သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၉)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၉)
ပိုင်ရှင်က ကိုအေးဇော် တဲ့ ဗျ ။ အေးသာယာက ကျနော့် မိတ်တွေ ကိုအေးကျော်ရဲ့ ညီအရင်းပဲဗျ ။ ကိုအေးဇော် နဲ့လည်း ကျနော် ရင်းနှီးပါတယ် ။ အမှတ်တရ ဖြစ်စဉ်ပြန်ပြောပါရစေ ။
ရီစရာပြောရမယ်ဆို ကိုအေးဇော်ဆီအရောက် (ပင်လောင်း) ဘယ်စျေးဆိုတာ တခွန်းမှ မပြောပဲ သွားပို့တာဗျ ။ သူ့သစ်စက်ထဲမှာ သစ်ချပြီး တိုင်းတော့ လုံးဝ ကောင်းနေတဲ့ သစ်ပဲ တိုင်းယူပါတယ် ။ အနာအဆာ လုံးဝ မယူဘူးဗျ ။ တန်ဝက်လောက် ပြန်ယူလာရပါတယ် ။
နောက်ပြီး ကိုရွှေပအို့ဝ်များ သစ်ဝယ်တာလည်း သူများနဲ့ မတူပါဘူး ။ ၅" ပါတ်လည် တိုင်ဝယ်ပါက အတို ၁၂ '. နဲ့ အရှည် ၁၈' ဒါပဲ ဝယ်ပါတယ် ။ ၁၃' ၁၄' ရှိလည်း ၁၂' ဖိုးပဲ ပေးပါတယ် ၁၉' ၂၀' ရှိလည်း ၁၈' ဖိုးပဲ ပေးပါတယ် ။ မကျေနပ်ရင် ဖြတ်ပြီး ပြန်ယူထား ဆိုတဲ့ သဘောပါပဲ ။ အဲဒီလို ဆိုတော့ ပေစ ပိုတာကလည်း လျော့တာပေါ့ ။
သစ်တိုင်းပြီးတော့မှ ကိုအေးဇော်က ဘယ်စျေးဆို ခင်ဗျားကိုက်မလဲတဲ့ ။ ကျနော်လည်း အရင်း ရယ် လမ်းကြေးရယ် အရှိအတိုင်း ပြောလိုက်ပြီး ခင်ဗျား ပေးချင်သလောက် ပေးတော့ဗျာ ဆိုတော့ သူကရီပါတယ် ။ အမြတ် ၇ သိန်း ပိုပေးပြီး ဝယ်လိုက်ပါတယ် ။ အတိုင်း နဲ့ အနာအဆာပဲ ချေးများတာဗျ ။ စျေးပေးကောင်းတယ် နောက်ပြီး ပအို့ဝ်နယ်က အကြွေးမဝယ်ဘူး ဒါ စိတ်ချမ်းသာရတယ် ။
ဒီလိုရင်းနှီးထားတော့ ကျနော်က သဘောကျတာပေါ့ ။ မျက်နှာပျက်ထားတဲ့ ဦးသန်းဝင်း မိတ်ဆွေကို ဘာဖြစ်လို့လဲ မေးတော့ နောက်မှ ပြောပြမယ်တဲ့ ။ လောလောဆယ် ဒီရွာမှာ အချိန် ၂၀ လောက်ပဲ ရှိသေးတယ် ။ တပ်ကုန်းမှာ အများကြီး ရှိတယ်ဆိုလို့ တပ်ကုန်းကို ဆင်းကြပါတယ် ။
လမ်းမှာ ကိုအေးဇော်အကြောင်း ပြောပြပါတယ် ။ ကိုအေးဇော်က ပအို့ဝ် ငြိမ်းချမ်းရေး တပ်ဖွဲ့ထဲမှာ ထိပ်ပိုင်းက လူကြီး ငါးဦးထဲမှာ တဦးဖြစ်တယ်တဲ့ ။ အခု နာမည်ကြီး မိုးထိ မိုးမိ စတင် ဖြစ်တည်စ ကာလမှာ ဒီလူတွေ ရွှေခိုးတူးရင် ကိုအေးဇော်တို့နဲ့ မကြာခဏ ပြဿနာ တက်ရပါသတဲ့ ( သူအပြောကတော့ အနိုင်ကျင့်ခံရတယ်ပေါ့) ဒါကြောင့် ကိုအေးဇော်ကို လန့်နေတာကိုး ။
သူပြောတာ ဟုတ်မယ်ဗျ ။ ကျနော်မိတ်ဆွေ ကိုအေးကျော်လည်း ဟိုတချိန်တုန်းက အဲဒီအဖွဲ့မှာ ဆရာကြီး အဆင့်ပဲဗျ ။ အခု နာမည်ကြီး ဦးခွန်ထွန်းဦး နဲ့ လယ်ဗယ်တူလို့ ပြောပါတယ် ။ သူပြောတဲ့ ဦးခွန်ထွန်းဦး ထောင်ကျရတဲ့ အကြောင်းက ဒီလိုတဲ့ဗျ ။
ဦးခင်ညွှန့် ဒါးထက်နေချိန်တုန်းက ခြေ/ဥ မှာ ပါသင့်တဲ့ အချက်တွေ စာတမ်းတင်ခိုင်းပါသတဲ့ ။ အဲဒီမှာပဲ ဦးခွန်ထွန်းဦးက ခွဲထွက်ရေးပါတဲ့ စာတမ်းတင်ဖို့ ညှိပါသတဲ့ ။ ကိုအေးကျော်က ဒီအချိန်ဒါတွေ မပြောသင့်သေးဖူးဆိုတာ မရပဲ ဇွတ်တင်ပါသတဲ့ ။ ကိုအေးကျော်က လက်မှတ်မထိုးပဲ အဖွဲ့က နုတ်ထွက်ခဲ့ပါသတဲ့ ။ အဲဒီ အမှုနဲ့ ပဲ ဦးခွန်ထွန်းဦး ထောင်ကျခဲ့ရတယ် ပြောပါတယ် ။
အခု ပြောတဲ့ ကိုအေးဇော်က စီနီယာတွေ နားသွားပြီးမှ ပတ္တမြား နဂါး ဦးနေဝင်းထွန်းတို့နဲ့ လယ်ဗယ်တူ အဖြစ် တက်လာခဲ့တာပါ ။ အဲဒီအချိန်မှာ ကိုအေးဇော်လည်း နားပါပြီ သူ့နေရာကို နောင်တရားက လူတယောက် တာဝန်ဆက်ယူထားပါတယ် ။ နောင်တရားအိမ်ကို ရောက်ခဲ့ပေမယ့် မမှတ်မိတော့ပါဘူး ရွာက အကြီးကြီးပါပဲ ။
ကဲဗျာ ဇာတ်လမ်း ပြန်စပါမယ် ။ တပ်ကုန်းရောက်ပါပြီ ။ ပွဲရုံတရုံကို ခေါ်သွားပါတယ် ။ ကျောက်တွေ အများကြီး တွေ့ရပါတယ် ။ ဒါပေမယ့် အရောင် သုံးရောင်စပ်ထားတာကို ဒီအတိုင်း မမြင်ရသေးပါဘူး ။ ကျောက်သားတွေ ရောနေတာ တွေ့ရပါတယ် ။
တောင်ကြီးရောက်မှ သန့်စင်မယ်ဆိုပြီး ရောင်းစျေးမေးတော့ ၂၅၀၀ိ/ တဲ့ ။ ( ရပိစောက်မှာ ဟိုလူပြောတုန်းက တစ်သောင်း လူ့သဘောပြောတာပါ မရိုးသားဖူး) ဒါနဲ့ စျေးဆစ်တော့ ၁၅၀၀ိ/ နဲ့ရပါတယ် ။ ဆိုင်ကယ် သုံးစီးဆိုတော့ အားလုံးပေါင်း အချိန် ၁၃၀ လောက် ယူခဲ့ပါတယ် ။ ပေါင်းလောင်းဖက်က ရွာမှာ အချိန် ၂၀ ကျော် ထပ်ယူပါတယ် ။ သူက သန့်စင်ပြီးမို့ တပိဿာ ၃၀၀၀ိ/ ပေးခဲ့ပါတယ် ။
တောင်ကြီးရောက်တော့ တော်တော်နဲ့ ရောင်းမရပါဘူး ။ အမှန်ကတော့( နောက်မှသိတာပါ) ဖရိုရိုက် ဆိုတာ သွားတိုက်ဆေးမှာ ထည့်တာဗျ ။ သက်တန်းရင့်သွားရင် ဒီလို အရောင်စပ် အစိုင်အခဲ ဖြစ်သွားတတ်တယ် ။ ဒီထက် ပိုရင့်သွားရင်( ပလွန် တို့ ပထော့ တို့ လို အစိမ်းနုရောင်ပါးပါးလေးနဲ့ ကြည်သွားပါတယ်) အမာဆင့် ၃.၆ ပဲရှိလို့ ပန်းပုလိုင်း သုံးမရပါဘူး ။ ပန်းပုက ၄ ကျော်မှ ရပါတယ် ။
အရင်းရဖို့ မနည်း ကြံရပါတယ် ။ အဘနဲ့ တိုင်ပင်ပြီး ငါးအလှမွေးတဲ့ ကန်တွေထဲ ထည့်ဖို့ စပ်ဟပ်ရောင်းခဲ့ရပါတယ် ။ ဒီကျောက်က ရေစိုလေ လှလေဗျ ။ ကြုံခဲ့မယ်ဆို ဝေးဝေးကရှောင်ပါ တတ်ယောင်ကားတွေ စကား မယုံပါနဲ့ ။
နောက် ရပ်စောက် ပြန်ရောက်တော့ အုန်းကြော ဟဲလယ်ဖက်က အလွန်ကောင်းတဲ့ ခဲကြောကို စလုပ်ဖို့ မန္တလေး လာခဲ့ပါလို့ သူဌေးက ခေါ်ပါတယ် ။ မန္တလေးရောက်တော့ လိုအပ်တာတွေ ပြောဆိုပြီး ဝန်ကြီးချုပ်ရဲ့ စာထည့်ပေးလိုက်ပါတယ် ။
ကျနောလည်း ကျောက်ဆည်ကို ပြန်သွားပြီး မြေစာရင်းရုံးမှာ သွား အလုပ် လုပ်ရပါတယ် ။ တာဝန်ကျစာရေးကတောင် အဲဒီရွာ ရောက်ခဲ့တယ် ဆိုတာ မယုံဘူး ဖြစ်နေသေးတယ် ။ သူတောင် တနှစ်တခေါက် မရောက်ဖူးတဲ့ ။ ဟုတ်မယ်ဗျ ဆင်ရိုင်းတွေ ဝက်ဝံတွေ ရှိနေသေးတဲ့ တောတောင်ကြီးဆိုတော့ သွားလာရ အတော်ခက်တာကိုး ။
ကျောက်ဆည်မှာ အလုပ်ကိစ္စ မပြီးလို့ နေရတုန်း ရပ်စောက်နယ်ထဲက ထီးခမ်းဆိုတဲ့ ရွာက အဂ္ဂိရပ်ဆရာနဲ့ တွေ့ပါရော ။ သူလည်း ပစ္စည်း လာရောင်းတာတဲ့ ။ ဘာပစ္စည်းဆိုတော့ မိုးကြိုးသွားတဲ့ ။ ဘယ်စျေးရလည်း မေးတော့ သုံးကျပ်သားလောက်ရှိတာကို သိန်း ၃၀၀ တဲ့ ။
" ဟေ့ လူ အကြံအဖန်မလုပ်နဲ့ အတုကြီး သိန်း ၃၀၀ ဆိုရင်"
" ဟာ အတုမို့ ၃၀၀ နဲ့ ရောင်းတာပေါ့ ဒါပေမယ့် ဓါတ်မီးမှာ လိမ်ထားတာ မဟုတ်ဘူးကွ အဂ္ဂိရပ်ထိုးထားတာ "
" ဟုတ်လို့လားဗျာ ဝယ်တဲ့သူ နစ်နာ နေပါမယ် "
" အေးကွ ချို့ယွင်းချက်တော့ ရှိတယ် ဓါတ်မီး တမျိုးပဲ ရတယ် ကျန်တာ မရဘူး နောက်ပြီ ၁၂ ချက်ပဲ ရတယ် ပိုသွားရင်မရတော့ဘူး"
"ဘယ်တော့ စမ်းမှာလည်း"
