သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၆)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၆)
"ဒီလိုကွ ရှားပါးပစ္စည်းဆိုတော့ အဆောင်အနေနဲ့ သိမ်းထားတော့မယ် မရောင်းတော့ဘူး"
"တပည့်တော်ကို ပြောတော့ ရောင်းမလို့ ဝယ်လက်ရှာပါဆိုလို့ အခု ခေါ်လာတာ ဘုရား "
"အေးကွ ငါလည်း ပြောပြီးမှ နှမျှောနေလို့"
" ဟေ နေပါအုံးကွ မြွေတော့ ကြည့်သွားပါအုံး"
"မကြည့်တော့ပါဘူး ဘုရား ရပါတယ်"
"ခဏပါကွာ ငါက လူတိုင်းပြတာမဟုတ်ဘူး"
( ပြောပြော ဆိုဆို ထပြီး သွားယူနေလို့ စောင်ပေးရပြန်ပါရော)
" ရော့ဟေ့ မြင်ရခဲသကွ"
( လက်ကိုင်ပုဝါ အဖြူထဲမှာ ထုပ်ထားတာပါ အချင်း လေးလက်မလောကျရှိမယျ ထင်ပါတယ် အမြီးက ဗိုက်ထဲ ရောက်နေပြီး အစာနင် သေထားသလိုပါပဲ ။ ဘာမြွေမှန်းမခွဲတတ်ပါဘူး ထူးခြားတာက ကိုင်ကြည့်တော့လည်း ခပ်တောင့်တောင့်လေး ဖြစ်နေယုံပဲ ပုပ်နေတာ မဖြစ်ဘူးဗျ ။ ဘုန်းကြီးရထားတာ ၁ နှစ်ကျော်ပြီဆိုပဲ )
" ထူးဆန်းပါတယ်ဘုရား ခွင့်ပြုပါအုံး"
"အေး အေး အားနာတယ်ကွာ "
"ရပါတယ်ဘုရား ပြဿနာမရှိပါဘူး ဗဟုသုတ ရပါတယ်ဘုရား"
ဘုန်းကြီး ကန်တော့ပြီး ပြန်လာကြပါတယ် ။ ကိုပေါ်ထွန်းကိုလည်း အားမနာဖို့ပြောပြီး ပြန်ခဲ့ကြပါတယ် ။ ဒီလိုနဲ့ တောင်ကြီးက ပြန်ခေါ်လို့ ပြည်နယ် အစိုးရရဲ့ ညွှန်ကြားစာကို သွားယူရပါတယ် ။ ငွေမကုန်ပဲ ရှောရှောရှုရှုရခဲ့ပါတယ် ။ ဦးသိန်းစိန်လက်ထက် အပြောင်းအလဲ ကာလမို့ တူပါတယ် ။
ရပ်စောက်ရောက်တော့ အဓိက ရည်ညွှန်းထားတဲ့ မြို့နယ် မြေစာရင်း ရုံးကို သွားရပါတယ် ။ ပြည်နယ်က ညွှန်ကြားစာမှာ ပါသလို မြေရာဇဝင် စီစစ်ရန်ဆိုပြီး ဖြစ်ပါတယ် ။ မြို့နယ်ဦးစီးမှူးက ပထမတော့ မကြည်ဘူးဗျ ဒီလိုပြောတယ်။
" သြော် ခင်ဗျားတို့က အထက်ကို ပိုင်တယ်ဆိုပြီး ကျော်ခွ လုပ်တာပေါ့ "
" မဟုတ်ပါဘူးဆရာရယ် အခု လုပ်ထုံး လုပ်နည်း ပြောင်းထားလို့ပါ"
"မဖြစ်နိုင်တာ ကျုပ်တို့တောင် မသိသေးဘူး"
" အဲဒါတော့ မသိဖူးဆရာ သူဌေးက ဒီလို လုပ်ပါဆိုလို့ ကျနော် လုပ်ရတာပါ အခု အဆင့်ကျော်တယ် ဆိုပြီး ဆရာ့ဖက်က မလုပ်ပေးနိုင်ဘူးဆိုလည်း ပြည်နယ်ကစာ ပြန်ပေးပါဆရာ ကျနော် အကျိုးအကြောင်း ပြန်ပြောရပါမယ်"
" အင်း အဲလိုလည်း မဟုတ်ပါဘူး ခဏဗျာ"
( အပြင်ထွက်ပြီး ဖုန်းဆက်ပါတယ် ခဏေိတော့ ပြုံးပြုံးရွင်ရွင်နဲ့ ပြန်ဝင်လာပြီး)
" sorry ဗျာ ဟုတ်တယ်ဗျ လုပ်ထုံးလုပ်နည်း ပြောင်းလိုက်ပြီတဲ့ ခင်ဗျား သူဌေး လက်တံ အတော်ရှည်တာပဲ "
"ဟုတ်ကဲ့ ကျနော် ဘာဆက်လုပ်ရမလဲ ဆရာ"
"မနက်ဖြန် တာဝန်ခံ ဝန်ထမ်းနဲ့ သွားလိုက်လေ GPS ပြန်ဖတ်ရမယ် ပြီးမှ ရုံးက မြေရာဇဝင် စီစစ်ပြီး သဘောထားမှတ်ချက် ရေးပေးမှာပေါ့ "
" ဟုတ်ပြီ ဆရာ မနက်စောစော သွားရင် အဆင်ပြေမယ် ထင်ပါတယ် အလည်ချောင်ကနေ တောင်ပေါ် တက်ရမှာ ဆိုတော့"
"ရတယ်လေ သူနဲ့ ညှိပြီး သွားလိုက်ပေါ့"
တာဝန်ကျ ဝန်ထမ်းက အသက်ကြီးပါပြီ ပြောရတာ အေးအေးဆေးဆေးပါပဲ ။ နောက်နေ့ မနက်အစော သွားပြီးခေါ်ပါတယ် ။ သူ့တူပါခေါ်ခဲ့မယ်တဲ့ သူကတောင်မတက်နိုင်ဘူးတဲ့ ။ အားလုံး လေးယောက်သွားပါတယ် ။
ဝန်ထမ်းကြီးကို တောင်ခြေက လိမ္မော်ခြံထဲ ထားခဲ့ပါတယ် ။ ဒီတကြိမ်တော့ ကျနော်လည်း နေရာအထိ ရောက်အောင် သွားနိုင်ပါပြီ ။ တကယ့် တောင် နှစ်လုံးကြားထဲက လျှိုထဲမှာပါ ။ GPS ဖတ်ပြီး ပြန်လာပါတယ် ။
အပြန် လိမ္မော်ခြံထဲမှာ ဘီယာနဲ့ ငြိမ့်နေတဲ့ စာရေးကြီးကို ခေါ်တော့ မြန်လို့တဲ့ ( လူတွေက လျှာထွက်နေပြီ) အားလုံးပင်ပန်းနေလို့ အလည်ချောင်ကနေ ကောင်းဘိုရွာဖက် သွားပြီး စျေးနားက ဆိုင်မှာ မြေအိုးမြီးရှည် စားကြပါတယ် ။ ဘီယာကြိုက်သူ ဘီယာပေါ့ ။
ကျေးရွာ ဥက္ကဌဆီမှာ ထောက်ခံစာယူရပါတယ် ။ ရွာမြေ သုဿန်မြေ လယ်မြေ သာသနာမြေ ဒေသသုံးရေထွက် ဘယ်အရာနဲ့မှ မငြိစွမ်းဘဲ လွတ်ကင်းပါကြောင်း ဒေသ ဖွံ့ဖြိုးရေးအတွက် ကန့်ကွက်ရန် မရှိပါကြောင်းပေါ့လေ ။ ရွာရံပုံငွေဆိုပြီး ငါးသောင်း ထည့်လိုက်တော့ အပြန်မှာ လက်ဖက်ခြောက်နဲ့ လိမ္မော်သီးတောင် လက်ဆောင်ပြန်ပေးလိုက်သေးပါတယ် ။
စာရေးကြီးကို ညနေမှာ ထမင်းကျွေးပြီး ၁၂၅၀၀ိ/တန် Red လေဘယ်လ် တလုံးနဲ့ ငါးသောင်း ပေးလိုက်ပါတယ် ။ နောက်တနေ့ မြေစာရင်းရုံးကို သွားတော့ ဦးစီးက ကျနော့်စာရေးကြီး ကြည့်လုပ်လိုက်အုံးနော်တဲ့ ( အောက်လူအတွက် တောင်းပေးတာ) ပေးလိုက်ပါပြီဆိုတော့ ok တဲ့ ။
နောက်တနေ့မှာ ကျနော့် မိတ်ဆွေ ဦးသန်းဝင်း ပြောလာပါတယ် ။ ကိုမျိုးရေ ကြက်နက်ဆိုတာ သိလားဗျ ။ ကြားဖူးတယ်ဗျ ဘာလည်း ဂျင်ထိုးမလို့လား ဆိုတော့ ရီနေပါတယ် ။
(ကြက်နက်က ဂျင်အုပ်ဆောင်းကို ဖောက်မြင်ရသတဲ့ အလွန်ရှားပါတယ် ။ တကိုယ်လုံး အနက် အမောက် လျှာ မျက်လုံး သွေးပါအနက်ရောင် အရိုးလည်း အနက်ပဲ ကလီစာတွေလည်း အနက်ပဲ ဒီတော့ မြင်ရတဲ့ လျှာ အမောက် သွေး စစ်ပြီး အရောင်းအဝယ်လုပ်ပါတယ်)
" ကျနော့် မိတ်ဆွေက တွေ့ထားတယ်ပြောလို့"
" ဟုတ်လို့လားဗျ "
"ဟုတ်တယ် ဒီယူလာလိမ့်မယ် ကြည့်ပြီးမှ ဆက်လုပ်တာပေါ့"
အံမယ် ဟုတ်တယ်ဗျာ အမြင်အရတော့ အကုန် နက်နေတာပဲ ။ ဒါနဲ့ အဝယ်လှန်းခေါ်တော့ ငွေတင်မှ လာမယ်တဲ့ ။ သူတို့လည်း ငွေမရှိတော့ ကျနော့်ဖက် လှည့်လာတယ် ။ ကျနော်ကလည်း ဘုမသိ ဘမသိ အဆုံးမခံနိုင်ပါဘူး ။ ဒါနဲ့ မန္တလေးက ကျနော့်မိတ်ဆွေဆီ ဖုန်းဆက်မေးတော့ သူ့ဆီလာခဲ့ သူရောင်းပေးမယ် ငွေမတင်နဲ့တဲ့ ။
ကျနော်လည်း မအားတာနဲ့ ကြက်ပိုင်ရှင်ကိုပဲ ခရီးစရိတ်ပေးပြီး လွှတ်လိုက်ပါတယ် ။ လာကြိုပေးဖို့ ပြောထားတော့ အဆင်ပြေပါတယ် ။ နောက် သုံးရက်မှာ ကြက်ပိုင်ရှင် ပြန်လာပါတယ် ။ ကျနော် ပေးတဲ့ ငွေအပြင် တစ်သိန်းထပ်ပေးပါတယ် ။ ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ငိုအားထက် ရယ်အားသန်ဆိုသလိုပါပဲ ။
မန္တလေးမှာ ရောက်တော့ ကျနော့် မိတ်ဆွေက သူ့ကြက်ကို ပြန်စစ်ပါသတဲ့ ။ ကျနော်တို့ မစစ်မိတဲ့ ကြက်ဖင်ကို ဖြဲကြည့်တော့ နီနေပါသတဲ့ ။ ဒါနဲ့ ပြန်မယ်လုပ်တော့ မန်းသားက နေအုံး မပြန်သေးနဲ့ သူ ကြံအုံးမယ်ဆိုလို့ စောင့်နေပါရော ။ နောက်ရက်မှာ ကြက်ဖင် အတွင်းသားကို ဆံပင်နက်ဆေး ဆိုးပါသတဲ့ ။ အပြင်ပန်း အားလုံးပြည့်စုံသွားပြီ ။
နောက်တရက်မှာ ဝယ်မယ့် တရုတ် ရောက်လာပါရော ။ ကြက်ကို စိန်ကြည့် ကျောက်ကြည့် ကြည့်ပြီး မှန်ရှေ့ ချကြည့်ပါသတဲ့ ။
...,. ဘာလုပ်တာလဲ မေးတော့ မှန်ကွဲသွားရမယ်တဲ့ မှန်ကွဲမှ ဝယ်မှာလို့လည်း ပြောရော မန်းသားက တရုတ် လည်ပင်း ညစ်ပြီး မင်းဝယ်မယ်ပြောတုန်းက အဲဒါမပါဘူး အခုမှ မဝယ်နိုင်လို့ လိမ်ပြောတာဆိုပြီး ထိုးကြိတ်ပစ်လို့ ရပ်ကွက်ရုံး ရောက်ပါရော ။
ရပ်ကွက်လူကြီးက ဖြစ်စဉ်မေးပြီး မန်းသားကို ဘာလုပ်မလည်း မေးတော့ ကြက်ဝယ်လာတဲ့ တန်ဖိုး သိန်း ၅၀ ရော်ရမယ်ပြောပါသတဲ့ ။ ( အမှန်က ဟိုလူ့ အိမ်က ကြက်)
တရုတ်လည်း ငိုငိုရီရီ တောင်းတောင်းပန်ပန်နဲ့ ဆိုင်ကယ်ရယ် ဆွဲကြိုးရယ် နာရီရယ် ပေးခဲ့ရပါသတဲ့ ။ ကြက်ပိုင်ရှင်ကို မန်းသားက ငွေ ၆ သိန်း ပေးလိုက်ပါသတဲ့ ။ ( မလည်ရုပ် မလုပ်မိပါစေနဲ့ ဒီလောကရဲ့ အဓိက မိန်းဟာ အမှန်တကယ် ဝယ်လက် သိဖို့ လိုပါတယ် )
ဦးသန်းဝင်းကိုလည်း တသိန်း ပေးသွားပါတယ် ။ ( အရိုးပါ နက်တဲ့ ကြက် ချင်းတောင်တန်းပေါ်မှာ ကျနော် တွေ့ခဲ့ဖူးပါတယ် ပုံပြင်တော့လည်း မဟုတ်ဖူးဗျ နောက်သူ့အခန်းမှာ ပါလာ ပါလိမ့်မယ်)
နောက်ထပ် ကြုံရတာက ဇော်ဂျီဖိုမ (ခေါ်) ကျောက်တန်ဆာပါပဲ ။ သူ့ရဲ့ သဘာဝကလည်း အံ့သြစရာပါပဲ ။သဘာဝ ကျောက်ကနေ လူတို့ရဲ့ အထီး အမ တန်ဆာ ပုံစံ ဖြစ်နေတာပါ ( အမျိုးသမီးများ ကန်တော့ပါဗျာ) အဲဒီ နှစ်ခု ကို ယှဉ်ချထားပြီး အပေါ်က တစုံတရာ နဲ့ ဖုံးထားလိုက်ပါ သူတို့ချင်း ဒချိ ပါသတဲ့ ။ ပြီးရင် လူတွေလိုပဲ စပန်းထွက်ပါတယ် ။ အဲဒီအရည်ဟာ ယောကျာ်းများ ပန်းသေရောဂါ ပျောက်ပါသတဲ့)
အဲဒီ ဇော်ဂျီ ဖိုမ ကို တောင်ထိပ် ရွာတရွာက ပလောင်ဆီမှာ တွေ့ခဲ့ ပါသတဲ့ ။ ၁၅ သိန်းနဲ့ ဝယ်ရင် ရမယ် ပြောပါတယ် ။ ( သိန်း ၃၀၀၀ လောက် တန်တာဆိုတော့ ရင်ခုန်စရာပေါ့) အဲဒါ ကျနော့်ဆီ လာပြီး ရှယ်ယာ ထည့်ခိုင်းပါတယ်
"သေချာပါတယ် ကိုမျိုး ကျနော်ကိုယ်တိုင် မြင်ခဲ့တာပါ"
" ခင်ဗျား ဘယ်လို စမ်းခဲ့ သလဲ"
" အဲဒီ နှစ်ခု ယှဉ်ချထားပြီး အဝတ်အုပ်တယ် နောက်ပြန်လှပ်ကြည့်တော့ ပူးနေတယ်ဗျ "
"ပြီးတော့ ဘာဖြစ်သလဲ"
"ပိုင်ရှင်က တော်တော့ဗျာ ဆိုပြီး အတင်းသိမ်းသွားတယ်"
" ဒါဆို လိမ်တာ နေမှာပေါ့"
"ဟာဗျာ ဒီပလောင်က တောင်ပေါ်ကနေ တောင်အောက်တောင် မဆင်းဖူးပါဘူး"
( ဘေးကတယောက် ဝင်ပြောတာပါ)
" ကျနော်မမြင်ပဲ မယုံဘူးဗျာ ရှယ်ယာ မပါတော့ပါဘူး"
သူတို့ဘာသာ ကြိတ်ကြိတ် ကြိတ်ကြိတ် ပြောပြီး ပြန်သွားပါတယ် ။ နောက်တနေ့ ပစ္စည်းသွားယူကြပါတယ် ။ ညနေစောင်းလောက်မှာ ဆူညံဆုညံ နဲ့ ကျနော့်အိမ်ဝိုင်းထဲ ဝင်လာကြပြီး
" ကိုမျိုးရေ ပစ္စည်း ပါလာပြီ လာကြည့်အုံး"
" လာကြပါဗျာ အိမ်ထဲ အထိ"
တယုတယ နဲ့ ရှမ်းလွယ်အိတ်လေးထဲကနေ အဝတိထုပ်လေး ဆွဲထုတ်လိုက်ပါတယ် ။ နောက် ဖွင့်ကြည့်လိုက်တော့ ကျောက်တန်ဆာ အစုံလိုက် တွေ့ရပါတယ် ။ အံမယ် ပူးကပ်နေတယ်ဗျ ။
ဆွဲခွါပြီး အခင်းလေးပေါ် ယှဉ်ချထားပါတယ် ။ ပြီးတော့မှ အပေါ်ကနေ ပုဝါလေး အုပ်ထားလိုက်ပါတယ် ။ ၁၅ မိနစ်လောက်မှာ ပုဝါကို ဖွင့်ကြည့်လိုက်တော့ ကျနော်ပါးစပ်ကနေ
" ဟာ .............."
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment