နိဒါန်း(၁)

နိဒါန်း(၁)

          ကျွန်တော်၏ အတွေ့အကြုံကို အမှတ်တရအနေဖြင့် စာတစ်စောင်ပေတစ်ဖွဲ့အဖြစ် ရေးသား တင်ပြရန် မကြာခဏ စဉ်းစားမိပါသည်။ စစ်သားစာရေးဆရာများကို ရေးပါလားဗျဟု တိုက်တွန်းခဲ့ဖူး သော်လည်း ဘယ်သူမျှ မရေးဖြစ်ခဲ့ကြပါ။ အချိန်တွေသာကုန်ခဲ့ပြီး စာအဖြစ် မရောက်ခဲ့ပါ။ ယခုလို ကျွန်တော့်အနေဖြင့် နေ့ညမရွေး သံသရာခရီးရှည် တိုက်ပွဲကြီးချီတက်ရန် အနားယူနေရသောအခါတွင် ထိုစိတ်ကူးကို အကောင်အထည်ဖော်ရန် စဉ်းစားမိပါသည်။

          ယနေ့ ကျွန်တော့်အခြေအနေသည် ကင်ဆာဟူသောရောဂါကို ထိပ်တိုက် ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ အခြေအနေတွေသည် ဘယ်သို့ပြောင်းသွားနိုင်သည်ကို ကျွန်တော်လည်း မသိ၊ ဘယ်သူမျှ မသိပါ။ သို့သော်သေချာနေသည်က သေမင်းသို့ ခြေတစ်ဖက်လှမ်းနေခြင်းပင် ဖြစ်ပါသည်။ ကျွန်တော့် ဘေးတွင် ရှိနေသောသူတွေက ကျွန်တော့်အတွက် စိုးရိမ်နေကြသလို သူတို့ စိုရိမ်နေသလို အခြေအနေမျိုး ရှိနေခြင်းကိုလည်း ကျွန်တော်ကိုယ်တိုင် သိပါလျက် တစ်ယောက်နှင့်တစ်ယောက် အပူမပေး၊ မသိချင် ဟန်ဆောင်၍ နေကြရသည်မှာ ပင်ပန်းလှပါသည်။ သို့သော် မည်ကဲ့သို့ဖြစ်လာမည်ကို သိနေကြသော်လည်း ကြိုမတွေးဘဲ ခေတ္တခဏ အမှတ်တမဲ့နေကြရသည်မှာလည်း ရင်ထဲတွင် တစ်ခုခု ခုနေသလိုမျိုး ခံစားရ သည်။

          လနှင့်ချီ၍ အိပ်ယာပေါ်တွင် နေနေရစဉ် အတိတ်က ကျွန်တော့်ဘဝ ဇာတ်ကြောင်းတွေကို အချိန်အားရတိုင်း စဉ်းစားမိသည်။ ကျွန်တော့်ဘဝသည် လူသာမန်တို့၏ဘဝနှင့် အများကြီး ထူးခြားမှု မရှိသော်လည်း အကွေ့အကောက်အလှည့်အပြောင်းတွေ များသည်။ သာမန်အားဖြင့် တည်ငြိမ်အေးချမ်း သော်လည်း ထိုတည်ငြိမ်အေးချမ်းမှုအတွက် ရင်ဆိုင်ကြိုးပမ်းရမှုတွေ၊ ထိပ်တိုက်တွေ့ဆုံဖြေရှင်းရမှုတွေ၊ အပတ်တကုတ် ကြိုးပမ်းရမှုတွေ၊ သည်းခံ စိတ်ရှည်ရမှုတွေ၊ အမနာပ ပြောမှုတွေကြား တည်ငြိမ်မှုရအောင် ကြံ့ကြံ့ခံ ကြိုးပမ်းခဲ့ရမှုတွေ၊ တိုင်းပြည်နှင့် လူမျိုးအတွက် အရိုးကြေကြေ အရေခန်းခန်း သက်စွန့်ဆံဖျား စွန့်လွှတ်စွန့်စားရမှုတွေ အများကြီး ကြုံတွေ့ခဲ့ရပါသည်။

