သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၂)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၂)

ပဲဆီရောင် ဝင်းဝါနေတဲ့ ၇' ၈' လောက်ရှိတဲ့ အတုံးကြီးတွေပါပဲ ။ ကျနော် ကြည့်ခဲ့ရတဲ့ VCD ထဲက မြင်ကွင်းပါပဲ ။ သူတို့ ရိုက်ဖဲ့ပြီး ရှေ့ဆက်သွားပါတယ် ။ ကျနော်လည်း သူတို့နောက်ဆက်မလိုက်တော့ပဲ ဂူထဲကို လေ့လာမိပါတယ် ။
ကျောက်ခက်ပန်းဆွဲတွေလည်း အများကြီးပါပဲ ။ တနေရာမှာ ချောက်ကြီး ဖြစ်နေပါတယ် ။ ကျနော်လည်း ဓါတ်မီးထိုးကြည့်တော့ အောက်ထိ မမြင်ရပါဘူး ။ ဒါနဲ့ ဘေးနားက လက်တဆုပ်လောက်ရှိတဲ့ ကျောက်ခဲ ပစ်ချ ကြည့်ပါတယ် ။ ၇ စက္ကန့်မှာ ဘုတ်ဆိုတဲ့ လှိုင်သံ ကြားရပါတယ် ။ ( ရူပဗေဒအရ တွက်မလို့ပဲ ဒါပေမယ့် ဖေါ်မြူလာ မေ့သွားလို့ ချောက်ရဲ့ အနက်ကို မှန်းမရတော့ပါဘူး )
ခဏနေတော့ သူတို့ နှစ်ယောက် ပြန်လာပါတယ် ။ ကိုးစိုးလက်ထဲက ကင်မရာနဲ့. video မှတ်တမ်းတင်ပါတယ် ။ မီးထိုးပြီးရိုက်တော့ ကျောက်တုံးအားလုံးနီးပါးသာ မကပါဘူး ဂူ မျက်နှာကျက်က ကျနေတဲ့ ကျောက်ခက် ပန်းဆွဲတွေက အစ အဝါရောင်တွေ ဖြစ်နေတာ တွေ့ရပါတယ် ။ ( မီးကို နောက်ခံထိုးကြည့်မှ ဝါတာပါ )
ပြန်ထွက်တော့ အဝင်ဝက အဖြူရောင် အတုံးတွေကို အသေအချာ ကြည့်တော့ စလင်း မဟုတ်ပါဘူး ။ ဒေသအခေါ် မြင်းစားကျောက်တွေပါ ။ နောက် ဂူဝမှာ တွေ့ရတာ တွားသွား သတ္တဝါတကောင်းရဲ့ မေးရိုးကြီး ဖြစ်ပါတယ် ။ ၃'၆" လောက်ရှိပါတယ် မိကျောင်းခေါင်းပုံစံ ဖြစ်နေပေမယ့် မိကျောင်း မဖြစ်နိုင်ပါဘူး ဖွတ် အကြီးစား ဖြစ်ဖို့ များပါတယ် ။
ကိုသိန်းကျော် ပထမဆုံး တက်သွားပါတယ် ။ ကိုစိုးက ကျနော့်ကို ကင်မရာပေးပြီး ဒုတိယမြောက် တက်စေပါတယ် ။ ကျနော်လည်း ထုံးစံအတိုင်း ဝါးကို အသက်သခင်လို အားပါးတရ ဖက်ပြီး လှုပ်တုပ်တုပ် သပ်တွေကို အသက်အောင့်ပြီး ညွှတ်ပက် ညွှတ်ပက် ဝါးတလုံးလှေကားကနေ ဖြေးညင်းစွာ တက်ရပါတယ် ။ အပေါ်နား ရောက်တော့ ကိုစိုးကို ငုံ့ကြည့်လိုက်တာ လန့်တောင်သွားတယ် အမြင့်ကြီးကိုး ။
