ကျွန်တော်နှင့်ဟိုတယ်(၄)
ကျွန်တော်နှင့်ဟိုတယ်(၄)
ကျွန်တော်ကို လုံခြုံရေးခေါင်းဆောင်
ကိုကိုဇော်မှ အင်တာဗျူးဖြေရမည့် ရုံးခန်းသို့ ပို့ပေးသည်။ ထိုရုံးခန်းသည်
(Reception Counter) ၏ ဘေးရှိ (GM) ၏ ရုံးခန်းဖြစ်သည်။ ယနေ့ အလုပ်နည်းနည်းရှုပ်နေ၍ အနည်းငယ်နောက်ကျသွားကြောင်း
(GM) မှ ပြောရင်း မိတ်ဆက်သည်။ ထို့နောက်မှာတော့ ဟိုတယ်နှင့် ဆက်စပ်သည့် မေးခွန်းများကို
မေးသည်။ မေးခွန်းအားလုံးကို စိတ်အားတက်ကြွစွာ ဖြေသည်။ ရိုးသားစွာ ဖြေသည်။
"
Honest is the best Policy"
ဆိုသော စကားကို ကျွန်တော်ယုံကြည်သောကြောင့်
ဖြစ်သည်။ (Speaking Test) လုပ်သည်။ (Booking) လုပ်ခိုင်းသည်။ ဆယ်တန်းအောင်ကာစ နိုင်တီးနိုင်းဝန်းကျင်တွင်
စကားပြောသင်တန်း တက်ခဲ့ဖူးသည်။ ထို့နောက် နှစ်အနည်းငယ်ခြား၍ ထပ်တက်သည်။ ကျောင်းပြီးနောက်
အပြင်ထွက်မည် စိတ်ကူးမိ၍ အိမ်မှာပင် လေ့ကျင့်ခဲ့ဖူးသော်လည်း အင်တာဗျူးဖြေသည့်အခါတွင်
အဆက်ပြတ်နေ၍ ကောင်းစွာ မဖြေနိုင်ဖြစ်ရသည်။ (GM) က ရန်ကုန်ရှိ ဟိုတယ်ကြီးတစ်ခုကို ဖုန်းဆက်၍
အခန်းခနှုန်းထားများ၊ ယူရိုနှင့် ဒေါ်လာလဲလှယ်နှုန်းထားများကို အင်္ဂလိပ်လိုမေးသည်။ တစ်ဖက်မှ
ကောင်းစွာဖြေဆိုရင်း သူမသိတော့သည့် သတင်းအချက်အလက်များကို သူ့အထက်လူကြီးထံ ထပ်မေးနေသည်ကိုလည်း
ကြားနေရသည်။ ဖုန်းဖြေဆိုပေးသည့် (Operator) မှာ (GM) ကို နိုင်ငံခြားသား မှတ်နေပုံရသည်။
" ဒီမှာ Foreigner တစ်ယောက် ရစ်နေလို့…"
ဟူသော ၎င်းတို့အချင်းချင်းပြောသံကို ဖုန်းတစ်လုံးဖြင့်နားထောင်ရင်း
ကျွန်တော်လည်း ကြားနေရ သည်။ (GM) ပြောသွားသည့် လေယူလေသိမ်းမှာ အရမ်းကို ကောင်းပါသည်။
သုံးသွားသည့် စကားလုံးများမှာလည်း အတိုအစများမဟုတ်၊ နိုင်ငံခြားသားတစ်ယောက်ပြောနေသည်ဟု
ထင်မှတ်ရ လောက်အောင်ပင် ကောင်းသည်။ ဆရာပြောသည်များကို နားလည်သော်လည်း တုပပြောရန် မလွယ်ကူဟု
ဆိုလိုခြင်းဖြစ်သည်။ ထိုလေယူလေသိမ်းမျိုးရရန်အတွက် အတော်လေ့ကျင့်ယူရဦးမည်ဟု မှတ်ထင်မိလိုက်
သည်။ (GM) က ဘယ်လောက်ထိနားလည်သလဲ မေးသည်။ ကျွန်တော် နားလည်သလို ပြန်ပြောပြသည်။ ထိုစကားလုံးများအတိုင်း
မသုံးနိုင်သေးဟုလည်း ဝန်ခံလိုက်သည်။
(GM) က နောက်ထပ် ဟိုတယ်တစ်ခုကို ဖုန်းထပ်ဆက်ပြသည်။
ရိုးစင်းရှင်းလင်းသည့် စကားလုံးများ နှင့် ဖြစ်သည်။ ထိုစကားလုံးများကိုတော့ ကျွန်တော်တုပပြောဆိုနိုင်သည်ဟု
ထင်မိသည်။ (GM) က (Physico Test) လည်း လုပ်သည်။ လျှောက်ထားသည့် ဌာနမရလျှင် ဘယ်ဌာနမှာ
လုပ်မလဲ၊ စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျှော့သလဲ၊ အရက်သောက်တတ်လား၊ အလုပ်ရပြီဆိုပါစို့
ဘယ်တော့ အလုပ်ဝင်နိုင်မလဲ၊ ဘာတွေလုပ်နိုင်သလဲ စသည်ဖြင့် စုံနေအောင်မေးသည်။ (Bell
Boy) တစ်ယောက်အားခေါ်၍ အင်္ဂလိပ်သတင်းစာတစ်စောင်ကို ယူခိုင်းလိုက်သည်။ ထိုအထဲမှ ဆောင်းပါးတစ်ပုဒ်ကို
ဖတ်ပြရသည်။ ထိုဆောင်းပါးကို စာရိုက်ပြရသည်။ ထိုနေ့သည် ဒီဇင်ဘာ(၁၅)ဖြစ်သည်။ နောက်(၂)ရက်အကြာတွင်
ကျွန်တော်အလုပ်ဝင်ရပါသည်။ (Housekeeping) ဌာနတွင်ဖြစ်သည်။
အလုပ်ဝင်စဖြစ်၍ အလုပ်လာသည့် ရက်တိုင်းတက်ကြွနေသည်။
ဟိုတယ်က အင်းတစ်ဝက်ကို မြေဖို့ဆောက်ထားသည့် ဟိုတယ်ဖြစ်သည်။ မြေဧရိယာမှာ (၁၆)ဧကခန့်ရှိသည်။
ဟိုတယ်ရှိရာ အဆောက်အဦးများနှင့် ဝန်ထမ်းဆောင်များကြားတွင် အင်းကို ရေသွင်းရေထုတ်ပြုလုပ်သည့်
တူးမြောင်းတစ်ခု ခြားထားသည်။ ပေတစ်ရာနီးပါးရှိ သစ်သားတံတားလေးဖြင့် ဆက်သွယ်ထားသည်။
အလုပ်သို့လာရာတွင် ထိုတံတားလေးကို ဟိုတယ်အပြင်လမ်းသွယ်မှနေ၍ မြင်နေရသည်။ ထိုတံတားလေးထက်မှနေ၍
ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းခဲ့ဖူးသည်။ ထိုတံတားလေးကို ချစ်သည်။ တံတားထက်မှ ဖြတ်သန်းစဉ်
တိုက်ခတ်လာသည့် လေအေးများကြောင့် စိတ်အစဉ်သည် လန်းဆန်းသည်ဟု ခံစားမိဖူးသည်။ ကန်ရေပြင်ကိုကြည့်ရသည်မှာ
အဓိပ္ပါယ်တစ်ခုခု ရှိနေသယောင် ခံစားရသည်။ တံတားဖြတ်သန်းချိန်သည် တိုတောင်းသော်လည်း ဂုဏ်ယူဝင့်ကြွားစွာ
ဖြတ်သန်းခဲ့သည်ကိုတော့ အမှတ်ရနေမိသည်။ ထိုတံတားလေးကို ကျွန်တော်ချစ်မြတ်နိုးစွာဖြင့်
နာမည်တစ်ခု ပေးခဲ့မိသည်။ မျှော်လင့်ခြင်းတံတား ဟူ၍ ဖြစ်သည်။
"
Hope "
Life
is short
Happy
time is too short
But
we all alive in this world
Because
tomorrow is better than today…
(Written
by Htoo Aung Wint)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
Comments
Post a Comment