ကိုယ် မကျော်ကြားချင်ဘူး
ကိုယ်
မကျော်ကြားချင်ဘူး
ကျော်ကြားတယ်ဆိုတာ ထင်ပေါ်သူတွေမှ ဖြစ်တာ
မဟုတ်လား။ ထင်ပေါ်သူ မဟုတ်ဘဲ ကျော်ကြား နေပြီဆိုရင်တော့ တစ်ခုခုလွဲနေပြီ။ ဆယ်လီဘေးမှာ
ဓာတ်ပုံတွဲရိုက်တိုင်း ဆယ်လီဖြစ်သွားတာမှ မဟုတ်တာ။
လူဆိုတာ ကိုယ့်ဝါသနာနဲ့ကိုယ်ပဲလေ။ တချို့တွေက
စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာအရေး၊ ညာအရေး စသဖြင့် ကိုယ်သန်ရာ
သန်ရာ စိတ်ဝင်စားတတ်တာ သဘာဝပဲ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာ ပြဿနာမဟုတ်ပေမယ့်
ကိုယ်နဲ့လိုင်းမတူဘဲ ဇွတ်ဆွဲနေတာက တော့ ပြဿနာပါ။
လူတိုင်း အောင်မြင်ကျော်ကြားချင်တယ်။
အသိအမှတ်ပြုခံချင်တယ်။ အဲသလိုပဲ လူတိုင်းမှာ ကာလာရှိပါတယ်။ လမ်းကြောင်းရှိပါတယ်။ ကိုယ်လျှောက်ရမယ့်လမ်း
ကိုယ်သိတာ ပိုကောင်းတယ်။ လျှောက်ရမယ့် လမ်းအတိုင်းလျှောက်တာ အကောင်းဆုံး မဟုတ်လား။
တချို့လူတွေက ကာလာတွေ ရောတယ်။ လမ်းကြောင်းတွေ ထွေးတယ်။ ဦးတည်ချက်မတူဘဲ လမ်းအတူလျှောက်ရတာ
စိတ်ကူးအလှ ပျက်တယ်လို့ပဲ ခံစားမိပါတယ်။
ရန်သူတစ်ထောင်ထက် မိတ်ဆွေတစ်ရာက ကျွန်တော့်အချိန်တွေကို
စားပါတယ်။ မိတ်ဆွေ တစ်ရာထက် ချစ်ခင်ရသူ ဆယ်ဦးလောက်က ကျွန်တော့်ကို ချည်နှောင်ထုံးဖွဲ့ပါတယ်။
ချစ်ခင်သူ ဆယ်ဦးထက် ရည်ရွယ်ချက်မတူသူ မိတ်ဆွေတစ်ဦးက စိတ်နှလုံးသားကို နှောက်ယှက်တယ်။
အကျဉ်းချတယ်။ စိတ်ပင်ပန်း ဆင်းရဲရစေပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်ကို ယဉ်ကျေးမှုအရ
နားထောင်ပေးနေရတာ ပင်ပန်းတယ်။ ဆင်းရဲတယ်။ မရှိတာထက် မသိတာခက် ဆိုတဲ့ စကားလည်း အရှိသားပဲ။
ဆိုးတာက မသိတာ မဟုတ်ဘဲ မသိချင်ယောင်ဆောင်တာက ပိုခက်တာပေါ့။
အားနာလို့လိုက်လျောရင်း ကိုယ့်ကိုယ်ကိုယ်
အ-လာတယ်ဆိုတာမျိုး ခံစားမိတော့ ဒေါသတွေ သီးထလာတာများ ချောင်းတောင် တဟွတ်ဟွတ် ဆိုးတယ်။
ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ဟာ နိုင်ငံရေးမဟုတ်ဘူး။ ဦးလေး၊ ဒေါ်လေးအရွယ်တွေကို နံမည်အရင်းအတိုင်းခေါ်ပြီး
ရင့်သီးတတ်တဲ့ ဝါသနာ မပါဘူး။ ဆယ်လီတွေဘေးပြေးကပ်ပြီး ဓာတ်ပုံမရိုက်ချင်ဘူး။ နိုင်ငံရေးသမား
အမည်တွေ အလွတ်ရကြောင်း ရွတ်ပြတတ်တဲ့ သူငယ်ချင်းတွေနဲ့ စကားမပြောချင်ဘူး။ တစ်ဖက်ကန်း၊
နှစ်ဖက်ကန်း၊ တစ်ဖက်ပြတ်၊ နှစ်ဖက်ပြတ်တွေနဲ့ ဝိုင်းဖွဲ့နိုင်ပေမယ့် အသိဉာဏ်ကန်းနေတဲ့
တချို့တွေနဲ့ ဝိုင်းဖွဲ့ရမှာကိုတော့ ရွံ့ပါတယ်။
ခု ကျွန်တော် တူညီဝတ်စုံ မဝတ်ချင်ဘူး။
ဂစ်တာ မတီးချင်ဘူး။ စစ်ပွဲတွေရပ်ဆိုတဲ့ ဗီနိုင်းတွေကိုင် လမ်းမလျှောက်ချင်ဘူး။ ကျွန်တော်
ထမင်းငတ်ချင် ငတ်မယ်။ လမ်းဘေးမှာ ကလေးအရုပ်လေးချပြီး ပါဖောမင့် မလုပ်ဘူး။ အလှူခံမဏ္ဍပ်မှာ
ရိုးရာဝတ်စုံဝတ်ပြီး လူမိုက်ဂိုက်နဲ့ ထိုင်နေသူတွေကို မုန်းတယ်။ လက်နက်ပြပြီး နှိပ်စက်သူတွေကိုလည်း
မုန်းတယ်။ လူ့အခွင့်အရေး သံကုန်ဟစ်ပြီး အိမ်ကမိဘ ထမင်းမကျွေးချင်တဲ့ သူတွေကိုလည်း မုန်းတယ်။
မဖြစ်မနေဝတ်ရတော့မယ်ဆိုရင် ကျွန်တော်ဝတ်စုံဟာ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ဝတ်စုံပဲ
ဖြစ်မှာပါ။
မလာပါနဲ့ ကျွန်တော့်အိမ်ကို။ ခင်ဗျားဟာ
နိုင်ငံရေးစကားပြောမယ်ဆိုရင်ပေါ့။ ဖေ့စ်ဘွတ်ခ်မှာ ဆရာ့ ဆရာကြီးတွေရဲ့ နိုင်ငံရေးပို့ချချက်တွေ
ဖတ်ပြီးသားမို့ပါ။ နောက်ပြီးခင်ဗျားပြောတဲ့ နိုင်ငံရေးထဲမှာ ခင်ဗျားကိုယ်ကျိုး ဘယ်လောက်ပါနေတယ်ဆိုတာ
စကားလုံးတိုင်းက သက်သေဖြစ်နေတော့လေ။ ယုံကြည်ရာကို လုပ်ပါ။ ယုံကြည်ချက် မရှိဘဲ ထင်ပေါ်ကျော်ကြားရုံသက်သက်လုပ်နေတာကို
သိနေခဲ့တော့ ခင်ဗျားလာတာ ကျွန်တော့်အချိန်ဖြုန်းရုံသက်သက်ပဲလို့ ခံစားမိတယ်။ တကယ်ယုံကြည်လို့
တကယ်လုပ်နေသူ တွေနဲ့ သိကြောင်း၊ တွဲရိုက်ထားတဲ့ ဓာတ်ပုံအထောက်အထားလေးနဲ့ ဂုဏ်မယူချင်စမ်းပါနဲ့။
လူတိုင်းဟာ အတွေးထဲမှာတော့ ဇာတ်လိုက်ပဲ
မဟုတ်လား။ ခင်ဗျား မင်းသားဖြစ်ချင်တာနဲ့ ကျွန်တော့်ကို ဇာတ်ပို့ မလုပ်ခိုင်းပါနဲ့။
ခင်ဗျား မင်းသားဖြစ်လာတဲ့တစ်နေ့ ဇာတ်ပို့လုပ်ချင်းလွန်းသူတွေ ခင်ဗျားအိမ်ရှေ့မှာ တန်းစီနေပါလိမ့်မယ်။
ကိုငြိမ်းချမ်းသာ ခင်ဗျားကတော့ အေးဆေးပဲနော်။
မနန်းယု ခင်ဗျားပေးတဲ့ အိတ်တစ်လုံးနဲ့ ကျွန်တော်တော့ ခုထိ အလုပ်တွေရှုပ်နေတုန်း။
ကျွန်တော့်မှာ ဖတ်စရာ စာတွေများတယ်။
အားလပ်ချိန်ဆိုတာလည်း ရှားတယ်။ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ စာတွေကိုလည်း လေ့လာချင်တယ်။
ချစ်တဲ့အက်ဆေးလေးတွေကိုလည်း ဖတ်ရဦးမယ်။ နောက်ပြီး သီးထလာတဲ့ ခံစားချက်တွေကိုလည်း စာစီချင်သေးရဲ့။
အကြောင်းကတော့ လူသိစေချင်လို့။ အတိအကျပြောရရင် ကျွန်တော်စီထားတဲ့ စာတိုလေးတွေကို လူသိစေချင်လို့။
တပါးသူမှီပြီး မထင်ပေါ်ချင်ဘူး။ မကျော်ကြားချင်ဘူး။
ကျွန်တော်ဟာ ပိုးစုန်းကြူးပါ။ ကိုယ်ပိုင်အလင်းနဲ့ ပဲ လင်းချင်ပါတယ်။ တပါးသူရဲ့ အစွမ်းအစ၊
အရည်အချင်းနဲ့တော့ ကိုယ်
မကျော်ကြားချင်ဘူး…။
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://htooaungwint.weebly.com
(၂၅.၁၁.၂၀၁၆ ည ၉း၂၃မိနစ်)
Comments
Post a Comment