ကျွန်တော်နှင့် ဟိုတယ်(၅)

 ကျွန်တော်နှင့် ဟိုတယ်(၅)

ကျွန်တော် အလုပ်စဝင်သည်မှာ (Housekeeping) ဌာနတွင်ဖြစ်သည်။ အလုပ်ဝင်လာကြောင်း သတင်းပို့လိုက်သည့်အခါ (Linen) က စီနီယာတစ်ယောက်နှင့် တွဲပေးသည်။ ထိုစီနီယာ၏ အမည်မှာ မဝင်းစန္ဒာဌေး ဖြစ်သည်။ နောင်တွင် ဆရာမအလုပ်ရသွားသဖြင့် အလုပ်နားသွားသူ ဖြစ်သည်။
ကျွန်တော်ဝတ်ရသည့် (Uniform) မှာ ဘောင်းဘီအနက်နှင့် ရှပ်အကျဖြူဖြစ်သည်။ ဆောင်းတွင်းဖြစ် သဖြင့် ဟိုတယ်မှပေးဝတ်သည့် အနွေးထည်မှာ နက်ပြာရောင် အနွေးထည်ဖြစ်သည်။ အလုပ်ဝင်စဖြစ်သဖြင့် (Uniform) မရသေးသောကြောင့် ကျွန်တော်၏ စတိုင်ပင်န်ဘောင်းဘီကို ဝတ်ထားရခြင်း ဖြစ်သည်။ အနွေးထည်မှာမူ (Linen) တွင်ရှိသဖြင့် အလှည့်ကျဝတ်ရခြင်း ဖြစ်သည်။ ထိုနေ့က ကျွန်တော် (HK)အကူအဖြစ် အလုပ်စဝင်ရသည့် အခန်းမှာ (405) ဖြစ်သည်။ အလုပ်လုပ်ကြသည့် အဖွဲ့များမှာလည်း ပျော်ရွှင်တက်ကြွကြ သည်ဟု ထင်မိသည်။ အခန်းတွင်းသုံး (Extension) ဖုန်းလေးများဖြင့် အချင်းချင်း ဆက်သွယ်ကြသည်။ (Linen) ကို ဆက်သည်။ အဆိုတော် R-ဇာနည် နေသည့် အခန်းမှာ ကျွန်တော်ရှင်းရသည့် အခန်းနှင့် မျက်စောင်းထိုး လှမ်းမြင်နေရသဖြင့် (HK) မမများ အခန်းကူးရင်း အချင်းချင်း သတင်းပေးကြ၊ လှမ်းငေးကြနှင့် အနည်းငယ်အလုပ်များနေကြသည်။
ကျွန်တော်လည်း အနည်းငယ် အလုပ်များပါသည်။ အားလုံးသည် အသစ်အဆန်း ဖြစ်နေသည်။ လိုက်နာရသည့် စည်းမျဉ်းစည်းကမ်းကလည်း များသည်။ ထို့ကြောင့် အိပ်ခန်းဆောင် သန့်ရှင်းရေးလုပ်ရင်း မိမိသိလိုသည့်၊ သိချင်သည့် အရာများကို (Senior) မမ၏ အရိပ်အကဲကိုကြည့်ရင်း မေးမြန်းရသည်။ ကံကောင်းသည်မှာ ကျွန်တော်၏တွဲဘက်သည် အကဲဆတ်သူ မဟုတ်သောကြောင့် မေးသမျှကို သိသလောက် ပြောပြသည်။ (Superior) ဆိုသော စကားလုံးကျမှ အခက်တွေ့တော့သည်။ တစ်ခြားသူတစ်ယောက်ကို ပြန်မေးရင်း သူလည်း မသိဟု ရိုးရိုးသားသား ပြန်ပြောပါသည်။ ကျွန်တော်လည်း ထိုအခါတွင်မှ မေးခွန်းများကို ရပ်တော့သည်။ တကယ်တော့ အဘိဓာန်ကြည့်လိုက်လျှင်ပင် အလွယ်တကူ သိနိုင်သော စကားလုံးဖြစ်သည်။ ထိုစဉ်က ဟိုတယ်ရှိ အခန်းအမျိုးအစားများကို (၄)မျိုးသာ ခွဲခြားထားသည်။ အခန်းအရေအတွက်မှာလည်း (၈၁)ခန်းသာ ဖြစ်သည်။ အခန်းအမျိုးအစား (၄)မျိုးမှာ…
1.Standard
2.Superior
3.Garden View
4.Lake View(Deluxe)
စသည်ဖြင့် ခွဲခြားထားသည်။ အစစ အရာရာ အသစ်အဆန်းဖြစ်နေသည့် ဝန်းကျင်ဖြစ်သောကြောင့် အရာရာသည် ကျွန်တော့်အတွက် လေ့လာစူးစမ်းစရာချည်း ဖြစ်နေတော့သည်။ နေ့လည် ထမင်းစားချိန် နာရီဝက် အချိန်ရသည်။ ညနေစောင်း (၃)နာရီကျော်ကျော်ခန့်တွင် အခန်းများရှင်းပြီးဖြစ်၍ သက်သောင့်သက်သာ နားနိုင်သည်။ ဆိုလိုသည်က လောလောလောလောနှင့် လုပ်စရာ မလိုတော့ဟု ဆိုလိုခြင်း ဖြစ်သည်။ ညနေ(၄)နာရီကျော်ကျော်ခန့်တွင် (Linen)သို့ ပြန်သည်။ ကိုယ်ထုတ်ထားသည့် သန့်ရှင်းရေးပစ္စည်းများကို ပြန်အပ်သည်။
ကျွန်တော့်ကို မည်သူကမျှ မခိုင်းသော်လည်း (Linen) တွင် ရှိသည့် အမှိုက်ပုံးထဲမှ အမှိုက်များကို နေရာမေး၍ သွားသွန်သည်။ အမှိုက်သွန်ရသည့်၊ အမှိုက်ပုံးကြီးသည် ယခု (၅)ထပ်ဆောင်ရှေ့ရှိ ကားပါကင်ဖြစ် သွားသည့် နေရာတွင်ရှိသည်။ ဟိုတယ်ရှိ (Department) အားလုံးတွင် ကျွန်တော်တို့ ဌာနက ဝန်ထမ်းအင်အား အများဆုံးဖြစ်သည်။ အားလုံးသည် ခင်မင်ဖော်ရွေသည်ဟု ခံစားမိသည်။ သူတပါးအလုပ်ကို လုပ်ပေးရလျှင် အောက်ကျသည်ဟု ခံစားမိသော ကျွန်တော်သည် (Receptionist) တစ်ယောက်ကိုပင် ဧည့်ကြိုဟူသော အမြင်ဖြင့် အထင်မကြီးခဲ့မိသူဖြစ်သည်။ ယခု သူတစ်ပါးနေဖို့၊ သူတစ်ပါးနေသွားသည့်အခန်းကို ရှင်းပေးနေရသူ ဖြစ်နေသည်။ သို့သော် ကျွန်တော် သိမ်ငယ်သည်ဟု မခံစားမိချေ။ အသစ်အဆန်းဖြစ်၍ ပျော်နေခြင်းများလား ဟု ဆန်းစစ်ကြည့်သော်လည်း မဟုတ်ဟု အဖြေထွက်သည်။
ကျွန်တော်က အသန့်အပြန့် ကြိုက်သည်။ ရွံလည်း ရွံတတ်သည်။ ထို့ကြောင့် ရေသန့်ဗူးလွတ်များဖြင့် ပြန်ထည့်ထားသည့် ရေသန့်ကို မသောက်ဖြစ်အောင်ကြိုးစားသည်။ (Linen) ပြန်၍ သောက်သည်က များသည်။ ကျောင်းပြီးစက ဆည်မြောင်းဌာနတစ်ခုတွင် နေ့စားဝင်လုပ်သည်။ လူကြီးအိမ်မှ ထမင်းစားကာ စာရင်းများကို ဝိုင်းကူလုပ်ရခြင်း ဖြစ်သည်။ လူကြီးအိမ်တွင် လေဖြတ်ထားသည်လား၊ မွေးရာပါလားမသိသည့် သရေမနိုင်သူတစ်ယောက်ရှိသည်။ မတတ်သာ၍ ထမင်းစားရသော်လည်း ရေကို ရုံးရောက်မှသောက်သည်။ နေ့လည်ခင်း