံရေးထားရှိရခြင်းမှာ မတော်တဆမှုအမျိုးမျိုးကို တားဆီးနိုင်ရန်၊ ဟိုတယ်တွင် လာရောက်တည်းခိုသူတို့ လုံခြုံစိတ်ချဘေးကင်းစွာ မိမိတို့အိမ်ကဲ့သို့ အိပ်စက်နိုင်စေရန်၊ ဟိုတယ်တွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတို့ စိတ်အေးချမ်းသာစွာဖြင့် တာဝန်ထမ်းဆောင်နိုင်စေရန် အတွက် ဖြစ်သည်။
ဟိုတယ်ရှိ ဌာနများအားလုံးသည် (Customer) ကို (Service) ပေးရသည့် ဌာနများချည်းဖြစ်သည်။ သက်ရှိ ဆားဗစ်နှင့် သက်မဲ့ဆားဗစ် ဟူ၍လည်း ခွဲခြားနိုင်သည်။ သက်ရှိဆားဗစ်မှာ ဟိုတယ်နှင့်သက်ဆိုင်သည့် ဟိုတယ်ရှိဝန်ထမ်းများ ဖြစ်သည်။ သက်မဲ့ဆားဗစ် ဆိုသည်မှာ (Customer) များ သက်သောင့်သက်သာ ရှိစေရန်နှင့် သက်သာလွယ်ကူစွာ အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည့် (Hotel Amenities) များ ဖြစ်သည်။
သက်ရှိဆားဗစ်တွင် တာဝန်ထမ်းဆောင်ရာ ဌာနအလိုက် (၂)မျိုး ထပ်ခွဲထားသည်။
1.Front of Service
2.Back of Service
ဟူ၍ ထပ်ခွဲထားခြင်း ဖြစ်သည်။
1.Front of Service တွင်
1.Front Office Department
2.Housekeeping Department
3.F&B Department
တို့ ပါဝင်သည်။
2.Back of Service တွင်
        1.Kitchen Department
        2.Account Department
        3.HR Department
        4.Maintain Department
        5.Laundry Department
        6.Security Department
        တို့ ပါဝင်သည်။
          ဟိုတယ်ဝန်ထမ်းအားလုံးသည် ဟိုတယ်၏ (Customer) ပေါ်တွင် ဗဟိုပြုနေသူများ ဖြစ်သည်။ ဝန်ထမ်းအားလုံးသည် မည်သည့်ဌာနတွင်ရှိနေစေကာမူ သက်ဆိုင်ရာဌာနအသီးသီးအလိုက် အရေးပါသူများ ချည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဟိုတယ်ဆိုသော တူညီသည့်ကောင်းကင်အောက်မှာ ရှိနေကြသည့် ဝန်ထမ်းများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
          ထို့ကြောင့် လုံခြုံရေးဝန်ထမ်းသည် ဟိုတယ်ယန္တရားကြီး လုံခြုံစိတ်ချစွာ လည်ပတ်နိုင်ရေးအတွက် အရေးကြီးသည့် ထောက်တိုင်တစ်ချောင်း ဖြစ်သည်။ ပင်နယံတစ်ခု ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် လုပ်ငန်းကြီးတစ်ခု၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ခံယူထားပါသလား။ သို့မဟုတ် သင်၏ စိတ်ကူးထဲတွင် သင်ကိုယ်သင် မည်ကဲ့သို့ ပုံဖော်နေမိပါသနည်း။ ဆရာဦးတင်ဇံကျော်၏ စကားလေးတစ်ခွန်းကို လက်ဆင့်ကမ်းလိုပါသည်။
          " သင်တွေးတဲ့နေရာမှာ သင်ရှိနေမယ် … "
          ယခု သင်မည်သည့်နေရာတွင် ရှိနေပါသနည်း။ ရိုးသားစွာ သုံးသပ်စေလိုပါသည်။

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint

Comments