‘Metaphysics’၊ ‘Epistemology’ နှင့် ‘Axiology’
What do you understand by the terms Metaphysics, Epistemology, and Axiology how do you apply them in your teaching?
နိဒါန်း
Philosophy ဆိုသည်မှာ ဂရိဘာသာစကားမှ ဆင်းသက်လာခြင်း
ဖြစ်သည်။ ‘Philo’ ဆိုသည်မှာ ‘Love’ ဟု အဓိပ္ပါယ်ရပြီး ‘sophy’
ဆိုသည်မှာ ‘wisdom’ ကို ပြောခြင်း ဖြစ်သည်။ ‘The love of wisdom’ ဉာဏ်ပညာကို မြတ်နိုးခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုရမည်
ဖြစ်သည်။
‘Knowledge’
သည် အကြားအမြင်ဗဟုသုတကို ဆိုလိုခြင်းဖြစ်သည်။ ‘Wisdom’ ဉာဏ်ပညာနှင့်မူ များစွာပင်
ကွာခြားသည်။ ဉာဏ်ပညာ၏ အခြေခံအုတ်မြစ်ဟူ၍ ယူဆနိုင်သည်။ ဉာဏ်ပညာကို ချစ်မြတ်နိုးသူတို့သာလျှင်
‘Philosophy’ ကြီးများ ဖြစ်လာကြသည်။ အနောက်နိုင်ငံသားများက ကျွန်ုပ်တို့ကိုးကွယ်သည့်
ဗုဒ္ဓကို ဘုရားအဖြစ်လက်မခံလိုကြသော်လည်း အတော်ဆုံး အတွေးအခေါ်ပညာရှင် ‘Philosophy’
ကြီးအဖြစ် သတ်မှတ်ထားကြသည်။
‘Philosophy’
ကို နောက်တစ်မျိုး အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင် ‘Acceptance of belief’ ယုံကြည်လက်ခံမှုဟု
ဆိုရမည်ဖြစ်သည်။ ‘Philosophy’ သည် လူတိုင်းနှင့် သက်ဆိုင်သလို လူမှုဝန်းကျင်နှင့်လည်း
သက်ဆိုင်ပါသည်။
‘Philosophy’
တွင် အဓိက အပိုင်းကြီး (၃)ပိုင်း ပါဝင်သည်။ ၎င်းတို့မှာ
၁။ အရှိတရား (Metaphysics)
၂။ အသိအမြင်ဗဟုသုတ (Epistemology)
၃။ ကျင့်ဝတ် သို့မဟုတ် သီအိုရီ၏တန်ဖိုး (Axiology)
တို့ ဖြစ်သည်။ ဒဿနိကဗေဒ၏ အခြေခံအကိုင်းအခက်ဖြစ်သည့် ထို(၃)ပိုင်းကိုကြည့်၍
လေ့လာမှသာလျှင် မှန်ကန်သည့်အရာကို သိမြင်နိုင်ပေမည်။ ထို့အပြင် ဤအပိုင်း (၃)ခုသည် သင်ကြားရေးနှင့်
ပညာရေး၏ ရှုထောင့်အမျိုးမျိုးကိုလည်း လွှမ်းမိုးပါသည်။
၁။ အရှိတရား (Metaphysics)
Metaphysics
ဟူသည် လူတစ်ယောက်၏ အရှိတရား၊ အရာဝတ္ထုတစ်ခု၏ အရှိတရားကို ပြောခြင်းဖြစ်သည်။ ၎င်းသည်
စိတ်ခံစားမှု၊ ရုပ်ဝတ္ထုပစ္စည်းနှင့် ဂုဏ်အရည်အချင်းများကြား ဆက်စပ်မှုကို လေ့လာခြင်း
ဖြစ်သည်။ ဖြစ်တည်မှု၊ သဘောသဘာဝနှင့် အရာဝတ္ထုများ၏ ဂုဏ်သတ္တိများအကြောင်းကို မေးခွန်းများစွာဖြင့်
ချဉ်းကပ်ခြင်း ဖြစ်သည်။ ဥပမာ ဘုရားသခင် ရှိသလား၊ ဘဝအဓိပ္ပါယ်ဆိုတာ ဘာလဲ၊ ရုပ်ဝတ္ထုပစ္စည်း
ပြည့်စုံမှ ဘဝမည်တာလား စသည့် မေးခွန်းပေါင်းများစွာဖြင့် သိလိုသည် တို့ကို ချဉ်းကပ်ခြင်း
ဖြစ်သည်။
အမှန်တရာနှင့် ပတ်သက်သည့်
မတူညီသောအမြင်များကို တပည့်များ နားလည်နိုင်စေရန် ဆရာ၊ ဆရာမတို့က ကူညီဖြေရှင်းပေးနိုင်ရမည်။
တပည့်များ၏ ‘Critical thinking’ နှင့် ‘Creativity & innovation’
ကို တိုးတက်စေရမည် ဖြစ်သည်။ ကမ္ဘာကြီးတွင် လက်ရှိကြုံနေရသည်များကို ဆွေးနွေးစေခြင်း၊
အဖြေရှာစေခြင်းဖြင့် တပည့်များ၏လေးနက်သော အတွေးအခေါ်ကို အားပေးနိုင်ရမည်။ အချိန်ကာလ
အကြောင်း၊ ကမ္ဘာမြေကြီးနှင့် အာကာသသိပ္ပံ၊ သမိုင်းဆိုင်ရာ အဖြစ်အပျက်များကို နှိုင်းယှဉ်လေ့လာခြင်း
စသည်တို့ဖြင့် တပည့်တို့၏ နားလည်နိုင်စွမ်းနှင့် မှတ်မိနိုင်စွမ်းကို တိုးမြှင့်နိုင်ပါသည်။
၂။ အသိအမြင်ဗဟုသုတ (Epistemology)
Epistemology
ဟူသည် အကြောင်းအရာတစ်ရပ်ကို လေ့လာရာတွင် ဆက်စပ်ပုံ၊ ဖြစ်တည်ပုံ စသည်တို့ကို လေ့လာခြင်းဖြစ်သည်။
၎င်းသည် အသိအမြင်၏ သဘောသဘာဝနှင့် ကန့်သတ်ချက်များကို လေ့လာဆန်းစစ်ခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့သိထားသည့်အရာများ၊ မှန်ကန်မှု၊ တရားမျှတမှု၊ အမှန်တရားစံနှုန်းများ စသည်တို့ကို
လေ့လာခြင်းလည်း မည်ပေသည်။ တပည့်များ၏အသိအမြင် ဗဟုသုတ ကို တိုးချဲ့နိုင်ရန်အတွက် ဆရာက
ဖန်တီးပေးနိုင်ရမည် ဖြစ်သည်။ ဖြစ်စဉ်တစ်ခုကို ပြသပြီးနောက် တပည့်များ၏ စဉ်းစားတွေးခေါ်ပုံကို
ဖော်ထုတ်ခြင်း ဖြစ်သည်။ ပြင်ပလောကနှင့် လက်တွေ့ဆက်စပ်ပေးရမည် ဖြစ်သည်။
သတင်းအချက်အလက်
မှန်ကန်မှု၊ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်နိုင်ရမည် ဖြစ်ပြီး ထိုသို့အကဲဖြတ်နိုင်ရန်အတွက်
ဝေဖန်သုံးသပ်မှုကို ဆရာက သင်ကြားပေးနိုင် ရမည် ဖြစ်သည်။ တပည့်များ၏ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်သည့်
စွမ်းရည်ကို တိုးတက်စေမည် ဖြစ်သည်။ သုတေသနလုပ်ခြင်းသည် တပည့်များ၏ ပိုင်းခြားသိမြင်
နိုင်စွမ်းကို တိုးတက်စေပါသည်။ ဆရာ၊ ဆရာမများသည် မေးမြန်းခြင်းလုပ်ငန်းစဉ်နှင့် ကျိုးကြောင်းဆင်ခြင်ခြင်းတို့ကို
အလေးပေးသင်ကြားခြင်းဖြင့် တပည့်တို့၏ ကိုယ်ပိုင်
ဉာဏ်နှင့် အသိပညာကို တည်ဆောက်ရာတွင် အသုံးချနိုင်ပါသည်။ အထူးသတိပြုရန် မှာ တပည့်တို့၏
အသိပညာဖွံ့ဖြိုးစေရန်အတွက် ကျောင်းသင်ရိုးတစ်ခုတည်းဖြင့် မလုံလောက်နိုင်သည်ကို သိထားရမည်
ဖြစ်သည်။
၃။ ကျင့်ဝတ် သို့မဟုတ် သီအိုရီ၏တန်ဖိုး (Axiology)