လက်ဖက်ရည်ဆိုင်ထိုင်မှ ရေနွေးကြမ်းသောက်သည်။ အိမ်ပြန်ရောက်ပြီဆိုမှ ရေကို အဝသောက်တော့သည်။ ဝန်ကြီးဆိုသူများ၊ အထက်လူကြီးများ မကြာခဏလာတတ်သည့် ထိုဌာနရှိ ဧည့်ခံကြိုဆိုရေးအဖွဲ့တွင်လည်း ဝိုင်းကူလုပ်ခဲ့ရဖူးသည်။ လူကြီးပြန်သွားလည် ဘဝတူ သူငယ်ချင်းများ ပျော်ပျော်ပါးပါး စားကြသောက်ကြနှင့် ဖြစ်သည်။
ကျွန်တော် ပန်းကန်ထဲမှာရှိသည့် ပုဇွန်ကွေးကြီးများကိုကြည့်ပြီး စားချင်သောက်ချင်စိတ် မဖြစ်မိသည်ကို သတိထားမိသည်။ လူကြီးကျန်ခဲ့သည့် သောက်လက်စ အဖိုးတန်သည်ဟု သိထားသည့် အရက်များကို သူငယ်ချင်းများ မက်မက်စက်စက်သောက်နေပုံက ကျွန်တော့်အတွက် ထူးဆန်းသည်။ တကယ်တော့ ကျွန်တော်သည် နေရာမှား၍ ရောက်လာသည့် သိုးမည်းတစ်ကောင် ဖြစ်သည်။ မုန့်ဖိုးမကြာခဏရသည့် ဌာနဖြစ်၍ ဘီယာသောက်တတ်အောင် စိတ်လိုလက်ရ လေ့ကျင်ဖူးသည်ကိုလည်း ရိုးသားစွာဝန်ခံလိုပါသည်။ ထိုအလုပ်တွင်လည်း ကျွန်တော်(၄)လခန့်လုပ်၍ ထွက်လိုက်သည်။ ဆိုလိုသည်က ကျွန်တော်၏ ရွံရှာတတ်သည့် စိတ်နှင့် ဇီဇာကြောင်သည့် အကြောင်း ဖြစ်သည်။ ခယဝယလုပ်ရသည်ကိုလည်း မနှစ်သက်သည့် ဓာတ်ခံရှိသူဖြစ်သည်။
ယခုမူ သန့်ရှင်းရေးလုပ်ရင်း ကျွန်တော် တက်ကြွနေသည်။ ကိုယ့်အိမ်ကို မည်ကဲ့သို့ မွမ်းမံသန့်ရှင်းမည်၊ မည်ကဲ့သို့ လှပအောင်ထားမည် စသည်ဖြင့် တွေးမိနေသောကြောင့် ဖြစ်သည်။ စည်းကမ်းကြီးသော ဝန်ထမ်းအိမ်ဖြစ်သဖြင့် အိမ်သည် အိမ်နီးနားချင်းများနှင့် နှိုင်းစာလျှင် သန့်ရှင်းသပ်ရပ်သည်။ သို့သော် ဟိုတယ်ရှိ သန့်ရှင်းရေးပစ္စည်းများ၊ သန့်ရှင်းနည်းများဖြင့် သန့်ရှင်းလိုက်မည် ဆိုပါလျှင်…။ ထို့ကြောင့် ကျွန်တော် သန့်ရှင်းရေးလုပ်ရင်း တက်ကြွနေခြင်း ဖြစ်သည်။
နောက်ပြီး ကျွန်တော့်မှာ အချိန်တွေ ပိုနေသည်ဟု ခံစားမိသည်။ သန့်ရှင်းရေးလုပ်နေရင်း အင်္ဂလိပ်စာ လေ့လာနိုင်သည်မဟုတ်လား။ ကျွန်တော်ပြောနိုင်သည်၊ ပြောတတ်သည်က အတိုအထွာလေးမျှသာ ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်စကားပြောလေ့လာမည်ဟု ဆုံးဖြတ်လိုက်သည်။ ဟိုတယ်သုံးစကားသည်   ပိုမိုယဉ်ကျေး သည့် စကားလုံးများကို သုံးရသည်မဟုတ်လား။ တစ်ရက်လျှင် (၃)ကြောင်းမျှ (Byheard) ကျက်နိုင်သည် ဆိုပါက တစ်လလျှင် စာကြောင်း(၃၀၀)ရမည်။ (၃)လလောက် ကျက်လိုက်မည်၊ လေ့ကျင့်လိုက်မည်ဆိုက အိုကေသွားမည်ဟု သင်္ချာဆန်ဆန်တွက်၍ ဆုံးဖြတ်လိုက်သည်။ နောက်ရက်များတွင် ကျွန်တော့် ရှပ်အကျထဲတွင် ဟိုတယ်အင်္ဂလိပ် စကားပြောစာအုပ်လေးပါလာသည်။ ထိုစာအုပ်ပါးလေးကို သန့်ရှင်းရေး လုပ်ရင်း ထုတ်ကျက်သည်။
(PS: ထိုစာအုပ်လေး၏ တန်ဖိုးမှာ မပြောပလောက်ပါ။ အသုံးဝင်မှုကလည်း ပြောမပြနိုင်အောင်ပင် ဖြစ်သည်။ ကျွန်တော် FO ရောက်ပြီး (၂)နှစ်ကျော်သည်အထိ လက်ထဲမှာ ရှိသေးသည်။ FO မှ ညီမငယ် တစ်ဦးက လေ့လာလိုသည်ဆို၍ ငှားလိုက်သည်။ (၆)လလောက်ကြာသည့်အခါ လုံခြုံရေး တစ်ယောက်၏ လက်ထဲတွင် ထိုစာအုပ်လေးကို တွေ့ရသည်။ နွမ်းဖတ်နေသည့် ထိုစာအုပ်လေးတွင် ကျွန်တော်နာမည်ကို တွေ့သည်။ ထိုညီငယ်က သူမထံမှ လက်ဆင့်ကမ်းငှားထားသည်ဟု ပြောပါသည်။ ပြန်တောင်းယူ၍ ရသော်လည်း ကျွန်တော် မတောင်းယူတော့။ ဖတ်လိုသူတို့လက်တွင် ထိုစာအုပ်လေး တန်ဖိုးရှိနေသောကြောင့် ဖြစ်သည်။ နောက်တစ်ချက်မှာ ငှားထားသူမှ ပြန်ပေးသည့် စည်းကမ်းလေးကို နှစ်သက်၍လည်း ဖြစ်သည်။)
ကျွန်တော် အင်္ဂလိပ်စကားပြော လေ့လာသည့် နည်းမှာ မှန်ချင်မှ မှန်ပါမည်။ နည်းကောင်း ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် နည်းဟောင်းကြီး ဖြစ်သည်။ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ နည်းကောင်း ဖြစ်စေ၊ နည်းဟောင်း ဖြစ်စေ ကျွန်တော် သောက်ခဲ့သည့် ဆေးကို ဖော်ပြခြင်း ဖြစ်သည်။ ကျွန်တော့်မှာ ယုံကြည်မှုတစ်ခု ရှိသည်။ ထိုယုံကြည်မှုမှာ…
" I can do that…"
ဟူ၍ ဖြစ်သည်။ တစ်ခုခု သင်ယူဖို့၊ တစ်ခုခု ရှာဖွေဖို့အတွက် ဘယ်သောအခါမျှ နောက်ကျသည်မရှိ ဆိုသော ခံယူချက်တစ်ခုလည်း ရှိသေးသည်။ ကျွန်တော်၏ မှတ်စုစာအုပ်တွင် ရေးထားသည့် စာစုလေးတစ်ခုကို ညီငယ်၊ ညီမငယ်များကို လက်ဆောင်အဖြစ် ပြန်လည် ဝေမျှချင်ပါသည်။
" It's never too late.
 Just do it better…"
ကျွန်တော်၏ မှတ်စုစာအုပ်တိုင်းတွင် ရေးမှတ်ဖြစ်သည့် စာကြောင်းလေး ဖြစ်ကြောင်း သူငယ်ချင်း မိတ်ဆွေအပေါင်းအား ဝန်ခံလိုပါသည်။

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်