ဘုရားသခင်ပေးတဲ့မြေ

ဘုရားသခင်ပေးတဲ့မြေ
စာရေးသူ=သရ၀ဏ်(ပြည်)

             တိုးရစ်တယောက်ကကျွန်တော့်ကိုပုံပြင်တပုဒ်ပြောဖူးသည် ။ ထိုပုံပြင်လေးမှာ ဤသို့ ဖြစ်သည်။ ကမ္ဘာကြီးကိုစတင်ဖန်ဆင်းပြီးနောက်အချိန်ကာလတခုသို့ ရောက်သောအခါတွင် ဘုရားသခင်ထံသို့  ကမ္ဘာ့နိုင်ငံအသီးသီးမှလူများရောက်လာကာ သက်ဆိုင်ရာလူမျိုးအလိုက် နိုင်ငံထူထောင်ရန်မြေနေရာ များ တောင်းခံခဲ့ကြသည်ဟုဆို၏ ။ ထို့ ကြောင့်ဘုရားသခင်သည် အင်္ဂလိပ်များကို ယခုအင်္ဂလန်ကျွန်းနေရာ ၊ အမေရိကန်များကိုအမေရိကန်ပြည်ထောင်စုနေရာ ၊ ရုရှားများကိုရုရှားနိုင်ငံနယ်နိမိတ် ၊တရုတ်များအား တရုတ်ပြည်၊ ဂျပန်တို့ အားဂျပန်ကျွန်း ၊ အာဖရိကန်များအား အာဖရိကတိုင်းပြည်များစသည်ဖြင့် အရင်လာသူအရင်ယူစနစ်ဖြင့် ကမ္ဘာပေါ်ရှိမြေနေရာများကိုဝေခြမ်းပေးခဲ့သည်ဟုဆို၏ ။
ထိုမြေယာဝေခြမ်းပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် သည် အတော်ကြီးအချိန်နောက်ကျ မှ မောကြီးပန်းကြီးရောက်လာသည်ဟုဆို၏ ။ သူရောက်လာချိန်တွင် မြေယာများမှာတကမ္ဘာလုံးဝေခြမ်း၍ပြီးသွားလေပြီ ။ သူ့ အတွက်နေရာ မကျန်ရှိတော့ပြီ ။ထိုအခါ နောက်ကျမှရောက်လာသောမြန်မာသည် သူ့ အတွက်နေရာ တနေရာပေးသနားပါ ရန်ဘုရားသခင်အားငိုယိုလျှောက်ထားရာ အလွန်သနားသွားသောဘုရားသခင်သည် မြန်မာအားဤသို့ပြောသည်ဆို၏ ။
“ ဒီကမ္ဘာပေါ်မှာ မင်းတို့ ကိုပေးဖို့ မြေလက်ကျန်မရှိတော့ဘူး ၊အားလုံးကိုပေးဝေပြီးသွားပြီ ။ဒါပေမယ့်မပူပါနဲ့  ငါဘုရားအတွက် သီးသန့် ချန်ထားတဲ့အကောင်းဆုံး မြေနေရာတခုကျန်နေသေးတယ် ။အဲဒါကတော့ ငါဘုရားအတွက်ချန်ထားတာ မို့ အကောင်းဆုံးထဲကအကောင်းဆုံးပေါ့ကွာ ။ အဲဒိမြေကွက်မှာ ပင်လယ်ကြီးလဲရှိတယ် ၊မြစ်ချောင်းအင်းအိုင်တွေလဲရှိတယ် ။ကျွန်းသစ်တောတွေလဲရှိတယ် ၊အမြဲစိမ်းသစ်တောတွေလဲရှိတယ် ၊ ကျောက်စိမ်း ၊နီလာ ၊ ပတ္တမြား စတဲ့ကျောက်မျက်တွေလဲရှိတယ် ရွှေ ငွေ ကြေးနီ ၊ပယင်းဒုတ္ထာတွေလဲရှိတယ် ၊ နှင်းဖုံးတောင်တန်းကြီးတွေလဲရှိတယ် ၊ ပင်လယ်ထဲကကျွန်းအလှတွေလဲရှိတယ် ။သဘာဝသဲသောင်ပြင်တွေလဲရှိတယ် ၊ ဘာပဲစိုက်စိုက် ပေါက်ရောက်ရှင်သန်နိုင်တဲ့ မြေဆီမြေသြဇာတွေလဲရှိတယ် ၊ နွေ မိုးဆောင်းဆိုတဲ့ ဥတုသုံးလီလဲရှိတယ် ၊ ကဲကဲ အဲဒိမြေကြီးကိုပဲ မင်းတို့ ယူသွားပေတော့ ၊ ဒါပေမယ့်တခုတော့ရှိတယ် ၊ အဲဒိမြေကြီးဟာ ဘုရားအတွက်ရည်ရွယ်ထားတဲ့မြေကြီးဖြစ်တာကြောင့် ကျိန်စာတခုတော့ရှိတယ် ၊ အဲဒိမြေကြီးမှာ ပညာရှိတဲ့သူတွေ ၊ အတ္တနည်းတဲ့သူတွေ ၊ ကိုယ်ကျိုးမကြည့်တဲ့သူတွေ ၊အမြင်ကျယ်တဲ့သူတွေပဲ နိုင်ငံကိုဦးဆောင်ရမယ် ။ ပညာမရှိသူ ၊ အတ္တကြီးသူ ၊ ကိုယ်ကျိုးကြည့်လွန်းသူ ၊အမြင်ကျဉ်းမြောင်းသူတွေ နိုင်ငံကိုဦးဆောင်ခဲ့ရင် အဲဒိမြေဟာ သယံဇာတကျိန်စာသင့်ပြီး ဘေးဒုက္ခအမျိုးမျိုးရောက်ပြီး လူတွေဟာဆင်းရဲဒုက္ခရောက်လိမ့်မယ် “ လို့  ပြောဆိုပြီး သူ့ အတွက်သီးသန့် ချန်ထားတဲ့မြေကိုဘုရားကပေးလိုက်ပါသတဲ့ ။ဒီလိုနဲ့ ဒီမြေဟာ မြန်မာနိုင်ငံရယ်လို့ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ် ။