          ထို့အတူ အောင်မြင်မှုတွေ အများကြီးရခဲ့သလို မအောင်မြင်ဘဲ ဆုံးရှုံးရမှုပေါင်း များစွာလည်း ရှိခဲ့သည်။ စွန့်လွှတ်အနစ်နာခံရမှုတွေ တသီကြီးရှိခဲ့သလို စတေးခဲ့ရတာတွေလည်း အမြောက်အများ ဖြစ်ပါသည်။ မည်သို့ပင် ဖြစ်ပါစေ ဘဝတစ်လျှောက်လုံး စိတ်စေတနာကောင်းနှင့် ရိုးသားမှုကိုတော့ အကောင်းဆုံး စံပြအနေအထားဖြစ်အောင် ကျွန်တော့်အနေဖြင့် စွမ်းဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ပါသည်။

          ယခုစာအုပ် ကျွန်တော့်ဘဝဇာတ်ကြောင်းတွင် ဤနိဒါန်းအပါအဝင် အခန်းပေါင်း(၉)ခန်းဖြင့် ဖော်ပြပေးထားပါသည်။ မိသားစုဘဝ၊ တပ်မတော်သားဘဝ၊ နိုင်ငံရေးသမားဘဝ၊ အုပ်ချုပ်ရေးသမားဘဝ စသည်များကို သူ့ဆိုင်ရာဆိုင်ရာ အခန်းအလိုက် ဖော်ပြထားပါသည်။ အခန်းတစ်ခန်းချင်းတွင် ဘဝ ဇာတ်လမ်းအစဉ်ကို ငယ်ရာမှကြီးရာသို့ အစဉ်လိုက် တောက်လျှောက်ဖော်ပြထားခြင်းမျိုး မဟုတ်ဘဲ အကြောင်းအရာပေါ်မူတည်၍ အလျင်းသင့်သလို ရေးသားဖော်ပြထားပါသည်။ စာအုပ်တွင် မိသားစုဘဝနှင့် ပတ်သက်သော အကြောင်းအရာများကို အပိုင်း(၃)ပိုင်း၊ နေရာ(၃)နေရာတွင် ဖတ်ရှုရပါမည်။ ပထမဆုံး တွေ့ရဖတ်ရမည့်အပိုင်းမှာ ရုပ်ရှင်ဆန်သော ငယ်ဘဝဇာတ်ကြောင်းဖြစ်ပါသည်။ သာမန်မိဘနှစ်ပါး၏ အုပ်ထိမ်းမှုအောက်တွင် ကြီးပြင်းလာခဲ့ရသည်။ အရွယ်ရောက်သည့်အခါတွင်မှ မိခင်ရင်း၊ ဖခင်ရင်းတွေ ရှိနေပြီး အခြားသော ညီအစ်ကိုမောင်နှမများအပါအဝင် အမြွှာညီအစ်ကိုတစ်ယောက်ပါ ရှိနေသေးကြောင်း ရုပ်ရှင်ဇာတ်လမ်းပမာ စိတ်ဝင်စားဖွယ်ရာအတိတ်နှင့် မယုံနိုင်စရာ ဘဝအခြေအနေများ တွေ့မြင်ဖြတ်သန်း လာခဲ့ရပုံကို အတတ်နိုင်ဆုံး သရုပ်ပေါ်အောင် ရေးဖွဲ့တင်ပြထားပါသည်။