"ညနေ မန္တလေးက ဘုန်းကြီးလာရင် စမ်းမယ် မင်းလည်း ကြည့်လေ"
" ကြည့်မယ်ဗျာ "
ညနေ ၃ နာရီမှာ စမ်းကြပါတယ် ။ ဘုန်းကြီးက ဘယ်သူ့မှ အထိ မခံပဲ သူ့ဓါတ်မီး နဲ့ သူကိုယ်တိုင် စမ်းတယ်ဗျ ။ သုံးပေ အကွာကနေ ထိုးတာ မီးက ဖြေးဖြေးချင်း မှိန်ပြီး ငြိမ်းသွားတယ် ။ တကြိမ်ပဲ စမ်းပြီး ဘုန်းကြီးက အဆင်ပြေပြီ မနက် တခါထဲ နှစ်ကြိမ် စမ်းပြီး အရောင်းအဝယ်လုပ်မယ် ဆိုပြီး ငွေတသိန်းပေးခဲ့ပြီး စောင့်ခိုင်းတယ်ဗျ ။
ဒီပစ္စည်းက အဂ္ဂိရပ်ဆရာ နှစ်ယောက် ရှယ်ယာ စပ်တူ ထိုးထားတာတဲ့ ။ အဲဒါဗျာ ည နှစ်ယောက်သား မူးပြီး စျေး နည်းတယ် များတယ် စကားများပါရောလား ။ နောက်ဆုံး မင်းဟာ မင်းရောင်းတော့ ဆိုပြီး ၃ ကျပ်သားရှိတဲ့ ပစ္စည်း နှစ်ပိုင်းဖြတ်ပါရော ( လူတွေက နှစ်ယောက်လုံး ၇၀ နားနီးနေပြီ ဘယ်လိုမှ တားမရ ဆီးမရဗျာ တယောက်က လောဘသမား တယောက်က ဒေါသသမားလေ)
အဲဒါ ခြမ်းပြီး ပြန်စစ်တော့ နှစ်ခုလုံး မစွမ်းတော့ဘူး ။ ကိုင်း ဒီအတိုင်းတော့ မဖြစ်ဖူး ညတွင်းခြင်း ဘုန်းကြီး သွားတားရမယ်ဆိုပြီး ဆိုင်ကယ်ငှား သွားရပါတယ် ။ ၆၂ လမ်း လမ်း ၂၁ နဲ့ ၂၂ ကြားထဲပဲဗျ ။ အကျိုး အကြောင်း ပြောပြတော့ ဘုန်းကြီးကလည်း တောက်တခေါက်ခေါက်ပေါ့ ။
အဲဒါ နဲ့ ထီးခမ်းက အဂ္ဂိရပ်ဆရာက တပည့်တော် လက်ဖြစ်ပါဘုရား နောက်တခု လုပ်ပါ့မယ်ဆိုပြီး တသိန်း ပြန်ပေးခဲ့ပါတယ် ။ သူပြောတာကတော့ တခု လုပ်ရင် ၄၈ ရက်ကြာတယ်တဲ့ ။ တရက်ထိုးပြီး ၃ ရက် အအေးခံရသတဲ့ ။ အဲဒါမျိုး ၁၂ ကြိမ်ဆိုတော့ ၄၈ ရက် ကြာမယ်တဲ့ ။
ဒါနဲ့ ပြန်လာပြီး ကျနော်လည်း သတ္တုကိစ္စတွေနဲ့ ဟိုပြေး ဒီပြေး လုပ်နေရပါတယ် ။ ဆတ်သေက ခနောက်စိမ်လုပ်ကွက်တွေလည်း အစိုးရက ချမပေးပါဘူး ။ ကျနော် ထင်သလိုပါပဲ လယ်မြေတွေ အများစုပါနေတာကိုး ။ မြေစာရင်းမှာသာ မြေလွတ်မြေရိုင်း ဖြစ်နေတာ မြေပြင်လက်ရှိက လယ်တွေ ချည်းပါပဲ ။