ကျနော်အပေါ်ရောက်တော့ ကိုစိုး တက်လာပါတယ် ။ ဖဲ့ယူလာတဲ့ ကျောက်တွေကို ပုဆိုးထဲမှာ ထည့်ပြီး ပုဆိုးကို ကျောမှာ လွယ်ကာ ဒူးဖုံး ဘောင်းဘီနဲ့ တက်လာတာပါ ။ သူလည်း အပေါ်နားရောက်ကော ကျောပိုးလာတဲ့ ပုဆိုးထဲက ကျောက်တုံးတစ်တုံး ထွက်ကျသွားပါရော ။ သူလည်း ငုံ့ကြည့်ပြီး ဆက်တက်မလာဘူး ။ အပေါ်က ကျနော်က ကိုစိုး တက်ခဲ့လေ ဆိုတော့ ဒူးတွေ တုန်နေလို့ တဲ့ ။ ဒါနဲ့ အပေါ် သုံးဆင့်ကြိုးစားတက်ခဲ့ ကျနော် လှမ်းဆွဲမယ် ဆိုတော့ တက်လာပါတယ် ။ ကျနော်မှီတာနဲ့ ဆွဲတင်လိုက်ပါတယ် ။
ဂူအပေါ်လည်း ရောက်ကော အဘက ပစ္စည်းတွေ စစ်ပါတယ် ။ တကယ်စစ်တော့ စလင်း မဟုတ်ပါဘူး ။ အဘက မှတ်တမ်းတင်ထားတဲ့ video ကို ပြန်ကြည့်ပြီး အတော် ကင်မရာစားတဲ့ ဂူကွာတဲ့ ။ ကျနော်တို့လည်း ဂူကနေ ကိုသိန်းကျော်အိမ်ကို ပြန်လာပါတယ် ။ လိမ္မော်ခြံတွေထဲ ကျနော်နဲ့ ကိုစိုး မျက်စေ့လည်နေသေးတယ် ။ ပြဿနာ မရှိပါဘူး မောလိုက် လိမ္မော်သီး ခူးစားလိုက်နဲ့ပေါ့ ။
ဟိုမေးဒီမေး ပြန်လာတော့ ကိုသိန်းကျော်အိမ်ရောက်ပါပြီ ။ အဘက ပါလာတဲ့ ထပ်တရာ အခဲလေးကို ပြပြီးမေးတော့ သူသိတယ်တဲ့ အခု လမ်းအသစ်ဖောက်ထားတဲ့ နေရာက ရတာတဲ့ ။ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး ။
ညနေလည်း စောင်းပြီဆိုတော့ ကျနော်တို့ ပြန်ခဲ့ပါတယ် ။ အပြန်တော့ မှောင်စပြုနေလို့ ရွာငံဖက်ကနေ ပတ်ပြီး ပြန်လာခဲ့ပါတယ် ။ ပင်းတယရောက်တော့ ည ၈ နာရီရှိပါပြီ ။ ခဏနားပြီး ထမင်းစားပါတယ် ။ နောက် ကောင်းဘိုကို ခရီးဆက်ခဲ့ပါတယ် ။ ကောင်းဘိုရောက်တော့ မပုတို့ မိသားစုက အတင်းပဲ ည အိပ်ခိုင်းပါတယ် ။ နာရီဝက်ခရီးဆိုတော့ မအိပ်ပဲ ပြန်ခဲ့ကြပါတယ် ။
နောက်တနေ့ မနက် လက်ဖက်ရည်သောက်ပြီး အဘ ပြန်သွားပါတယ် ။ ကိုစိုးရယ် ကျနော်ရယ် ဦးသန်းဝင်း နဲ့ အခြားမိတ်ဆွေ ကတော့ အတွေ့အကြုံတွေ ပြန်ပြောရင်း တဟီးဟီး တဟားဟား လုပ်နေကြတာပေါ့ ။ ဂူအတွင်းပိုင်းထိ ဝင်ခဲ့တဲ့ ကိုစိုး ပြောတာကတော့ အကျယ်ကြီးတဲ့ ။ ဆက်မသွားရဲလို့ ပြန်ခဲ့တာလို့ ပြောပါတယ် ။ ကျနော်ရောက်တဲ့ နေရာထိတောင် ပင်းတယ ဂူလောက် ရှိနေပါပြီ ကျန်နေသေးတယ် ဆိုတော့ အတော်ကြီးတဲ့ ဂူပါပဲ ။ ( လေ့လာချင်ရင် လိုက်ပို့ပေးနိုင်ပါတယ် ကုန်ကျစရိတ် တာဝန်ယူကြပေါ့)
နောက် ၂ ရက်လောက်နေတော့ သူဌေးဆီက ဖုန်းလာပါတယ် ။ သူ့မိတ်ဆွေက ရွှေလုပ်ချင်လို့ သစ်တောနဲ့ လွတ်တဲ့ နေရာ ရှိသလား မေးပြန်ပါတယ် ။ သစ်တောမြေဆိုတာ တနိုင်ငံလုံးက မြေ အကုန်နီးပါး ညိပါတယ်လို့ ပြောလိုက်ပါတယ် ။ သစ်တော ပျက်စီးမှုအတွက် ကြိုတင်လျှော်ကြေး မပေးရဲပဲနဲ့ ရွှေလိုချင်တယ်ဆိုရင် ဘုရားက ရွှေသာ ခွါယူပါလို့ ပြောတော့ သူဌေးက မင်းငါ့ကို ရွဲ့ပြောနေတာ မဟုတ်လား တဲ့ ။ ကျနော်ရီတော့ သူလည်း ရီပါတယ် ။
အရင်တခါ ရှာထားတဲ့ ယင်းမာပင်နားက ရွှေသွေးချောင်း လုပ်ကွက်ကို ပြောတော့ မဟုတ်ဘူး အဲဒီသူဌေးက ရှမ်းထဲမှာ လုပ်ချင်တာတဲ့ (ယင်းမာပင်က သာစည်မြို့နယ်) ဒီတော့ သူ့လစာ စားမှတော့ ရဲရတာပေါ့ ။ ကိုစိုးကို မေးကြည့်တော့ ရှိတယ်တဲ့ ဒါပေမယ့် သွားရခက်တယ် ပြောပါတယ် ။ ဘယ်နေရာလည်း ဆိုတော့ လူရုပ်တောင် တဲ့ ။
" ဟာ ခင်ဗျားနာမည်ကလည်း လူပုံသဏ္ဍန် တောင်လား လူယုတ်မာတွေ နေတဲ့ တောင်လားဗျ"
"စိတ်ဝင်စားစရာ နာမည်ပဲ"( အနီးအနားက အဂ္ဂိရပ်ကဆရာ ဝင်ပြောတာပါ)
" ဘာတွေ စိတ်ဝင်စားတာလည်း ဗျ"
"လူရုပ် ဆိုတာ လုပ်ယူ လို့ ပြောတာဗျ ဒါ အဂ္ဂိရပ်စကားပဲ"
"ဟိုက် ကျွတ် မုန်း ဝင် ထက်ဆိုးနေပါ့မယ်"
" တကယ်ပြောတာ သွားသာသွား ထူးခြားလိမ့်မယ်"
"ကဲပါဗျာ မထူးလည်း သွားရမှာပါ ထမင်းရှင် သူဌေးက ခိုင်းနေတာပဲလေ ကိုင်း ကိုစိုး မနက်သွားမယ် အခု လိုတာ ဝယ်ပေတော့ "
ဆိုင်ကယ်ပြင်ပါတယ် အင်ဂျင်ဝိုင် တာယာ ကျွတ် ဒိုင်ခွက် ဘက်မှန် အကုန် အသစ်လဲ ပါတယ် ။ ခရီးဝေးချည်း သွားနေတဲ့ ဆိုင်ကယ်တွေဟာ ဘီးပေါက်တာနဲ့ ကျွတ်အသစ် လဲစီးမှ စိတ်ချရပါတယ် ။ ဖာထားပြီဆိုရင် အပူရှိန်ကြောင့် အဖာ ပြန်ကွာ ပါတယ် ။ စားဖို့ သောက်ဖို့ ဝယ်ခြမ်းပြီးတာ နဲ့ မနက်သွားဖို့ အနားယူပါပြီ ။ ကဲ မနက်ဖြန် လူရုပ်နဲ့ တွေ့ရပြီပေါ့ ဗျာ ။
ဘယ်ကနေ သွားရသလဲ ဆိုတော့ မုံပြင်ဆိုတဲ့ ရွာကနေ တဆင့် ပလောင်ရေဖြူ ရွာ ( ရေဖြူ ဆိုတဲ့ ရွာ ၂ ရွာပါ တရွာက ရပ်စောက်အဝင်က ရွာပါ ဒါက ပလောင်တွေချည်း နေတဲ့ ရွာလေးပါ) ပလောင်ရေဖြူ ဥက္ကဌ အိမ်မှာ ဆိုင်ကယ်တွေ ထားခဲ့ရပါတယ် ။ ရှေ့ရှောက် ဆိုင်ကယ်စီးမရပါဘူးတဲ့ ။
ဥက္ကဌက မြင်းငှါးပါလားတဲ့ ။ မစီးတတ်လို့ မငှါးတော့ပါဘူးဆိုပြီး ခြေလျှင် တက်ရပါတယ် ။ အတော်မြင့်တဲ့ တောင်တန်းပါပဲ ။ သွားရင်းနဲ့ လမ်းက ကျဉ်းလာလိုက်တာ နောက်ဆုံး မျက်နှာခြင်းက လာနေတဲ့ မြင်း နဲ့ ရှောင်တာတောင် လူက တောင်နံရံကို ကျောနဲ့တသားတည်းဖြစ်အောင် ကပ်ထားပြီး ဗိုက်ကို ရှပ်နေအောင် အသက်အောင့်ပြီး ရှောင်ရပါတယ် ။ ဒါတောင် တချက် တချက် မြင်းဗိုက်နဲ့ ပွတ်မိသေးတယ်ဗျာ ။
သွားရင်းနဲ့ ဗိုက်ဆာလာပါရော ။ ဒါနဲ့ နားပြီး ပါလာတဲ့ မုန်းစားဖို့ လုပ်နေတုန်း ရှေ့နားက အသံတွေ ကြားရပါတယ် ။ ဘာလည်းဆိုပြီး သွားကြည့်တော့ စျေးရောင်းတဲ့ အဖွဲ့တွေ တွေ့ရပါတယ် ။ မြင်းတွေနဲ့ဗျ လူ ငါးယောက် မြင်း ၃ ကောင် ပါတယ် ။
အနားမှာလည်း တောင်းတလုံးချထားပါတယ် ။ မေးကြည့်တော့ ဂျီသား ဝယ်နေကြတာတဲ့ ။
ကျနော်တို့ကို ဘယ်ကလည်း ဘယ်သွားမလဲ မေးတော့ ကိုစိုးက ချောင်းငယ်ရွာ အလည်သွားမှာလို့ ဖြေပါတယ် ။ စားပြီး ပြီလားမေးလို့ မေးလို့ မစားရသေးကြောင်း ပြောတော့ သူတို့မှာ ထမင်းပါတယ် စားသွားပါတဲ့ ။ ဒါနဲ့ ဂျီသား တပိဿာ ၃၀၀၀ိ/ဖိုး ဝယ်ပြီး ကျော်ခိုင်းလိုက်ပါတယ် ။ ဂျီသားက လတ်ဆပ် နူးညံ့တော့ ခဏနဲ့ ကျက်ပါတယ် ။ အားပါးတရ စားသောက်ပြီးတော့ ပါလာတဲ့ မုန့်တွေ ဝေစားပြီး နုတ်ဆက်ခါ ခရီးဆက်ခဲ့ပါတယ် ။
သတ္တုသမား နှစ်ယောက်ဆိုတော့ ဗီဇက မပျောက်ဖူးဗျ ။ တလမ်းလုံး တွေ့သမျှ ကျောက် ကောက်ကြည့်နေတာပေါ့ ။ တနေရာ ကုန်းလေးပေါ် ရောက်တော့ သတ္တုတွေ အစအနအဖြစ်တွေ့ရပါတယ် ။ ဒါပေမယ့် သတ္တုကြောရှိရမယ့် ရေခံ မြေခံ မဟုတ်ပြန်ဘူး ။ လေ့လာမိတော့ မလှမ်းမကမ်းက သူ့အပေါ် မိုးထားတဲ့ တောင်တန်းပေါ်က ငလျှင်ဒဏ်ကြောင့် ပြုတ်ကျလာတဲ့ အစအနတွေလို့ ကောက်ချက်ချမိပါတယ် ( ကွာလတီ အတော်ကောင်းပါတယ်)
တအိအိနဲ့ သွားလိုက်တာ ညနေ ၃ နာရီလောက်မှ ချောင်းငယ်ကို ရောက်ပါတယ် ။ ရွာလူကြီး မေးပြီး သွားပါတယ် ။ သတ္တုလာရှာတာပါလို့ ပြောရပါတယ် ။ ရွာလူကြီးက မနက်မှ လမ်းပြ ငှါးပေးမယ် သူ့အိမ်အိပ်ပါတဲ့ ။ ဒါနဲ့ ခဏနားပြီး ချောင်းထဲ ရေချိုး ပါတယ် ။ နောက် ရွာ ဝန်းကျင် လျှောက်လည်တော့ တောင်ယာစပါး ခင်း နဲ့ ပြောင်းခင်းပဲ တွေ့ရပါတယ် ။ အခြားသီးနှံ မတွေ့ရပါဘူး ။
သူတို့ ရပ်တည်မှုကို စိတ်ဝင်စားလို့မေးမိပါတယ် ။ သူတို့ရွာက တောထွက်ပစ္စည်း အဓိက ရောင်းတာပါတဲ့ ( အမဲလိုက် စစ်စေးထိုး ပျားဖွပ် ထင်ရှူးဆီထုတ် ဒါမျိုးတွေပေါ့ ) ။ စျေးရောင်း စျေးဝယ် သယ်ယူစရိတ်က ဘာပစ္စည်းဖြစ်ဖြစ် တပိဿာ ၃၀၀ိ/ ( ၂၀၁၃ စျေး) ဒီတော့ ရွာကို လေ့လာမိသလောက်ကလည်း ပြည့်ပြည့်စုံစုံတွေ ချည်းပဲဗျ ။ ကျနော် မယုံတာနဲ့ ရွာလူကြီး ခြံထဲ ဟိုဟို ဒီဒီ လျှောက်ကြည့်တော့ ဖိုထိုးတဲ့ လုံကွဲတွေ အများကြီး တွေ့ရပါတယ် ။
ဒါနဲ့ ပလောင်က ဘာ ပလောင်လည်း ရွေပလောင်လား ငွေပလောင်လား ဆိုတော့ ရွှေပလောင်တဲ့ ။ သေချာသလောက်ပါပဲ ဒီဝန်းကျင်မှာ ရွေကောင်းကောင်း ထွက်ပါပြီ ။ ( အဲဒီဒေသတွေက ထွက်တဲ့ ပစ္စည်းအပေါ် နာမည် မှည့်တတ်တယ် ပေါကကရ အလှ နာမည်မပေးတတ်ဖူးဗျ ။ နန်းခဲကြီး နန်းခဲလေးဆိုရင် ခဲထွက်တယ် ။ ကျိုင်းဆိုတာ ပါရင် ရွှေထွက်တယ် ။ ကြေးချောင်းဆို ကြေးထွက်တယ်ဗျ ။ ရွှေပလောင်မျိုးက ရွှေနဲ့ လုပ်စားတတ်တဲ့ အမျိုးနွယ်ပါပဲ)
ကျနော်တို့လည်း လူရုပ်တောင်ကို ချောင်းငယ်ကတဆင့် လမ်းပြကို တရက် ၅၀၀၀ နှုံး နဲ့ ခေါ်ခဲ့ပါတယ် ။ သွားရလာရ ခက်ခဲလွန်းတော့ သစ်ကြီး ဝါးကြီးတွေ အများကြီး ကျန်နေပါသေးတယ် ။ မုဆိုးလမ်းပြက လမ်းမှာ တွေ့ရတဲ့ တပင်တိုင်မြနန်း ဥ တွေ တူးပေးပါတယ် ။ တပင်တိုင် အစစ်တွေပါ အရွက်က ကွမ်းရွက် ပုံသဏ္ဍန် ပါပဲ ဒါပေမယ် အရွယ်အစားက သေးပါတယ် အရောင်က ဗိုက်မှာ အစိမ်း ကျောဖက်က ပန်းရောင်ပါ ( အခြား အရောင်တွေ လည်း ရှိတယ်ပြောပါတယ်)
လူရုပ်တောင်ရောက်တော့ သိပ်အေးတဲ့ နေရာ သိလားမေးတော့ မုဆိုးက လျိုထဲ ခေါ်သွားပါတယ် ။ အောက်ခြေက ချောင်းထဲက ရေဟာ ရေခဲရေတမျှအေးနေတာ တွေ့ရပါတယ် ။ ကိုစိုး နဲ့ ကျနော် ဝန်းကျင်ကို လေ့လာတော့ ရွှေရှိနိုင်တဲ့ လက္ခဏာ အတော်များများ တွေ့ရပါတယ် ။ ဒါနဲ့ သံကြေးကြောထဲမှာ ချပေါက်မဲမဲလေးတွေ ပါတဲ့ မြေနမူနာ ယူပြီး ပြန်ခဲ့ပါတယ် ။
ရွာကို ပြန်ရောက်တော့ ရွာလူကြီးကို အကျိုးအကြောင်းပြောပြီး တည အိပ်ရပါတယ် ။ လမ်းပြကို ၁၅၀၀၀ိ/ ပေးလိုက်ပါတယ် ။ မုဆိုးအိမ် သွားလည်တော့ သူလည်း မခေဘူးဗျ ။ မီဖိုထဲမှာ လုံကွဲလေးတွေ စီနေတာပဲ ။
မနက်လင်းတော့ ပြန်လာပါတယ် ။ ပလောင်ရေဖြူကို ရောက်တော့ ၁ နာရီလောက် ရှိပါပြီ ။ ဆိုင်ကယ်တွေယူရင်း စကားဝင်ပြီးပြောတော့ ပလောင်ရေဖြူ ဥက္ကဌက သူ့ဆီမှာ ဝက်မန်စွယ်ကွင်းပိတ်ရှိကြောင်း ပြောပါတယ် ။ ဘာစွမ်းသလဲ မေးတော့ တူမီးနဲ့စမ်းတာ ကျည်မထွက်ဖူးတဲ့ ။ ဒါနဲ့ ကျနော်တို့ လည်း ငှက်ပျောမတက်စမ်းဖို့ စီစဉ်ပါတယ် ( ငှက်ပျောမတက်ရင် ကျည်မထွက်ပါဘူး)
ရေနားနီးတဲ့ လုံးပတ်တုတ်သော ပင်ပျို ( အသီးမသီးရသေးသော) ကိုရွေးပါတယ် ။ ဒါးနဲ့ ခုတ်ဖြတ်ပြီး ခဏစောင့်ပါတယ် ။ အလယ်အူတက်လာတာတွေ့မှ ထပ်ပြီး ခုတ်ပါတယ် ( အချို့ငှက်ပျောပင်တွေက မူလကတည်းက အလယ်အူ မတက်လာတာတွေ ရှိပါတယ်) ။ နောက်ဝက်မန်စွယ်ကို တင်ထားလိုက်ပါတယ် ။ မျက်နှာပြင် မဲသွားပါတယ် နောက် ၁:၂၀ ထိ တက်မလာတော့ပါဘူး ။
ဒီတော့ ရွာလူကြီးကို ရှင်းပြရပါတယ် ။ ဒီလိုရွာထိ ဘယ်သူဌေးမှ လိုက်မဝယ်ကြောင်း ဒါကြောင့် ရပ်စောက်ကို လိုက်ရောင်းမှ အဆင်ပြေမယ့်အကြောင်း ပြောပြတော့ လာခဲ့မယ်တဲ့ ။ ( သူက ရွာလာကြီးဆိုတော့ မြို့လည်း မကြောက်ဘူး လေ) ။
ဒါနဲ့ ကိုစိုးကို မေးတော့ သူ့မျက်မြင်မို့ ဝယ်လက်ကို သူခေါ်ပေးမယ်တဲ့
။ နေအုံး အခု သတင်းပဲ ပို့ထား ပစ္စည်းလာမှ ခေါ်ပါလို့ အကြံပေးတော့ ဟုတ်ပြီဆိုပြီး ပြောပါတယ် ။
မနက်လင်းတော့ ရောက်လာပါတယ် ရွာလူကြီးနဲ့ လူနှစ်ယောက်ပါ ။ သူတို့လာမှ လှန်းခေါ်လို့ စိတ်ဆိုးနေသေးတယ် ။ ဝယ်သူလာပြီး ပစ္စည်း မလာခဲ့ရင် စရိတ်လျှော်ရမှာ မို့လို့ သေချာအောင် လုပ်ရတာလို့ ရှင်းပြရပါတယ် ။
အဝယ်က တောင်ကြီးကလာတော့ ၂ နာရီ ပဲ ကြာပါတယ် ။
"ကဲ ပစ္စည်း အရင်ပြပါအုံး"
"ဒီမှာဗျ"
"အမြင်ကတော့ ကောင်းတယ်ဗျာ စွမ်းဖို့ပဲလိုတယ်"
"မနေ့ကမှ စမ်းလာတာပါ"
"ဟုတ်ပါပြီ ဒါကြောင့်လည်း ယုံလို့ လာတာပေါ့ ကဲ စမ်းကြစို့"
ငှက်ပျောပင် ရှိရာ ခေါ်သွားပြီး အပင်ရွေးပါတယ် ။
"ကဲ ဒီအပင်ခုတ်ကွာ"
ဒါးတချောင်း ယူလာပါတယ် ဒါးက သံချေးတက်နေတော့ အပင်မဲသွားတာ ဒါးကြောင့်လည်း ဖြစ်နိုင်တာမို့
" ကဲ ဒါးကို သံချေး ပြောင်အောင် သွေးလိုက်အုံးကွာ"
(ဒါးသွေးနေတုန်း အားမွေးအုံးမယ်ဗျာ )
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