          မိခင်၊ ဖခင်ရင်းတို့သည် ပဒေသရာဇ် တော်လှန်ရေးသမား၊ နိုင်ငံရေးသမားများ ဖြစ်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အသက်ဘေးလုပြေးရပုံ၊ ပဒေသရာဇ်ဘက်တော်သားတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော ဖခင်၊ အမြွှာသားနှစ်ယောက်ကိုမွေးခဲ့ပြီး ခွဲခွာခဲ့ရသောမိခင်၊ ကလေးနှစ်ယောက်အနက် အငယ်ဖြစ်သူကို သနပ်ဖက်ကုန်သည်လင်မယားကိုပေးကာ မွေးစားစေခဲ့ပုံ၊ အကြီးဖြစ်သူကို ရင်ဝယ်ပိုက်၍ ရန်ကုန်သို့ထွက်ပြေးလာခဲ့ကာ ကြီးပြင်းအောင် ကျွေးမွေးပြုစုစောင့်ရှောက်သော မွေးစားမိခင်၏ ချစ်ခြင်း မေတ္တာ စသည်တို့သည် သည်အခန်းတွင် ကျွန်တော်၏ဘဝတစ်လျှောက်လုံး အရေးပါသော အဖြစ်အပျက် များကို ဆောင်ကြဉ်းပေးသော ဖြစ်ရပ်များအဖြစ် မြင်တွေ့ရမည်ဖြစ်ပါသည်။

          မွေးကင်းစအရွယ်မှ အရွယ်ရောက်သည်အထိ ရန်ကုန်သားတစ်ယောက်အဖြစ် ကြီးပြင်းလာရသော ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ကာလက လူနေမှုဘဝနှင့် ဘဝအတွက် ရုန်းကန်ရပုံများကိုလည်း မမေ့မလျော့ ဖော်ပြပေးထားပါသည်။ မိဘနှင့် သားသမီးအကြား ဆက်ဆံရေးမှသည် ပတ်ဝန်းကျင် လူမှုဆက်ဆံရေး အခြေအနေများအထိ ခေတ်အလျောက်ဖြစ်တည်ခဲ့သော အကြောင်းအရာများကိုလည်း တို့ထိဖော်ပြပေးထားပါသည်။

          ငယ်ဘဝက ကြမ်းတမ်းသလို မွေးစားမိခင်၏ သွန်သင်မှု၊ မွေးစားမိခင်၏ စောင့်ရှောက်မှုတို့ဖြင့် ကြီးပြင်းလာခဲ့ရသော ကျွန်တော့်အနေဖြင့် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ရာမှ ရုပ်တူလူတစ်ယောက် ရှိနေကြောင်း တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ကြားရသည်ကစပြီး ညီအစ်ကိုလူချင်းပြန်လည် ဆုံတွေ့သည်အထိ အကြောင်းများသည် တကယ့်ကို ရုပ်ရှင်ဆန်ပါလိမ့်မည်။ ရုပ်ရှင်ကားတစ်ကားသည် ပရိသတ်စိတ်ဝင်စားရန် ဒါရိုက်တာက အလှည့်အပြောင်းလုပ်ခဲ့သည်ဟုဆိုလျှင် ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်၏ ဘဝကိုလည်း ကံဇာတ်ဆရာက ထိုကဲ့သို့ပင် ဖန်တီးထားခြင်း ဖြစ်ပါလိမ့်မည်။

          တစ်ဆက်တည်းမှာပင် ညီအရင်းကို တွေ့ရသလို နောက်ဆက်တွဲအဖြစ် မိခင်ရင်းကို ပြန်တွေ့ရသော အခြေအနေမျိုးတွင် ကျွန်တော်၏ စိတ်ခံစားချက်၊ ကျွန်တော့်မိခင်ရင်း၏ စိတ်ခံစားချက်၊ ညီဖြစ်သူ၏ စိတ်ခံစားချက်၊ ကျွန်တော့်မွေးစားမိဘများ အထူးသဖြင့် မွေးစားအမေ၏ စိတ်ခံစားချက် တို့သည် တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ချင်း တူသယောင်ရှိသော်လည်း ခံစားရပုံချင်း မတူကွဲပြား‌နေသော အချက်များကို သည်အခန်းတွင်ပင် ဖော်ပြထားပါသည်။

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

(၁၉.၁၀.၂၀၁၇ နေ့လည် ၁၂း၅၁ မိနစ်)


Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်