Axiology
ဟူသည် အလှအပ၏ တန်ဖိုးကို သိရှိစေခြင်းဖြစ်သည်။ ဆရာ၊ ဆရာမများသည် ကျောင်းစာသင်ရိုးညွှန်းတမ်းတွင်
ကျင့်ဝတ်ကို သင်ကြားပေးသည့် အပြင် ထိုကျင့်ဝတ်ကို လိုက်နာခြင်းဖြင့် သို့မဟုတ် ရှောင်ကြဉ်ခြင်းဖြင့်
ရလာမည့် အကျိုးဆက်တို့ကို ဆွေးနွေးစေခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ကျင့်ဝတ် သို့မဟုတ်
သီအိုရီ၏တန်ဖိုးကို သိမြင်လာနိုင်မည် ဖြစ်သည်။ မတူညီသော ကျင့်ဝတ်များ၊ ဓလေ့ထုံးစံများကို
သိရှိပြီး တန်ဖိုးထားလေးစား တတ်လာပေလိမ့်မည်။
သစ်ပင်တစ်ပင်၏ ဖြစ်တည်လာမှုကို
သေချာစွာသိသည်နှင့် ဖျက်ဆီးလိုစိတ် လျော့နည်းလာမည် ဖြစ်သည်။ သူ၏ အကျိုးကျေးဇူးကို သိလာသည်နှင့်
ဖျက်ဆီးရန် စိတ်ကူးမိမည် မဟုတ်တော့ချေ။ ထို့ကြောင့် အလှအပကို ခံစားတတ်သည့် နှလုံးသားပိုင်ရှင်ဖြစ်လာရန်သည်
ဆရာ၊ ဆရာမတို့အပေါ်တွင် မူတည်လေသည်။ ခိုင်မာသော ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်
စာပေနှင့် အနုပညာ ကဲ့သို့သော ဘာသာရပ်များတွင် အလှအပတန်ဖိုးကို ရှာဖွေတတ်စေရန် ဆရာက
လမ်းညွှန်ပေးနိုင်ရမည်။ ထိုနည်းဖြင့် ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်များကို တန်ဖိုးထားလာစေပြီး
တပည့်တို့၏ တီထွင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းကိုလည်း တိုးမြှင့်လာစေပါသည်။ လူတစ်ယောက်သည်
မိမိကိုယ်တိုင်အတွက် (Goodness) ကောင်းရမည်ဖြစ်ပြီး မိမိတန်ဖိုးကို ဖော်ဆောင်နိုင်ရန်အတွက်
(Ethical) ဖြစ်ရမည် ဖြစ်သည်။
ကျင့်ဝတ် သို့မဟုတ် သီအိုရီ၏တန်ဖိုးကို
အလေးထားခြင်းဖြင့် လေးစားမှု၊ စာနာ နားလည်မှု၊ လူမှုရေးနှင့် ပုဂ္ဂိုလ်ရေးတန်ဖိုးထားမှုများ၏
အရေးပါမှုကို အလေးထား တန်ဖိုးသိသည့် သင်ကြားရေးဝန်းကျင်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ပေလိမ့်မည်။
နိဂုံး
ပညာရေးတွင် ‘Metaphysics’၊
‘Epistemology’ နှင့် ‘Axiology’ တို့ကို အသုံးချခြင်းဖြင့် တပည့်များကို
စာသင်ခန်းပညာရေးသာမက တွေးခေါ်စဉ်းစား တတ်သူ၊ ကျင့်ဝတ်ရှိသော ပုဂ္ဂိုလ်များအဖြစ်ပါ လေ့ကျင့်သင်ကြားပေးခြင်း
မည်ပါ သည်။ တပည့်များအတွက်သာမက ဆရာ၊ ဆရာမများအတွက်ပါ ပြီးပြည့်စုံပြီး သင်ကြားခြင်းအတတ်ပညာကြွယ်ဝသည့်
ပညာရေးအတွေ့အကြုံကိုပါ ရရှိစေပါသည်။
ထူးအောင်ဝင့်
(၂၀.၈.၂၀၂၄)

Comments
Post a Comment