ပုံပြင်လေးတပုဒ်ပေမယ့် စဉ်းစားစရာတွေလည်းပါလာပါတယ် ။ ဟုတ်ပါတယ် ကျွန်တော်တို့ နိုင်ငံဟာ ရောက်ဖူးသူတိုင်းက ကမ္ဘာပေါ်မှာအလှဆုံးတိုင်းပြည်တပြည်ရယ်လို့ ၀န်ခံကြပါတယ် ။ ဒါပေမယ့်အဲဒိလောက်သာယာလှပတဲ့နိုင်ငံကို လာရောက်လေ့လာတဲ့ ကမ္ဘာလှည့်တိုးရစ်တွေနဲ့ခြေချင်းလိမ်နေတာတော့မဟုတ်ပါဘူး ။မကောင်းခြောက်လ ကောင်းခြောက်လဆိုတဲ့ ခရီးသွားလုပ်ငန်းကစကားတခွန်းလို နိုင်ငံခြားသားအလာနည်းလို့ တမော့မော့မျှော်နေရတဲ့တိုင်းပြည်ပါ ။ တနှစ်ကိုလေးသန်းလာတယ် ၊ ငါးသန်းလာတယ်နဲ့ မစားရ၀ခမန်းပြောနေကြပေမယ့် နယ်စပ်စည်းမျဉ်းကိုဖြတ်ပြီး သေးဝင်ပေါက်တဲ့သူတွေ ၊ဈေးလာဝယ်တဲ့သူတွေ ၊ အိန္ဒိယဘက်က ကူလီလာထမ်းတဲ့သူတွေ ၊စီးပွားရေးကိစ္စနဲ့လာတဲ့သူတွေ ။အစည်းအဝေးလာတက်သူတွေ အစိုးရဧည့်သည်တော်တွေ မဲမဲမြင်သမျှ နိုင်ငံခြားသားတိုးရစ်ထဲစာရင်းထည့်ထားတဲ့အရေအတွက်ပါ ။ တကယ့်တိုးရစ်အစစ်တွေကတော့ ပုဂံကိုလာတဲ့ ခရီးသည်အရေအတွက် ၊ရွှေတိဂုံဘုရားကိုလာတဲ့  နိုင်ငံခြားသားအရေအတွက်ကိုကြည့်ရင်သိနိုင်ပါတယ် ။ အဲဒိလူတွေဟာ တနှစ်ကို တခါမှ သန်းဂဏန်းမရှိခဲ့ပါဘူး ။အိမ်နီးချင်းထိုင်းနိုင်ငံနဲ့အာဆီယံမလေးရှားနိုင်ငံတွေမှာတော့ တနှစ်ကို ၁၉ သန်းလာတဲ့နိုင်ငံနဲ့  ၊ ၂၃ သန်းလာတဲ့နိုင်ငံနဲ့ ခရီးသွားလုပ်ငန်းဟာအားရစရာကြီးပါ ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကကျွန်တော်ဟာ မြန်မာပြည်တောင်ပိုင်း မြိတ်မြို့ ကိုစာပေဟောပြောပွဲ တစ်ခုကိုဟောပြောဖို့ ရောက်ခဲ့ပါတယ် ။ ဟောရမယ့်သူတွေကတော့ ဦးဘုန်း(ဓာတု) ၊ဆရာမနှင်းပန်းအိမ် နဲ့ စာရေးသူ သရ၀ဏ်(ပြည်)တို့သုံးယောက်ဖြစ်ပါတယ် ။မြိတ်ဆိုတာနဲ့  ပျော်ရွှင်မိတယ် ။ အရမ်းလှတဲ့မြို့ လို့ ခရီးသွားလမ်းညွှန်စာအုပ်တွေထဲမှာရေးတာကြောင့်ရော ၊ စာရေးဆရာကြီး မောရစ်ကောလစ်နေသွားတဲ့မြို့ဖြစ်တာကြောင့်ရော၊နိုင်ငံခြားသားတိုးရစ်တွေပြောသံကိုကြားဖူးတာကြောင့်ရော ၊ အဏ္က၀ါခရီးသွားလုပ်ငန်းမှာထွန်းပေါက်လာနိုင်တဲ့ဒေသဖြစ်တယ်ဆိုတာ သိဖူးကြားဖူးထားတာကြောင့်ရောဖြစ်ပါတယ် ။ ကျွန်တော်တို့ နိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေငွေမရှာတတ်တာ ၊ စီးပွားရေးအမြင်မရှိတာ ကို ရန်ကုန်လေဆိပ်မှာကတည်းကသတိထားမိပါတယ် ။မနက်အစောကြီးလေဆိပ်ပြည်တွင်းထွက်ခွာစောင့်ဆိုင်းခန်းမမှာစောင့်နေကြတဲ့ ပြည်တွင်းပြည်ပကခရီးသည်တွေဟာ လူ ငါးရာ ခြောက်ရာလောက်ရှိမှာပါ ။ ဒီလူတွေဟာ လေယာဉ်စီးနိုင်တယ်ဆိုကတည်းက ပိုက်ဆံသုံးနိုင်တဲ့သူတွေဖြစ်မှာသေချာပါတယ် ။ သူတို့ ဟာ ဘာဝန်ဆောင်မှုမှမရှိတဲ့အခန်းထဲမှာ တစ်နာရီ တစ်နာ၇ီခွဲလောက်ငုတ်တုတ်ထိုင်စောင့်ကြရတာပါ ။ အပေါ်ထပ်ကိုတက်သွားရင် ကော်ဖီလက်ဘက်ရည်ရောင်းတဲ့ ဆိုင်နှစ်ဆိုင်ရှိတာကလွဲလို့တခြား ၀င်ငွေရရာရကြောင်းဘာမှ မလုပ်ကြတာတွေ့ ရပါတယ် ။တကယ်ဆိုရင် စာအုပ် ၊သတင်းစာ ၊ဂျာနယ်ရောင်းတဲ့ဆိုင် ၊ မြန်မာ့လက်မှုပစ္စည်းအမှတ်တရလက်ဆောင်အရောင်းဆိုင် ၊ Duty Free အရောင်းဆိုင် ၊ စတိုးဆိုင် ၊ အလှကုန်ပစ္စည်းအရောင်းဆိုင် ၊ပန်းချီကားအရောင်းဆိုင် ၊ ရန်ကုန်လက်ဆောင် ကိတ်မုန့်  ၊ ပေါင်မုန့်  ၊ဒိုးနတ်မုန့်  အရောင်းဆိုင်တွေ ထားပေးနိုင်ရင် ခရီးသည်တွေအိပ်ထဲကငွေတွေကို အသာကလေး ပညာပါပါယူထားနိုင်မှာပါ ။ထိုင်းနိုင်ငံကလေဆိပ်တွေမှာဆို စာအုပ်ဆိုင် ၊စတိုးဆိုင် ။စားသောက်ဆိုင်အမျိုးမျိုးအပြင် အနှိပ်ခန်းတွေ ၊ Day Room လို့ ခေါ်တဲ့ ခနတဖြုတ် နားနေလို့ရတဲ့ ၊ရေချိုးလို့ရတဲ့အခန်းလေးတွေ ကို စီစဉ်ထား၇ှိပေးပါတယ် ။ ကိုယ့်နိုင်ငံထဲကိုဝင်လာတဲ့ ပြည်တွင်းပြည်ပကဧည့်သယ်တွေဆီက ပိုက်ဆံကို တရားမျှတတဲ့နည်းပေါင်းစုံ နဲ့ရှာဖွေ တတ်ခြင်းက မြန်မာတွေအတုယူသင့်ပါတယ် ။ မြန်မာနိုင်ငံရဲ့အကြီးဆုံးဖြစ်တဲ့ရန်ကုန်လေဆိပ်ပြည်တွင်းထွက်ခွာဆောင်ကတော့ မနက်စောစော ခရီးသည် လေးငါးခြောက်ရာကိုခန်းမကြီးထဲမှာစုထည့်ထားပြီး လက်ဘက်ရည်ကော်ဖီရောင်းတာကလွဲလို့ ဘာစီးပွားရေးမှမလုပ်တတ်တာကြောင့် ခရီးသည်များဟာ ပိုက်ဆံရှိပါလျက်ငုတ်တုတ်ထိုင်နေရတဲ့အဖြစ်ပါပဲ ။ဒါ့ကြောင့် ညံ့ဖျင်းတဲ့ စီမံခန့် ခွဲမှုဆိုတာ အဲဒိနေရာတနေရာကိုကြည့်လိုက်ရုံနဲ့မြင်သာထင်ရှားရှိလှပါတယ်။
မြိတ်မြို့ကိုရောက်တဲ့အခါ စာပေဟောပြောပွဲနှစ်ပွဲ ဟောရပါတယ် ။နေ့ခင်းပွဲတပွဲ ညပွဲတပွဲပါ ။နေ့ ခင်းပွဲကတော့ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာကျောင်းသားကျောင်းသူတွေကိုဟောပြောရတာပါ ။ ကိုယ်ပိုင်ကျောင်းဆိုပေမယ့် ၇န်ကုန်ကကျောင်းတွေလိုကျဉ်းကျဉ်းကြပ်ကြပ်မဟုတ်ပဲ အင်မတန်ကျယ်ဝန်းတဲ့ ကျောင်းဝင်းကြီးထဲကခန်းမကြီးထဲမှာဟောရတာပါ ။ အင်မတန်အောင်မြင်တဲ့ဟောပြောပွဲဖြစ်ပါတယ် ။ ညဘက်ကျတော့ ရပ်ကွက်ထဲမှာဟောရပါတယ် ။ ဆရာမနှင်းပန်းအိမ် ၊ သရ၀ဏ် (ပြည်) ၊ဦးဘုန်း(ဓာတု) အစဉ်အလိုက်ဟောကြပါတယ် ။မြိတ်စာပေပရိတ်သတ်ဟာအင်မတန်အားပေးကြပါတယ် ။ မိုးကရွာမလိုလိုနဲ့ နောက်တော့ မရွာပါဘူး ။ စာပေမဟောခင် နဲ့ ဟောပြောအပြီးမှာ မြို့ ခံတွေဖြစ်တဲ့ ဦးအောင်သန်း ၊ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ထွေး ၊ ဒေါ်နွယ်နွယ်ယု ၊ ဒေါ်မို့ မို့ သူ ၊ စာရေးဆရာကိုမြတ်ရှိန် တို့ က Myeik Shopping Center ကမ်းနားလမ်းမှာညစာနဲ့တည်ခင်းဧည့်ခံပါတယ် ။ မြို့ခံစာရေးဆရာတွေဖြစ်တဲ့ ဆရာနရီ(မြိတ်) ၊ ကဗျာဆရာမဆောင်းရိပ်ခို ၊ဆရာရည်မွန်သင်းနဲ့ ဘုန်းဘုန်းတပါးလာရောက်နှုတ်ဆက်အားပေးပါတယ် ။ဟောပြောပြီးနောက်တနေ့မှာ ကျွန်တော်အကြိုက်ဆုံး အပိုင်းကဏ္ဍကိုရောက်လာပါတယ် ။အဲဒါကတော့ ပင်လယ်ထဲက မြိတ်ကျွန်းစုတွေကို လေ့လာရေးခရီးထွက်ကြတာပါပဲ ။ ကျွန်တော်က အဲဒိခရီးကိုသွားချင်လို့  နိုဝင်ဘာ(၁၁)ရက်နေ့ ရန်ကုန်မှာ Tour Guide လိုက်ရမယ့်ခရီးတခုကိုကြိုတင်ဖျက်သိမ်းပြီးအခြားဂိုဒ်တယောက်ကိုလွှဲပေးခဲ့ပါတယ် ။ဦးဘုန်း(ဓာတု)နဲ့ ဆရာမနှင်းပန်းအိမ်ကတော့ ချိန်းထားပြီးသားအလုပ်တွေရှိတာကြောင့် ပင်လယ်ခရီးကိုမလိုက်နိုင်ပဲ ရန်ကုန်ကိုလေယာဉ်နဲ့ပြန်သွားကြပါတယ် ။ မနက် ခုနစ်နာရီခွဲမှာမော်တော်ထွက်မှာမို့  မြိတ်ဆိပ်ကမ်းကိုမနက် ခုနစ်နာရီ ဆယ့်ငါးမိနစ်လောက်မှာဆင်းခဲ့ကြပါတယ် ။SAKURA ခရီးသွားကုမ္မဏီပိုင်ရှင် ၊ မြိတ်ခရီးသွားလုပ်ငန်းအသင်းရဲ့ ဥက္ကဖြစ်သူ ကိုဇော်မင်းဦး ကဒီခရီးကိုစီစဉ်ပေးတာပါ ။ ခရီးစဉ်မှာကျွန်တော်အဖော်ရအောင် ကန်စွန်းအင်းကိုယ်ပိုင်ကျောင်းရဲ့ ပူးတွဲတည်ထောင်သူ ဦးအောင်သန်းနဲ့ စာရေးဆရာ မြတ်ရှိန်တို့ လိုက်ပါလာကြပါတယ် ။နိုင်ငံခြားသား (၆)ယောက်နဲ့  မြန်မာခရီးသည် (၅)ယောက်လည်းလိုက်ပါလာသေးတာကြောင့် စုစုပေါင်းခရီးသည် (၁၄)ယောက်ဖြစ်ပါတယ် ။ ကျွန်တော်တို့ စီးရတဲ့မော်တော်ကတော့ လူ ၂၄ ယောက်လောက်အထိ သယ်ဆောင်နိုင်တဲ့ ထိုင်နိုင်ငံလုပ် Mergui Angel 1 လို့အမည်ပေးထားတဲ့ စပိဘုတ်တစီးပဲဖြစ်ပါတယ် ။ စပိဘုတ်ဟာ မြင်းကောင်ရေ ၂၅၀ အား၇ှိတဲ့အင်ဂျင်အသစ်နှစ်လုံးတပ်ထားတဲ့ခေတ်မီစက်လှေတစီးဖြစ်ပါတယ် ။ စက်လှေပေါ်မှာအပေါ်ထပ်အောက်ထပ်နှစ်ထပ်ရှိပြီး အောက်ထပ်မှာ အိမ်သာပါတဲ့အတွက်ခရီးသည်များအတွက် အပေါ့အလေးသွားဖို့အဆင်ပြေလှပါတယ် ။စက်မောင်းသူနှစ်ယောက် နဲ့ဝန်ထမ်းလူငယ်နှစ်ဦးလဲလိုက်ပါလာပါတယ်။ စက်လှေဟာ ရေပြင်ပေါ်မှာတရိပ်ရိပ်ပြေးလွှားနေပါတော့တယ် ။မမြန်လွန်းမနှေးလွန်းတဲ့ အမြန်နှုန်းနဲ့ကျွန်တော်တို့ဟာပင်လယ်ဘက်ကိုထွက်ခွာလာကြပါတယ် ။ ကမ်းခြေတလျှောက်မှာ ဒီရေတော(Mangrove Swamp)တွေလဲအများကြီးတွေ့ပါတယ် ။ မီးသွေးဖုတ်တဲ့လူတွေလက်ချက်နဲ့ ဒီရေတောတွေနည်းပါးလာနေတယ် ဆိုတာကြားရတော့စိတ်မကောင်းပါဘူး ။ ပုဂံမှာကြည့်လေရာရာ ဘုရားစေတီ ပုထိုးတွေလက်ညှိုးထိုးမလွဲအောင်တွေ့ မြင်ရသလို မြိတ်ဆိပ်ကမ်းကနေပင်လယ်ဘက်ကိုထွက်လာတာနဲ့  အရွယ်အစားအမျိုးမျိုးသောကျွန်းကြီးကျွန်းငယ်တွေဟာလက်ညှိုးထိုးလို့မလွဲအောင်တွေ့ မြင်နေရပါတော့တယ် ။မြိတ်ကျွန်းစုဟာကျွန်းပေါင်း (၈၀၀) ကျော်နဲ့ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။ အင်မတန်လှပတဲ့မြင်ကွင်းပါပဲ ။ ရေဟာအချို့ နေရာမှာစိမ်းနေ ၊အချို့နေရာမှာ ပြာနေပါတယ် ။ ငါးဖမ်းစက်လှေတချို့ကိုတွေ့ ပါတယ် ။ ကမ်းဝေးငါးဖမ်းစက်လှေလိုင်စင်ခံထားပြီး ကမ်းနီးမှာဖမ်းနေကြလို့နိုင်ငံတော်ကနစ်နာနေကြောင်း ဒေသခံတွေကပြောပါတယ် ။ခိုးဖမ်းတယ်ဆိုတဲ့ ငါးဖမ်းသဘောင်္ဟာ အတော်ကြီးပါတယ် ။ ခိုးဖမ်းတယ်ဆိုပေမယ့် နေ့ခင်ေးကြာင်တောင်ကြီးအဝေးကြီးကသာမန်မျက်စေ့နဲ့ကြည့်ရင်တောင်မြင်နေရတာကြောင့် တရားဝင်ခိုးဖမ်းတာဖြစ်နိုင်ကြောင်း သဘောပေါက်မိပါတယ် ။ မြန်မာပြည်မှာကတော့ရေလောင်းရင်နေကောင်းသွာတာထုံးစံတခုလိုပါပဲ ။
မြိတ်ကထွက်လာပြီး တနာရီလောက်ကြာတော့ ရေတံခွန်ဖြူဖြူတန်းကြီးပင်လယ်ထဲကိုတဖွားဖွားကျနေတဲ့ လှပတဲ့ကျွန်းတကျွန်းကိုတွေ့ လိုက်ရပါတယ် ။
“ဆရာသရ၀ဏ် ဒုံး မဝေးတော့ဘူး ဗျ “လို့ ကိုမြတ်ရှိန်ကပြောပါတယ် ။
ဘာ့ကြောင့်လဲဆိုတော့ကျွန်းနာမည်က ဒုံးကျွန်းပါတဲ့ ။ဒုံးကျွန်းဟာပင်လယ်ထဲမှာ ရှားရှားပါးပါးရေချိုတွေဟာ ပင်လယ်ရေငန်တွေထဲကိုအဆက်မပြတ်စီးကျနေပါတယ် ။ ရေတွေဟာနှမျောစရာတောင်ကောင်းပါတယ် ။ အရာရာဟာကမ္ဘာဦးခေတ်ကလို သဘာဝအတိုင်းဖြစ်တည်နေတာပါ ။အချို့ ရေချိုလိုချင်တဲ့တံငါသည်တွေ ကျွန်းသားတွေအချို့ ကတော့ အဲဒိဒုံးကျွန်းရေတံခွန်ကိုလှေကလေးတွေနဲ့ရေလာခပ်တာလည်းတွေ့ ရပါတယ် ။အဲဒိကျွန်းဟာသာယာလွန်းပြီးလူမရှိပါဘူး ။ နာရီဝက်လောက်ခနရပ်နားတဲ့အတွင်းမှာ ခရီးသည်အားလုံးနီးပါးဟာရေတံခွန်အောက်ကသဘာဝရေကန်လိုဖြစ်နေတဲ့နေရာမှာရေကူးရေချိုးကြပါတယ် ။ကျွန်တော်လည်းသဘာဝရဲ့ဖြားယောင်းမှုဒဏ်ကို မခံနိုင်တော့လို့  ၀င်ပြီးရေချိုးမိပါတယ် ။ ရေဟာကြည်လင်ပြီး အောက်ခြေကျောက်သားကိုတောင်မြင်နေရပါတယ် ။ အဲဒိကျွန်းကနေထွက်လာတော့ ရှုခင်းတွေဟာပိုပြီးလှလာပါတယ် ။ ကျွန်တော်ကြည့်ဖူးတဲ့ ဓာတ်ပုံတွေ ၊ ရုပ်ရှင်တွေထဲက ထိုင်းနိုင်ငံရဲ့ဖူးခက်ကျွန်းတို့  ၊ ဖီဖီကျွန်းတို့  ၊ ဗီယက်နမ်နိုင်ငံက ကမ္ဘာကျော်ဟောင်လုံဘေး (Ha Long Bay) တို့ကမြင်ကွင်းမျိုးကိုတွေ့ ရတာပါ ။ဒါဟာမြန်မာပြည်မှဟုတ်ရဲ့လား ၊နိုင်ငံခြားကိုရောက်နေသလားဆိုတဲ့ ခံစားချက်မျိုးကိုတောင်ဖြစ်ပေါ်စေပါတယ်။ သစ်ပင်တွေနဲ့ ညှိ့မှိုင်းနေတဲ့ ကျွန်းစိမ်းကြီးတွေ ၊ စိမ်းလဲ့နေတဲ့ရေပြင် ၊ ဟိုတစသည်တစရေပေါ်မှာပေါ်နေတဲ့ မျှော်စင်လိုကျွန်းတွေ ၊ ပြေပြေလျှောလျှောတောင်တန်းလေးတွေလိုဖြစ်နေတဲ့ကျွန်းတွေ ၊ လူသူမနေထိုင်တဲ့ သဘာဝအရိုင်းသက်သက်ပဲရှိနေသေးတဲ့ကျွန်းတွေ ။ အေးမြလတ်ဆပ်တဲ့ပင်လယ်ရေတွေ ။ မြို့ပြရဲ့ဆူညံမှုတွေမရှိတဲ့ ငှက်အော်သံသဲ့သဲ့နဲ့ငြိမ်းချမ်းလှတဲ့ပါတ်ဝန်းကျင် ။ ဘယ်လောက်ဝေးဝေးကိုပဲကြည့်ကြည့်အစအဆုံးမထင်နိုင်တဲ့ ပင်လယ်မြင်ကွင်းတွေဟာ မွန်းကြပ်လှတဲ့မြို့ပြမှာနေထိုင်ခဲ့ရသူတွေအတွက်တော့ နတ်ပြည်ကိုရောက်သွားသလိုပါပဲ ။ နိုင်ငံခြားသားတွေလည်းအင်မတန်သဘောကျနေတာကိုတွေ့ ရပါတယ် ။
မကြာခင်မှာ နတ်သမီးရေတွင်းကျွန်းဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ကျွန်းတကျွန်းကိုရောက်ပါတယ် ။ မြိတ်မြို့ရဲ့အနောက်တောင်ဘက် ရေမိုင် (၅၀)ခန့်မှာတည်ရှိတဲ့ကျွန်းပါ ။ထုံးစံအတိုင်း လူမနေတဲ့ကျွန်းတကျွန်းဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒိကျွန်းကိုသဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက်သုံးဖို့  SAKURA Travels and Tours က ကိုဇော်မင်းဦးကကြိုးစားနေပါတယ် ။ သဘာဝခရီးသွားလုပ်ငန်းသာတွင်ကျယ်လာမယ်ဆိုရင် ဒီနတ်သမီးရေတွင်းကျွန်းဟာ နိုင်ငံခြားသားတွေကိုအတော်ဆွဲဆောင်နိုင်မှာသေခြာပါတယ် ။ ကျွန်းဟာ ချောင်းသာ ငွေဆောင်လောက် ကမ်းခြေမရှည်ပေမယ့် ဖြူလွလွသဲသောင်ခြေဟာ အတော်ကြီးကိုရှည်လျားပါတယ်။ရေဟာလည်းကြည်လင်နေလိုက်တာ အောက်ကသွားနေတဲ့ငါးအုပ်ကိုတောင်မြင်ရပါတယ် ။ သန္တာကျောက်တန်းတွေလဲရှိပါတယ်။ သဲဟာမြင်ဖူးသမျှ သဲထဲမှာအနူးညံ့ဆုံးသဲပါပဲ ။ခြေထောက်နဲ့နင်းလိုက်တိုင်း သဲအောက်ကအသံမြည်နေပါတယ် ။ နုလိုက်တာမှဆန်ကာချထားတာထက်တောင်နူးညံ့တဲ့သဲတွေပါပဲ ။ လူမနေတဲ့ကျွန်းဆိုတော့တိတ်ဆိတ်လိုက်တာမှ ကမ္ဘာဦးခေတ်ကိုပြန်ရောက်သွားသလားထင်ရပါတယ် ။ အဆင်သင့်ယူဆောင်လာတဲ့ စားစရာတွေကို အသင့်ဆောက်လုပ်ထားတဲ့ သစ်သားစားပွဲတွေပေါ်မှာစားသောက်ကြပါတယ် ။ ခရီးသွားကုမ္မဏီကခရီးသည်အားလုံးအတွက် အစားအသောက်ပါ စီစဉ်ထားပေးတာပါ ။လမ်းမှာ ရေ ၊ကိုကာကိုလာများလဲအလျှံပါယ်တိုက်ပါတယ် ။ ကော်ဖီမစ်တွေလဲပါလာပါတယ် ။ဖရဲသီး ငှက်ပျောသီးများလဲကျွေးပါတယ် ။ထမင်းကတော့ ကြက်သားနဲ့ ဗူးသီးဟင်း ၊ ရေခူသုတ် ၊အစိမ်းကျော် များဖြစ်ပါတယ် ။ ပင်လယ်လေတဖြူးဖြူးနဲ့ စားလို့မြိန်လွန်းပါတယ် ။
ဒီလောက်သာယာလှပလွန်းတဲ့နေရာတွေမှာ တိုးရစ်တွေ ကိုမမြင်တာနဲ့ မေးကြည့်မိပါတယ် ။ ဒေသခံတွေဟာ ဒီဒေသမှာ ခရီးသွားလုပ်ငန်းထွန်းကားစေချင်ပါတယ် ။ ရေလုပ်ငန်း တံငါလုပ်ငန်း ပဲရှိတဲ့နေရာ ၊ ထိုင်းနိုင်ငံကိုပဲ လူငယ်တွေအရွယ်ကောင်းတွေ အလုပ်သွားလုပ်ရတဲ့နေရာကနေ ကိုယ့်ဒေသမှာကိုယ်ပိုင်ပိုင်နိုင်နိုင် ငါးလေလံဈေးတွေ ၊ခရီးသွားလုပ်ငန်းတွေထွန်းကားစေချင်ကြပါတယ် ။ ငါးလေလံဈေးကလဲလုပ်ဖူးပေမယ့် စီမံခန့်ခွဲမှု ဘက်စုံထောင့်စုံကမစဉ်းစားပေနိုင်ခဲ့တာမို့ မအောင်မြင်ပါ ။ မြန်မာ့ပင်လယ်ပြင်က ဖမ်းမိတဲ့ငါး ၉၉ ရာခိုင်နှုန်းကိုထိုင်းနိုင်ငံ ရနောင်းကို ရေလမ်းကနေသွားရောင်ေးနရဆဲပါ ။ မြန်မာတွေအနှိမ်ခံနေရဆဲပါ ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကလည်းထိုနည်းလည်းကောင်းပါပဲ ။နှစ်ပေါင်းများစွာအရိုးစွဲလာခဲ့တဲ့ကြိုးနီစနစ်တွေ ၊ စီမံခန့် ခွဲမှုအမှားတွေ ။ခေတ်နောက်ကျနေတဲ့အယူအဆတွေ ၊ မ.ဆ.လ ခေတ်ကအခြေတည်ခဲ့တဲ့ နိုင်ငံခြားသာကြောက်တဲ့ (Xenophobia ) ရောဂါတွေ ၊ အရာရာကိုကာကွယ်ရေးအမြင် ၊စစ်ရေးအမြင်ရှုထောင့်ကနေကြည့်လွန်းတာတွေကြောင့် ဘယ်လိုမှ အလုပ်လုပ်လို့မရအောင်ဖြစ်နေကြောင်းသိရပါတယ် ။ ဥပမာအားဖြင့် မြိတ်ကိုရောက်လာတဲ့ နိုင်ငံခြားသားတွေ ၊ထိုင်းနိုင်ငံကနေ ရေကြောင်းက၀င်လာမယ့်နိုင်ငံခြားသားတွေဟာ မြိတ်ကျွန်းစုရဲ့ လှပတဲ့ကျွန်းတွေကို သွားရောက်လည်ပါတ်ရာမှာ ခက်ခက်ခဲခဲသွားပြီးမှ နေ့ ခြင်းပြန် ခရီးတိုအဖြစ်မသွားချင်ပါဘူး ။ ညအိပ်ရပ်နားချင်ပါတယ် ။ ခရီးသွားကုမ္မဏီတွေကလဲကျွန်းပေါ်မှာညအိပ်လို့ရအောင် ရွက်ဖျင်တဲတွေဘာတွေနဲ့စီစဉ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် ဟိုတယ်နဲ့ခရီးသွားလာရေး အမိန့်ညွှန်ကြားချက်တွေအရ ညအိပ်ခရီးစဉ်များကို နေပြည်တော် ကက (ကြည်း)ကိုကြိုတင်လျှောက်ထားရပါတယ် ။ လျှောက်ထားတာကနေ အမိန့်ပြန်ကျလာတဲ့ကာလအထိအချိန် (၁၅)ရက်လောက်ကြာတယ်လို့သိရပါတယ် ။ ခရီးသွားလုပ်ငန်းရဲ့သဘောသဘာဝအရ ခရီးတခုကိုသွားတယ်ဆိုတာ ခရီးသွားကုမ္မဏီကို တလ နှစ်လကြိုပြောတာမျိုးရှိသလို ဒီနေ့ မြိတ်ကိုရောက်လာပြီးမှ စိတ်ကူးပေါက်ပြီးမနက်ဖြန်သွားချင်တာမျိုးလည်းရှိပါတယ်။ ၁၅ ရက်ကြိုလျှောက်စနစ်ဟာ နိုင်ငံတကာအမြင်နဲ့ကြည့်ရင်ခရီးသွားလုပ်ငန်းမှာဘယ်လိုမှအဆင်မပြေပါဘူး ။ဘယ်ခရီးသည်မှ နေပြည်တော်ကပါမစ်ရဖို့ မြိတ်မှာ ဆယ့်ငါးရက်ထိုင်စောင့်မှာမဟုတ်ပါ ။ထိုင်းဘက်ကိုကူးသွားတာနဲ့ကြိုက်တဲ့ခရီးကိုကြိုက်သလိုထွက်နိုင်ဖို့ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ကစီစဉ်ပေးနေချိန်မှာဘယ်လောက်ပဲလှပတယ်ဆိုဆို ကြိုးနီစနစ်ကိုတော့ ကမ္ဘာလှည့်ခရီးသည်တွေသည်းခံနိုင်မယ်မဟုတ်ပါ ။ မြိတ်ကျွန်းစုတွေဟာမလုံမခြုံတဲ့အခြေအနေရှိသလား ၊စစ်ရေးအရ သူပုန်အဖွဲ့  ၊ဓားပြအဖွဲ့တွေရှိသလားလို့မေးတော့ သူတို့ဒေသဟာ ဘာမှအန္တရယ်မရှိပဲ အေးချမ်းတဲ့ဒေသပါလို့ ဒေသခံတွေကပြောကြပါတယ် ။ စီမံခန့်ခွဲမှုဟာ ဘယ်လုပ်ငန်းမှာမဆို လုက်ငန်းအောင်မြင်ဖို့ အဓိကကျတဲ့အချက်ပါပဲ ။ မလေးရှားနိုင်ငံရဲ့ခေါင်းဆောင်မဟာသီယာမိုဟာမက်ဟာ မြိတ်မြို့ကိုရောက်လာစဉ်က ဒီဒေသဟာ ဒုတိယဖူးခက်လို ကမ္ဘာမှာအောင်မြင်လာနိုင်တယ်လို့ပြောသွားဖူးပါတယ် ။ စီမံခန့်ခွဲမှုကောင်းဖို့တော့လိုတာပေါ့ ။
အခုတော့ဒီမြိတ်ကျွန်းစုဒေသဟာကျွန်တော့်အမြင်မှာ မယ်စကြာဝဋ္ဌာလောက်လှတဲ့ ကောင်မလေးဟာ ပိုးမယ့်ပန်းမယ့်သူမရှိပဲချောင်ထဲမှာ ပစ်ပယ်ခံထားရသလိုပါပဲ ။ ကိုယ့်လောက်မှမလှတဲ့ဖူးခက်တို့ ၊ ပတ္တယားတို့ ၊ဖီဖီ ကျွန်းတို့ က ပိုးသူပန်းသူ တွေတိုးဝှေ့ လို့ မြင်ရတာရင်နာစရာပါ ။ မျိုးချစ်စိတ်တခုထဲနဲ့နိုင်ငံကိုတိုးတက်အောင်မလုပ်နိုင်တာတော့သေချာပါတယ် ။ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းဇာတ်ကားတကားဖြစ်တဲ့ Thunderbolt ကို မြိတ်ကျွန်းစုမှာအခြေတည်ပြီးစာရေးဆရာအီယံဖလင်းမင်းကရေးခဲ့လို့ ရုပ်ရှင်လာရိုက်ချင်ပေမယ့် ဦးနေ၀င်းက ခွင့်မပြုခဲ့လို့ ထိုင်းနိုင်ငံကမ်းခြေတွေမှာရိုက်ခဲ့ရတယ်လို့ကြားဖူးပါတယ် ။
ကျွန်းပေါ်ကပြန်လာတော့ လမ်းမှာ ဒုံးညောင်မှိုင်းရွာ ဆိုတဲ့ ကျွန်းပေါ်ကရွာလေးတရွာကိုဝင်လည်ကြပါတယ် ။ကျွန်းပေါ်မှာ ဗမာ ၊ကရင်နဲ့  မော်ကင်းလို့ခေါ်တဲ့ ဆလုံလူမျိုးတွေနေပါတယ် ။ ကျွန်းပေါ်မှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဆလုံကတော့ အိမ် ၃၀ လောက်ပဲရှိပါတယ် ။ ဆလုံရွာထဲကိုသွားလည်တော့ ရွာထဲမှာ အမျိုးသမီးတွေနဲ့ကလေးတွေပဲ ရှိပါတယ် ။အရွယ်ကောင်းယောက်ကျားလေးတွေကတော့ လှေကိုယ်စီနဲ့ပင်လယ်ထဲကိုထွက်နေတယ်ပြောပါတယ် ။ ဆလုံတွေထဲမှာတချို့ကမြန်မာလိုနည်းနည်းပါးပါးပြောတတ်ပါတယ် ။ မေးကြည့်တော့ မိန်းကလေးတွေက ပငို့ လို့ ခေါ်တဲ့ခရုတမျိုးကို ပင်လယ်မှာလိုက်ရှာပြီး အချဉ်လုပ်ပြီးရောင်းပါတယ် ။ယောက်ျားလေးတွေကတော့ ပုလဲငုတ် ၊ငါးဖမ်းကြတယ် ။တခါထွက်သွားရင်အရက်နှစ်ဆယ်လောက်ကြာမှ ရွာကိုပြန်လာကြတယ်လို့ဆိုတယ် ။ခပ်ငယ်ငယ်ဆလုံအမျိုးသမီးတယောက်ဟာ ထဘီရင်လျားနဲ့ထိုင်နေပါတယ် ။အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ မသိဘူးလို့ပြောပါတယ် ။ဘယ်တုန်းကအိမ်ထောင်ကျလဲဆိုတော့လည်း နှစ်တွေလတွေဟာသူတို့အတွက်ဘာမှအသုံးဝင်ဟန်မတူပါဘူး၊ မသိဘူးလို့ပဲပြောတယ်။သူပြောနိုင်တာက သူ့ မှာယောက်ကျားရှိတယ် ။ခလေးနှစ်ယောက်ရှိတယ် ။အကြီးကောင်လေးသေသွားပြီ ။အငယ်ကောင်ကလက်ရှိပုခက်ထဲမှာအိပ်နေတယ် ။ ဒါဆိုလုံလောက်ပါပြီ ။ သူတို့သဘာဝတွေဟာ မြန်မာနိုင်ငံသားချင်းသော်မှ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ နိုင်ငံခြားသားတွေကတော့အရမ်းစိတ်ဝင်စားမှာသေချာပါတယ် ။ တနေ့နေ့တချိန်ချိန် ဒီဒေသမှာ မြန်မာ့ခရီးသွားလုပ်ငန်း အထွတ်အထိပ်ကိုရောက်လာပါလိမ့်မယ် ။အခုအချိန်မှာတော့ ထိုင်းနိုင်ငံနဲ့ယှဉ်ဖို့မပြောနဲ့ သူ့လောက် ဆယ်ပုံပုံတပုံလောက်တောင်မလှတဲ့ ငွေဆောင် ၊ချောင်းသာ ၊ငပလီ ကိုတောင်မယှဉ်နိုင်ပဲ နောက်ကျကျန်နေရတာရင်နာစရာပါ ။
ညနေစောင်းတော့ကျွန်တော်တို့ ပြန်လာခဲ့တယ် ။ နတ်သမီးရေတွင်းကျွန်းနဲ့ကပ်လျက်ကျွန်းကြီးတကျွန်းနားက စက်လှေဖြတ်မောင်းလာတော့ ဒေသခံတယောက်က အလွန်ကြီးမားတဲ့ ကျွန်းကြီးတကျွန်းကိုလက်ညှိုးထိုးပြပြီး
“ဒီကျွန်းကတော့ မကြာသေးခင်ကမှ MIC က ဒေါက်တာစိုင်းမောက်ခမ်းရဲ့သမီးနဲ့ မြိတ်မြို့ကလုပ်ငန်းရှင်တဦးကိုဖက်စပ်လုပ်ဆောင်ခွင့်ပြုလိုက်တဲ့ ပုလဲမွေးတဲ့ကျွန်းပဲ ၊ဧကနှစ်သောင်းကျော်တယ်“ လို့ပြောပါတယ် ။ အိပ်ငိုက်နေတဲ့ကျွန်တော်ဟာ မျက်စေ့တွေကျယ်သွားပါတယ် ။ လူမနေတဲ့ကျွန်းတွေတောင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလုပ်ပိုင်ခွင့်တွေ ခွဲဝေပေးနေပါပကောလို့ အံ့သြရပါတယ် ။ဦးသိန်းစိန်အစိုးရဟောင်းမဆင်းခင်လုပ်ပိုင်ခွင့်ကို ချပေးသွားတာလို့ဒေသခံတွေကပြောကြပါတယ် ။ ပုလဲမွေးလို့မအောင်မြင်ရင်တော့ ကျွန်းပေါ်မှာဟိုတယ်တွေဆောက်မယ်လို့ကြားကြောင်းဒေသခံကပြောပါတယ် ။စီးပွားရေး လက်တံရှည်သူတွေမို့ ကျွန်းပေါ်မှာသူတို့ ဟိုတယ်တွေဆောက်ရင်တော့ နိုင်ငံခြားသားတွေလာအောင် ကြံဖန်လုပ်နိုင်စွမ်းရှိမှာပဲလို့  ကျွန်တော်တွေးနေမိတယ် ။ အင်းမပြောစကောင်း မဆိုကောင်းမြိတ်မြို့မှာ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ပင်လယ်ထဲကကျွန်းတွေမှာပုလဲမွေးတဲ့လုပ်ငန်းတွေမအောင်မြင်ပါစေနဲ့လို့ ဆုတောင်းရမလိုဖြစ်နေတာပါ။ တိုးရစ်ကြီးပြောတဲ့ပုံပြင်ထဲက ဘုရားသခင်ပေးတဲ့မြေဆိုတဲ့စကားကိုပဲကြားယောင်မိပါတယ် ။

သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၁၈.၁၁.၂၀၁၆

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်