သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၈)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၈)

"ကျွန်းနက် တစ်တန်ကို ၁၂ သိန်းပေးမယ်"
"ဗျာ ဘယ် လောက် ?"
"၁၂. သိန်း"
"ကဲ အဘရေ ကျနော်ပြန်မယ်"
" နေပါအုံး စျေးနည်းလို့လား"
"နည်းဆို ကျွန်းစင်းဖိုးကို မရှိဘား"
( ကျွန်းက တွေ့တွေ့နေကျ အကွက်လို မဟုတ်ပဲ အကွက်နေရာမှာ မျည်းဖြောင့်လို အစင်းတွေပါနေတဲ့ ကျွန်း အဲဒီအချိန်က တစ်တန် ၁၈ သိန်း ရပါတယ်)
"စျေးတိုးပေးလို့ မရဘူးလား လောပန်း"
(အဘ က ဝင်ပြောတာပါ)
"၁၅ သိန်းထက် ပိုပေးမရဘူး"
"မရောင်းတော့ဘူး အဆင်မပြေဘူး အဘ"
"အေးကွာ ငါလည်း စျေး မမေးမိဘူး"
" ရတယ်အဘ ကိစ္စမရှိပါဘူး"
ကျနော်ပြန်လာပါတယ် ။ ရန်ကုန်ကသူဌေးက လာခဲ့လို့ ခေါ်ပါတယ် ။ ကျနော် ရန်ကုန်ကို ရောက်တော့ သူဌေးနဲ့ တွေ့ပါတယ် ။ သစ်တော ဝန်ကြီးနဲ့ တွေ့ပြီး ဖြစ်ကြောင်း ကြိုးဝိုင်းအတွင်း ရောက်နေတယ် ဆိုရင် ကြိုးဝိုင်း ပျက်ဆီးမှုအာမခံကြေးအဖြစ် တစ်ဧကကို သတ်မှတ်ထားတဲ့ နှုံးအတိုင်း ကြိုတင်ပေးထားရမှာ ဖြစ်ကြေင်း ရှင်းပြပါတယ် ( တစ်ဧက နှုံးကလည်း အတော်များပါတယ် မမှတ်မိတော့ပါဘူး)
သဘောကတော့ လွတ်လွတ်ကင်းကင်းနေရာမှာ လုပ်ကွက်ထပ်ရှာဖို့ ပြောပါတယ် ။ ဟုတ်တယ်ဗျ သစ်တော ကြိုးမြေအတွက်အတွက် အာမခံကြေး ကြိုတင်ပေးရငွေဟာ အနည်းဆုံးလုပ်ကွက်တကွက်စာ ဧက ၅၀ အတွက် ဆိုရင် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်ကို ပိုများနေတာ တွေ့ရပါတယ် ။ မမြင်ရသေးတဲ့ မြေအောက်က သတ္တုအတွက် တော်ရုံလူ ဘယ်ရင်းရဲပါ့မလဲ ။
အုန်းကျော ဖက်ကလည်း ဘာမှလုပ်မရသေးဘူး ။ အဲဒီအချိန်မှာ ပင်ဖြစ်ရွာ အရှေ့နားက ဆတ်သေရွာမှာ ခနောက်စိမ်းတွေ ထွက်တယ်ဆိုပြီး ဦးသန်းဝင်း လာပြောပါတယ် ။ ကြားခါစက စိတ်မဝင်စားပါဘူး ။ ဒါပေမယ့် ဦးနေဝင်းထွန်းရဲ့ ပတ္တမြား နဂါးအပါအဝင် အတော်များများ အလုအယက်နဲ့ လာပြီး လုပ်ကွက်တွေ အပြိုင်ဆွဲနေကြပါတယ် ။
ဒီနယ်က ဦးသန်းဝင်းရဲ့ နယ်မြေပါ ဒေသခံတွေ သူပိုင်တယ်တယ်ဗျ ။ ကျနော် နဲ့ ဦးသန်းဝင်း ဆတ်သေကို သွားပါတယ် ။ ရွာက ပအို့ရွာပါ ။ ရွာဆိုင်းဘုတ်တောင် ပအို့ဝ်လိုပဲ ရေးထားပါတယ် မြန်မာစာ နဲ့ မရေးပါဘူး ။ ထူးထူးခြားခြား ဆေးပေးခန်းကို ရွာအနောက်ဖက် ၁ မိုင်ခွဲလောက် အကွာက တောင်ကုန်းပေါ် ဆောက်ထားတဲ့ရွာပါ ။ ( လူနဲ့ နီးတဲ့ ရွာထဲမထားဘူးဗျ )
ရွာထဲမှာ လှည့်ပတ်ပြီး မေးကြည့်တော့ အတော်များများ ထွက်ပါသတဲ့ ။ တပိဿာကို ၁၂၀၀ / ၁၃၀၀ / ၁၄၀၀. စျေးတွေနဲ့ ဝယ်ပါတယ် ။ ကိုယ်ပိုင်လယ်မြေတွေထဲကလည်း တူးလို့ရနေတာကိုး ။ မြေစျေးတွေလည်း တက်နေပါပြီ ။ တချို့နောက်ကျတဲ့ ကုမ္ပဏီတွေကတော့ လယ်မြေတွေကို ဝယ်ပြီး လုပ်ကွက်လျှောက်ပါတယ် ။ ( ဥပဒေအရ ဆိုရင် မရပါဘူး ဒါပေမယ့် ငွေပေးနိုင်ရင် မြန်မာနိုင်ငံ မြေစာရင်းက အကုန် ရပါတယ် )
ပြန်လာတော့ ဦးသန်းဝင်းက ဘယ်လို လုပ်မလဲ နောက်ကျနေပြီတဲ့ ။ ကျနော်က ဦးသန်းဝင်းကို အေးဆေးပါ ရအောင်လုပ်လို့ ရပါတယ် ဆိုတော့ မြေဝယ်မှာလားတဲ့ ။ မဝယ်ပါဘူး ကျနော့် သူဌေးက ဘယ်တော့မှ အဲဒီလို မလုပ်ဖူးလို့ ပြောတော့ ဘယ်လိုလုပ်မှာလည်း တဲ့ ။ မဖြစ်နိုင်ဘူးနော ရဖို့ မလွယ်တော့ဖူး ဗိုလ်ချုပ်တွေ ကုမ္ပဏီတောင် မရတော့ဘူးကြားတယ်တဲ့ ။
" ကဲ ဦးသန်းဝင်း ကျနော် ရအောင် လုပ်ပြမယ် လယ်မြေမဝယ်ဘူး သူများလုပ်ကွက် မဝယ်ဘူး လုံးဝ လုပ်ကွက်အသစ်ကို အဲဒီ လျှောက်ပြီးသား ကုမ္ပဏီတွေ ကြားမှာ ရအောင် လုပ်ပြမယ် ဘယ်နှယ့်လည်း?
" လုံးဝ မဖြစ်နိုင်ဘူး"
"ထပ်ပြောအုံးမယ် တပတ်အတွင်း မြေရာဇဝင်စီစစ်ပြီး ဖြစ်အောင် လုပ်ပြမယ် "
" ဟာ ခင်ဗျား ဒီလောက် အာမခံနေရင် ငွေ ရာချီ သုံးဖို့ ခွင့်ပြုထားပြီလား"
" ဘယ်ခွင့်ပြု မလဲ ဒီလောက် နှမြော တဲ့ သူဌေး"
"ငွေ ဘယ်လောက် သုံးမှာလည်း "
"၁ ၅ သိန်းပဲ သုံးမယ်"
" မဖြစ်နိုင်ဘူး အပြင်းပြေ လောင်းမလား"
"ရပါတယ် ရွှေကမ္ဘာမှာ ခေါက်ဆွဲကြော် ဖိုးရှင်းကြေး လောင်းကြမယ်"
" အေးဗျာ မြင်းခြံသား ဘယ်လောက်စွမ်းလဲ ကြည့်ရတာပေါ့ "
ကျနော်နဲ့ ဦးသန်းဝင်း ရပ်စောက်ပြန်လာပါတယ် ။ နောက်တဆက်တည်း မြေစာရင်းရုံးသွားပါတယ် ။ နယ်မြေတာဝန်ခံကိုမေးတော့ ယခင် သစ်လုပ်ကွက် ရှိရာ ကျိုင်းခမ်းမှာ တာဝန်ကျခဲ့တဲ့ မိတ်ဆွေဟောင်း ဖြစ်နေပါတယ် ။ ဒါနဲ့ သူ့ဆီက ဆတ်သေရဲ့ ခနောက်စိမ်း လုပ်ကွက် မြေပုံ တောင်းပြီး ကြည့်ပါတယ် ။ လုံးဝ နေရာလပ် မရှိတော့ပါဘူး ။ ဦးသန်းဝင်းကတော့ ပြုံးနေတာပေါ့ ။ ကျနော် မိတ္တူ ကူးထားလိုက်ပါတယ် ။
သူဌေးဆီကို သတင်းပို့လိုက်ပါတယ် မြေပုံညွှန်း နဲ့ ကုမ္ပဏီနာမည်တွေနဲ့ တကွ ပေးလိုက်ပြီး ညတွင်းခြင်း စုံစမ်းပေးပါလို့ ပြောလိုက်ပါတယ် ။ သူဌေးက ဦးနေဝင်းထွန်း နဲ့ ဗိုလ်ချုပ်.....ဆီ စုံစမ်းတော့ ဦးနေဝင်းထွန်းက ဟုတ်မှန်ကြောင်း သူတောင် ဧက ၂၀ ကွက် ၃ ကွက်ပဲ ရလိုက်ကြောင်း ပြန်ပြောသလို ဗိုလ်ချုပ်ကတော့ နောက်ကျသွားလို့ လယ်မြေ ဧက ၂၀ ဝယ်ပြီး လုပ်ဖို့ စတင်နေကြောင်း အကြောင်းပြန်ပါသတဲ့ ။ သူဌေးက ဖုန်းနဲ့ အဲဒီအကြောင်း ပြန်ပြောပြတာပါ ။
ကျနော်လည်း မနက်လင်းလင်းခြင်း ဦးသန်းဝင်းကို ခေါ်ပြီး လက်ဖက်ရည်ဆိုင်သွားပါတယ် ။ ဦးသန်းဝင်းရေ ဒီနေ့ကစပြီး ၇ ရက် သတ်မှတ်နိုင်ဖို့ လုပ်မယ် ။ တခုတော့ ရှိတယ် သူဌေးဆီက မီးစိမ်းပြအောင် ခဏစောင့်ပါ သူက ၉ နာရီထိုးမှ အိပ်ယာ ထတာ ဗျ ဆိုတော့ ok တဲ့ ။
၉ နာရီ ခွဲတော့ သူဌေးဆီ ဖုန်းဆက်ပါတယ် ဦးသန်းဝင်းကြားအောင် စပီကာ ဖွင့်ထားပါတယ်
" အေး ငါက မင်းဆီ ခေါ်မလို့ စဉ်းစားနေတာ အတော်ပဲ"
"ဘာခိုင်းမလို့လဲ ဘော့စ်"
"မင်း မနေ့က ပြောတဲ့ ဆတ်သေကိစ္စကို ငါစိတ်ဝင်စားသလို ငါ့မိတ်ဆွေ တယောက်လည်း စိတ်ဝင်စားနေတယ်ကွ တို့ နှစ်ယောက်ပေါင်းပြီး လုပ်မလို့ တိုင်ပင်နေတာ "
" ကျနော်လည်း အဲဒါ ပြောမလို့ နေရာရမယ်ဆိုရင်
လုပ်မလား? "
"ဟကောင် မြေပုံပြန်ကြည့် မကျန်တော့ဘူး အစွန်အဖျားက မထွက်တဲ့ နေရာဆို ဘာမှ လုပ်မရဘူး"
" အဲဒီလုပ်ကွက်တွေကြားထဲ ရမယ်ဆိုရင်ကော"
"သူများနာမည်ပေါက်တော့ မလုပ်ချင်ဘူးကွ"
" မဟုတ်ဖူး ကိုယ့်နာမည်ပေါက် ရမယ်"
" ဟကောင် ငွေအများကြီး ငါမတတ်နိုင်ဘူး"
"ဘော့စ် မိတ်ဆွေ နဲ့ တိုင်ပင်လိုက်ပါ ၂၀ ဧက တကွက်ကို မြေရာဇဝင် စီစစ်ပြီး မြေစာရင်း သဘောထား မှတ်ချက်အပါ ဝန်ဆောင်ခ သိန်း ၂၀ ကျမယ် စိတ်ဝင်စားရင် တပတ်အတွင်း ရအောင် လုပ်ပေးမယ်"
" တိုင်ပင်မနေပါဘူးကွာ တပတ်အတွင်းရမယ်ဆို မင်းအတွက် ငါးသိန်း ဘောက်ဆူး ထပ်ပေးမယ် "
"ဟုတ်ပြီ ဘော့စ် စမ်းသပ်တူးဖေါ် ပြန်ကျဖို့တော့ ကျနော် မတတ်နိုင်ဖူးနော် ဘော့စ် ကဏ္ဍပဲ"
" ok အောက်က မြို့နယ်အဆင့် ပြီးရင် ရပြီ ran တော့ကွာ ဒါပဲ"
" ကဲ မီးစိမ်းပြပြီ ခေါက်ဆွဲကြော် စားရဖို့ စပြီး လှုပ်ရှားပြီ ရော့ ဦးသန်းဝင်း လုပ်ကွက် ဧရိယာ ပါတဲ့ မြေပုံ ယူထား လစ်ပြီ"
ကျနော်လည်း ပြောပြီးတာနဲ့ မြေစာရင်းရုံး ပြေးပါတယ် ။ စာရေးကို ခေါ်ပြီး ညှိရပါပြီ ။
" ကဲ ကို ..... ရေ ကျနော် ဆတ်သေ ကိစ္စ စိတ်ဝင်စားတယ်ဗျာ အဲဒါ လုပ်ချင်တယ်"
"ဘယ်နေရာ လုပ်မှာလည်း လယ်မြေ ဝယ်မှာလား "
" မဟုတ်ဖူး ခင်ဗျား ဥ ထားတဲ့ နေရာ လုပ်ချင်တာ "
" ဟာ ခင်ဗျား ဘယ်လိုသိလဲ"
" ကျနော် ရွှေလုပ်ကွက် လုပ်နေတဲ့ ဘော်ဒါတွေ ရှိပါတယ် မြေစာရင်းရဲ့ အထာနဲ့ လုပ်ကွက်တွေ သိပြီးသားပါ"
" ခင်ဗျားကတော့ အတော်မလွယ်တဲ့ သူပဲ ဒါကြောင့် သစ်တောကလူတွေ ခင်ဗျားကို လန့်တာကိုး"
" ကဲ ပါ ဗျာ အချိန်မရှိဘူး ခင်ဗျား ဘယ်လောက်မှန်းထားသလဲ ပြောပါ"
" တယောက်ကတော့ ဧက ၂၀ တကွက်ကို သိန်း ၂၀ လာပေးတယ်ဗျ လူစိမ်းဖြစ်နေလို့ စဉ်းစားနေတာ"
" ကဲ အန္တရာယ်များတဲ့ လူစိမ်းဆီက ၂၀ မျှော်မနေနဲ့ စိတ်ချရတဲ့ ကျနော်နဲ့လုပ်ပါ ခင်ဗျား ၁၅ ယူပါ သူဌေးကတော့ ၂၀ ပေးတယ် ကျနော်အတွက် ၅ ချန်ပေး"
" ဟာ ခင်ဗျားနဲ့ဆို လုပ်တာပေါ့ အချင်းချင်း အကြောင်းသိတွေပဲ ချဗျာ"
" တခုတော့ ရှိတယ် စမ်းသပ်တူးဖေါ် ကျလာမှ ၁၅ ပေးမှာနော် မြေရာဇဝင်နဲ့ သဘောထားမှတ်ချက် ထွက်တဲ့ အဆင့်မှာ ၂၀% ကျန်တာ စမ်းသပ်တူးဖေါ်ခွင့်ကျရင် ရမယ်"
" စမ်းသပ်တူးဖေါ်က ဘယ်လောက်ကြာမလဲ"
" အလွန်ကြာ တလပေါ့"
" အင်း ဦးစီး ဂါဖို့ ကျန်သေးတယ်"
" ok ကျနော်ပေးမယ် "
"ဒါဆို လုပ်ဗျာ ကြာတယ် အခုသွားမယ် "
နှစ်ယောက်သား ဆတ်သေကိုသွားပါတယ် ။ လုပ်ကွက်တွေရဲ့ အလယ်နားက ဘုန်းကြီးကျောင်းရှိရာ တောင်ကုန်းရဲ့ အရှေ့ဖက် နားမှာ ၂ ကွက်နဲ့ ကုန်းရဲ့ တောင်ဖက် ချောင်းဘေးက ညီညာပြန့်ပြူးနေတဲ့ ကွင်းထဲမှာ ၂ ကွက်ဗျ ။ ကျနော်က မြေပြန့်မှာ ရှိတဲ့ ချောင်းဘေးအကွက် မကြိုက်ပါဘူး ။ လယ်မြေတွေပါ စာရင်းက မြေစာရင်းမှာ မပေါက်ပေမယ့် လုပ်စားသူ ရှိနေပါပြီ ။ ( ပြဿနာ ပေါ်ခဲ့ရင် သူဌေးလည်း နစ်နာ ပါမယ် လောလကြီးလို့ မဖြစ်ပါဘူး)
ဘုန်းကြီးကျောင်းကုန်း အရှေ့ဖက်နားက ၂၀ ဧကကွက် ၂ ကွက် ယူဖို့ ပြောလိုက်ပါတယ် ။ လိုအပ်တဲ့ စာရွက်တွေယူပြီး တောင်ကြီးကို သွားကာ ပြည်နယ်အစိုးရဆီ လျှောက်လွှာဖိုင် တင်ခဲ့ပါတယ် ။ ထုံစံအတိုင်း သုံးရက် စောင့်ခိုင်းပါတယ် ။
ရပ်စောက်မြေစာရင်း နဲ့ ကြိုတင်ပြီး မြေရာဇဝင် စီစစ်တဲ့ အစီရင်ခံစာ ရေးထားပါတယ် ( ကိုယ်က တိုက်တွန်းစရာ မလိုပါဘူး သူကိုက တက်ကြွစွာ လုပ်နေတာပါ ဓါတ်ပုံမှတ်တမ်း ကွန်ပြူတာ စာစီ ကာလာပရင်တာ ဘာညာ အားလုံး ဖိုင်တွဲ ပြီးတဲ့ အထိ ငွေ ၂ သောင်းလောက် ကုန်ပါတယ် )
အားလုံး အဆင်သင့်ပြီးချိန် နဲ့ ပြည်နယ်က စာပြန်ကျချိန် ကွက်တိပဲ ။ ပြီးပီးသာ မြေရာဇဝင် အသာဥထားပြီး ပြည်နယ်က အမိန့်စာနဲ့ မိမိလျှောက်လွှာ ပူးတွဲပြီး ဦးစီးဆီ တင်ပြပါတယ် ။ ဦးစီး မှတ်ချက်ပါတဲ့ မိမိလျှောက်လွှာနဲ့ အားလုံးပြည့်စုံနေတဲ့ မြေရာဇဝင်ကို သဘာဝကျအောင် လက်ထဲမှာ ၂ ရက်လောက် ဥထားပြီးမှ ဦးစီးဆီ ပြန်တင်ပါတယ် ။
အရင်တခါလိုပါပဲ တကွက်ကို ၁ သိန်းနှုံး နဲ့ ၂ သိန်းဂါပြီး ၆ ရက်မြောက်နေ့မှာ ကျနော့် အပိုင်းကဏ္ဍ ပြီးပါပြီ ။ သူဌေးဆီ သတင်းပို့ပြီး ညနေစောင်းမှာ ဦးသန်းဝင်းနဲ့ စာရေးကို စျေးနားက အင်းလေးစားသောက်ဆိုင်မှာ ဧည့်ခံပြီး စာရေးအတွက် ၂ ကွက်စာ ရဲ့ ၂၀% ဖြစ်တဲ့ ၆ သိန်းပေးလိုက်ပါတယ် ။ စာရွက်တွေ ကြည့်ပြီး ဦးသန်းဝင်းက ပါးစပ်ဟောင်းလောင်း ဖြစ်နေပါတော့တယ် ။
နောက်တနေ့ ဦးသန်းဝင်းဆီက လောင်းကြေး ခေါက်ဆွဲကြော်စားတယ် ။ ဘယ်လောက်ကုန်သလဲတဲ့ မေးတယ် ။ စာရေး ၆ သိန်း ဦးစီး ၂ သိန်း အထွေထွေ ၂ သိန်းထား ၁၀ သိန်းဆိုတော့ ဟာတန်တယ်ဗျ လယ်မြေ တစ်ဧကဖိုး မရှိဖူးတဲ့ ။ မဟုတ်သေးဖူးဗျ စာရေးကို အဆင်ပြေရင် နောက်ထပ် ၂၄ သိန်း ထပ်ပေးရမယ် ။
အခု သိန်း ၅၀ ထဲက ၁၀ သိန်းနုတ် ၄၀ ကျန်နေပြီ ။ စမ်းသပ်တူးဖေါ်ခွင့် ကျလာရင် ၁၆ သိန်းပဲရမယ် စမ်းသပ်တူးဖေါ် မကျရင် ၄၀ လုံး ရပြီ ဆိုတော့ ဦးသန်းဝင်းက မရပါစေနဲ့ဗျာတဲ့ ။
အဲဒီအလုပ်လည်း ပြီးရော နောက်အလုပ်ပေါ်လာပါတယ် ။ ဘာလဲဆိုတော့ မသိုးပန်းကန်တဲ့ ။ ဦးသန်းဝင်းရဲ့ရွာ တောင်နီမှာဆိုလို့ သွားကြည့်ကြပါတယ် ။ ဦးသန်းဝင်းနဲ့ သွားတာပါ ရောက်တော့ ပုဂံကို ပြပါတယ် ။ ထမင်းစားပုဂံ ၂ ချပ်ပါပဲ ကြွေပုဂံတွေပါ တချပ်က အနားမှာ ပဲ့နေပါတယ် ။ ငါးအသေကို ပုဂံထဲထည့်ထားရင် ၇ ရက်ထိမပုပ်ဖူးတဲ့ ။ ဘယ်လောက်လည်း မေးတော့ တချပ်ကို သိန်း ၅၀ တဲ့ ။ ဝယ်လက်ကို ဖုန်းဆက်ပြီး မေးလိုက်ပါတယ် အများကြားရအောင် စပီကာဖွင့်ပြီး ပြောတာပါ ။
" ဟဲ လို ကိုမျိုးပြောပါ"
" ဒီမှာ မသိုးပန်းကန် တွေထားလို့ပါ"
"အဆိပ်ကော ပြေလား"
"မပြေပါဘူး " ( ပိုင်ရှင်က ခေါင်းရမ်းပြလို့)
" မသိုး တမျိုးထဲပေါ့ ဘယ်စျေးလဲ"
"သိန်း ၅၀ တဲ့"
"မသိုးတဲ့ အစွမ်းလောက်နဲ့ သိန်း ၅၀ များတာပေါ့ ရေခဲသေတ္တာ ၂ သိန်းတန်လည်း မသိုးဖူးလေဗျာ တခြားပစ္စည်းရှာ ကိုမျိုး"
" ကဲ ကြားတဲ့ အတိုင်းပါပဲ အဆင်မပြေပါဘူး"
ပြန်လာပြီး တောင်နီ ဘုန်းကြီးကျောင်းနားက ဦးသန်းဝင်းတိုက်ကို ဝင်ပါတယ် ။ တောကတိုက်ကို အထင်မသေးနဲ့ဗျ ဒီနေ့ စျေးအကြီးဆုံး သစ် တရုတ်တွေ အလွန်ကြိုက်တဲ့ တမလန်းသားတွေကို လှေခါး ကြမ်းခင်း မျက်နှာကျက် အားလုံး သုံးထားလေရဲ့။
ရပ်စောက်ကို ပြန်ရောက်တော့ ဦးသန်းဝင်း မိတ်ဆွေတယောက် ရောက်နေပါတယ် ။ သူနဲ့အတူ အပြာရောင် ခရမ်းရောင် နဲ့ အဖြူရောင် သုံးမျိုး အရစ်လိုက် စပ်ထားတဲ့ ကျောက်ဆန်းလေးတွေ ပါလာပါတယ် ။ အဲဒီအချိန်တုန်းက ဘာမှန်းမသိလို့ အံ့သြခဲ့သေးတယ် ။
ရပ်စောက်မှာ ဘယ်သူမှ မသိလို့ တောင်ကြီးကိုသွားပြီး အဘဆီ မေးရပါတယ် ။ အဘက ကြည့်ပြီး ဒါဖရိုရိုက်ပဲကွ တဲ့ ။ ပန်းပုလိုင်းပဲရမယ် အမာဆင့် နည်းတယ်တဲ့ ။ စကားပြောရင်း အပြာရောင် အကန့်လေးကို ဖြတ်ယူပြီး ကျောက်နဲ့ပွတ် ပြီးတော့ အရောင်တင်ဆီသုတ်လိုက်တာ သိသိသာသာ အပြာရောင်လေး ပိုမိုတောက်ပ လှနေပါတော့တယ် ။
များများရနိုင်သလား ဆိုတော့ ရနိုင်ပါတယ်တဲ့ ။ ယူလို့လွယ်ရင် များများယူခဲ့ စျေးကွက်ရှာပေးမယ်တဲ့ ။ ဒါနဲ့ ရပ်စောက်ကို ပြန်လာပြီး တိုင်ပင်ကြပါတယ် ။ ဝယ်စျေးက တပိဿာ တသောင်းလို့ ပြောပါတယ် ။ အဘဆီ ဖုန်းဆက်ပြောတော့ ၂ သောင်းလောက်ရနိုင်တယ်တဲ့ ။ ကျနော်တို့ကိုခေါ်ပြီး သွားပါတယ် ။
ဒီလူက အသောက်သမားဆိုတော့ ခဏခဏ နားပြီးသောက်ပါတယ် ။ ပင်လောင်းကတဆင့် သွားရမယ်ဆိုလို့ အင်းလေးကန်အရှေ့ဖက်ကနေ သွားကြပါတယ် ။ ပင်လောင်းရောက်တော့ မှောင်နေပါပြီ ။ ရေကန်ရဲ့ တောင်ဖက်က သမ တည်းခိုခန်းမှာ အိပ်ကြရပါတယ်။
နောက်နေ့မှာ ပေါင်းလောင်းဖက်ဆက်သွားပါတယ် ။ ကားလမ်းဘေးက ရွာကိုရောက်တော့ အဲဒီကျောက်တွေ အတော်များများ တွေ့ရပါတယ် ။ ဘယ်လောက်များများ ရနိုင်သလဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောပါတယ် ။ သူများပိုင်နက် အင်းထဲက ခိုးတူးရတာတဲ့ ။ ပိုင်ရှင်ကို သိလားမေးတော့ ပိုင်ရှင်နာမည်ပြောချိန်မှာ ဦးသန်းဝင်း မိတ်ဆွေက ထိတ်လန့်သွားပြီး ကျနော်ကတော့ အလွန် ပျော်သွားရပါတယ် ။ သူတို့ ပြောတဲ့သူကတော့.....

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