ဦးသိန်းစိန်အစိုးရကလည်း တောင်သူတွေ နစ်နာမှာ စိုးလို့ ဆိုတဲ့ မှတ်ချက်နဲ့ လုံးဝနိတ္ထိတန်ခဲ့ရပါတယ် ။ ယနေ့ထိ ရွာသားအချို့ ရသလောက်လေး တူးယူရောင်းချနေဆဲပါပဲ ။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ ထီးခမ်းက အဂ္ဂိရပ်ဆရာ ရပ်စောက်ရောက်လာပါတယ် ။
" အောင်ပြီကွ ၅ ၂ ရက် ကြာသွားတယ်"
" ဟုတ်လို့လားဗျာ"
" မင်းအဲလို မေးမှာ သိလို့ တချက်စာပိုပြီးလုပ်ခဲ့တာကွ"
"ဘယလိုလုပ်မှာလဲ"
"တောင်ကြီးမှာပဲ ၃၀၀ နဲ့ရောင်းမယ် မင်းဝယ်လက်ခေါ်ပေး"
" နေအုံး ကျနော့်လူနဲ့ တိုင်ပင်အုံးမယ်"
ရပ်စောက်က မိတ်ဆွေသူဌေး နဲ့ တိုင်ပင်ပါတယ် ။ သူစမ်းပြီး စီစဉ်ပေးမယ်တဲ့။
" အတုကြီးနော အကိုကြီး"
" အဝယ်ကို အမှန်အတိုင်းပြောမယ် လိမ်မရောင်ဘူး စျေးမတင်ဘူး ပွဲပဲယူမယ်ကွာ "
" ပြောကြည့်လေ"
အဝယ်က အားလုံး ကြိုက်တယ် သုံးကြိမ်စမ်းမယ် အောင်ရင် ငွေချေမယ်တဲ့ ။ ဒါနဲ့ ကျနော်တို့ စမ်းပါတယ် လေးပေ အကွာက စမ်းတာ တမိနစ်အတွင်း မှိန်ပြီး ငြိမ်းသွားပါတယ် ။ ဒါနဲ့ အဝယ်ခေါ်ပါတယ် မစွမ်းရင် စရိတ် ပြန်လျှော်ပါ့မယ်ဆိုပြီး ခေါ်ရတာပါ ။ အဝယ်နဲ့ ပိုင်ရှင် တိုက်ရိုက် ပြောပါတယ်
" ၁၂ ကြိမ် သေချာလား ဆရာကြီး"
"ခင်ဗျား ငွေပေါရင် တခါတည်း ၁၂ ကြိမ်လုံး စမ်းသွားပါ ၁၂ ကြိမ် မပြည့်ရင် တပြားမှ မပေးပါနဲ့"
"ကြိုက်ပြီဗျာ ကဲ စမ်းမယ် "
ဒီနေရာ ပညာ ပါတယ်ဗျ ။ ဓါတ်မီးကို မီးဖွင့်ထိုးထားပြီးမှ ပစ္စည်းကို အလင်းတန်း တည့်တည့် ချပါတယ် ။ မီးရောင် မှိန်ပြီး လုံးဝငြိမ်းသွားတော့ မှ ဓါတ်မီးကို မကိုင်ပဲ ပစ္စည်းကို ယူလိုက်ပါတယ် ။ ဓါတ်မီးက ဖြေးဖြေးခြင်း ပြန်လင်းလာပါတယ် ။ ပုံမှန်အလင်းရောင် ပါဝါအပြည့်ပြန်ဖြစ်တော့မှ ပစ္စည်းကို မူလနေရာ ပြန်ထားပါတယ် ။ တမိနစ်အတွင်း ဖြေးဖြေးခြင်း ပြန်ငြိမ်း ပါတယ် ။ ပစ္စည်းပြန်ယူတယ် မီးပြန်လင်းတယ် ။ ပါဝါအပြည့်လင်းအောင် စောင့်ပြီး နောက်ဆုံးအကြိမ် တင်ပါတော့မယ် ။
ဒီတကြိမ်အောင်မြင်ရင် ငွေရပါပြီ ။ ကဲ ပစ္စည်း ပြန်ချလိုက်ပါပြီ ။ ရင်တဖိုဖိုနဲ့ မျက်တောင်မခတ် ကြည့်နေတုန်းမှာပဲ .......
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment