ကိုကို့ဟာ မဟုတ်ဘူး

ကိုကို့ဟာ မဟုတ်ဘူး

လူပျိုကြီး ကိုဇေယျာတစ်ယောက် မွေ့ယာပေါ်လှဲလိုက်ရင်း ကျေနပ်သွားသည်။ သူ ပိုက်ဆံ အပိုမကုန်တော့ဘူး မဟုတ်လား။ ခုနက ဒီတစ်ယောက်ခန်း ရှင်းမပြီးသေး၍ သူနှစ်ယောက်ခန်း ယူလိုက်ရသည်။ ကံကောင်းသည်မှာ သူဝင်ပြီး ဆယ့်ငါးမိနစ်ရှိသေး ဒီဘက်မျက်နှာချင်းဆိုင် တစ်ယောက်ခန်း ရှင်းပြီးသွားပြီဖြစ်၍ အခန်းပြောင်းလိုက ပြောင်းပေးမည်ဖြစ်ကြောင်း ဧည့်ကြိုမှ ဖုန်းဆက်လာသည်။ ပိုက်ဆံအပိုမကုန်လိုသည့်သူက ဝမ်းသာအားရပင် ပြောင်းလိုက်သည်။

သူတွေးနေရင်း တစ်ခုခု ကျန်ခဲ့သည်ကို သတိရလိုက်သည်။ အိပ်ယာဘေး စားပွဲလေးပေါ်တွင် သူ့ဖုန်းအားသွင်းလျှက် ကျန်နေခဲ့သည်။ သူ အိပ်ယာပေါ်မှ ရုတ်တရက်ထကာ တံခါးဖွင့်လိုက်သည်။ တစ်ဖက်ခန်းသို့ လူငယ်စုံတွဲလေးဝင်သွားကာ တံခါးပိတ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူဘာလုပ်ရမည်နည်း။ တံခါးခေါက်၍ ဖုန်းကျန်ခဲ့ကြောင်း ပြောရမည်လား၊ ဧည့်ကြိုကို ဖုန်းဆက်၍ ပြောရမည်လား။ သူဝေခွဲ၍ မရသေးခင် ထိုအခန်းမှ အသံတိုးတိုး ထွက်လာသည်ကို ကြားလိုက်ရသည်။ သို့နှင့် တံခါးနားတွင်ကပ်၍ နားထောင်လိုက်သည်။

“ ဟောသည် ပါးမို့မို့လေးက ဘယ်သူ့ဟာလဲ ”

“ ကိုကို့ဟာ၊ ကိုကို့ဟာ”

ကောင်မလေး၏ အသံက ကြည်ကြည်ပြတ်ပြတ်။ အခန်းထဲမှ ငနဲသားက ဆက်မေးနေသည်။

“ ဒီမေးလုံးကလေးက ဘယ်သူ့ဟာလဲ ”

“ ကိုကို့ဟာ… ကိုကို့ဟာ ”

မဆိုင်းမတွဖြေနေသည့် ကောင်မလေး အသံကို ကြားနေရသည်။ လူပျိုကြီး ကိုဇေယျာ ရင်ခုန်နေပြီ။

“ ဟောဒီ လက်မောင်းလေးက … ”

“ ကိုကို့ဟာ … ကိုကို့ဟာ ”

လူပျိုကြီး တံတွေးမျိုချလိုက်သည်။

“ ဟောဒီဟာလေးက … ”

“ ဟောဒါလေးက … ”

ထို့နောက် ထို့နောက်မှာတော့ ငနဲသားက ထိရသမျှသာမက မြင်ရသမျှပစ္စည်းများပါ မေးနေရာ လူပျိုကြီး တစ်ယောက် တုန်လှုပ်နေတော့သည်။ စားပွဲပေါ်တင်ထားသည့် ပစ္စည်းများဆီရောက်သွားသည့်အခါမှာတော့ သူ ဆက်နားထောင် မနေနိုင်တော့။ ကမန်းကတမ်းပင် ထကန့်ကွက်လိုက်တော့သည်။

“ ဟေ့… ဟေ့၊ စားပွဲပေါ်က အားသွင်းထားတဲ့ ဖုန်းက ငါ့ဟာနော် ငါ့ဟာ၊ ကိုကို့ဟာ မဟုတ်ဘူး ”

(PS:အခန်းပြောင်းလျှင် ကိုယ့်ပစ္စည်းကျန် မကျန် သေချာစစ်ပါ။)

ထူးအောင်ဝင့်

(၁၇.၁၂.၂၀၂၁ နံနက် ၁၁ နာရီ ၁၂ မိနစ်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်