သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၃)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၃)

ဒါးသွေးပြီး ပြန်ယူလာပါပြီ ။ ဒီဝယ်လက်က တနာရီ ကြာအောင် ထားမယ် ပြီးရင် တနာရီ နားမယ် ပြီးရင် နောက်တပင် နာရီဝက် ထားမယ် အောင်ရင် ဝယ်မယ်ပေါ့ ။ တပင်အောင်ရင် ခရီးစရိတ်ပေးစရာမလိုဘူး မအောင်ရင် ခရီးစရိတ် ၁ သိန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ပါ ။
ငှက်ပျောပင်ကို ခုတ်ပါတယ် အူထွက်လာလို့ နောက်တကြိမ် ထပ်တိပြီး တင်လိုက်ပါတယ် ။ မျက်နှပြင်က ငါးမိနစ်မှာ မဲစပြုလာပါတယ် ။ အားလုံးကတော့ ရေနွေးသောက်လိုက် ထကြည့်ပေါ့ ။ မိနစ် ၄၀ ကျော်လာတော့ ရင်ခုန်လာပါပြီ ။ နောက်ဆုံး ၄၅ မိနစ် ထကြည့်တဲ့ အထိ အဆင်ပြေ ပေမယ့် ၅၁ မိနစ်မှာ စတက်လာပါတယ် ။
ဝယ်လက်ကလည်း ကျေနပ်ပါတယ် ခရီးစရိတ် တသိန်း မယူပါဘူး ။ သူထင်မြင်ချက်ပေးတာကတော့ အချို့ ဂန္ဘီရ ပစ္စည်းတွေက အရောင်း အဝယ် လုပ်တာ မနှစ်သက်ဖူးတဲ့ ။ ပိုင်ရှင်စမ်းရင် အောင်မြင်ပြီး အရောင်းအဝယ်လုပ်ရင် မအောင်တဲ့ ပစ္စည်းတွေ အတော်များများ တွေ့ဖူးတယ်လို့ ပြောပါတယ် ( ကျနော်ကတော့ ဒီတခုက စ ပြီး တွေ့ဖူးတာပါ) နောက်တခါ ပစ္စည်း စမ်းမယ် ဆိုရင် ပိုင်ရှင်ကို စတိ အဖြစ် ငါးရာ တစ်ထောင် ပေးပြီးမှ စမ်းပါတဲ့ ။ အရောင်းအဝယ် လက်မခံရင် အဲဒီ လို စမ်းတဲ့ အချိန်ကတည်းက ပျက်ပါမယ်တဲ့ ပညာသင်ပေးသွားပါတယ် ။
လုရုပ်တောင်က နမူနာ ရန်ကုန်ကို ပို့လိုက်ပါတယ် ။ နောက်နှစ်ရက်ကြာတော့ ကြိုက်တယ်ဆိုပြီး အကြောင်းပြန်ပါတယ် ။ ကျနော့်ဆီကို GPS တောင်းပါတယ် ။ စိတ်ချရရဲ့လား ဘော့စ် ဆိုတော့ သူ့မိတ်ဆွေရင်းပါ စိတ်ချရပါသတဲ့ ။
ကိုစိုးကိုပြောတော့ သိပ်မကြည်ပါဘူး ။ သူက ငွေလိုချင်တာဗျ ။ ကျနော်က ရှင်းပြပါတယ် အဆင်ပြေ အောင်မြင်မှ ရမှာပေါ့ အခုလို ကုန်ကျစရိတ် ထောက်ပံ့နေတာကိုက သူ့ကျေးဇူးမနည်းဘူးလေ ဆိုတော့ ခင်ဗျားက လစာ ရတာကိုးတဲ့ ။ ကျနော်လည်း စိတ်မကောင်းဘူးဗျ ဒါကြောင့် ခင်ဗျား ဒီလို ခြေ လှုပ် ခြေဖိုး လက်လှုပ် လက်ဖိုးလိုချင်တယ်ဆို ကျနော်နဲ့ အဆင်မပြေပါဘူး အခြား ပါတနာ ရှာပါ ဆိုတော့ မလှုပ်တော့ဖူး ။
ကျနော်ကတော့ စိတ်ရှင်းတယ်ဗျ သူဌေးငွေနဲ့ သွားတယ် သူနဲ့ အကျိုးပေးရင် လုပ်ငန်းကြီးတွေ လုပ်ခွင့်ရမယ် ။ ဘာမှ အဆင်မပြေဘူးလား ကျနော့်အတွက်တော့ လစာ ရတယ် အမှန်တကယ် ကုန်ကျစရိတ်ကို ထောက်ပံ့ပေးနေတယ် တော်ပြီဗျ ကျေနပ်တယ် ။ ကျနော် ဒေသန္တရ ဗဟုသုတရမယ် အသိပညာ အတတ်ပညာ တိုးလာမယ် ဒါတွေ မြတ်ပြီ လေ ။
ဒီလိုနေတုန်း လှိုင်ကော်က ဖုန်းဆက်လာပါတယ် ။ ဒိုးဆီတွေ့ထားတယ် သူ့အိမ်မှာပဲ စစ်ဆေးရမယ်တဲ့ ။ သူဆိုတာ ရပ်စောက်သား ကိုတိုးတဲ့ ။ လှိုင်ကော် ပြည်နယ် သစ်တောရုံး ရှေ့တည့်တည့် အိမ်မှာ နေတာပါ ။
ကျနော်လည်း လှိုင်ကော်ကို သွားချင်နေတာပါ ။ ရန်ကုန်က ကျောက်မျက်သူဌေး ဦးဇော်လင်း စိတ်ဝင်စားတဲ့ လှိုင်ကော်မြ ကိစ္စရယ် အခြား အမည်မသိ တွင်းထွက်တွေရယ် စိတ်ဝင်စားလို့ ဖြစ်ပါတယ် ။
ကံအားလျှော်စွာပဲ ဦးချမ်းဆိုတဲ့ မိတ်ဆွေ ရောက်လာပါတယ် ။ သူကလည်း လှိုင်ကော်လိုက်မယ် ကျောက်ဝယ်ချင်တယ် ပြောပါတယ် ။ ဒီတော့ အားလုံးစီစဉ်ရပါပြီ ။ အဲဒီအချိန်တုန်းက ဒိုးဆီဝယ်လက် ကျနော်မသိသေးပါဘူး ။ လှိုင်ကော်ဆိုရင် ၁၀ သိန်းတင်မှ လိုက်မယ်ပြောပါတယ် ။
ကိုစိုးက ကျနော့်ကို တင်မလားတဲ့ ? NO ပါပဲ ဒါမျိုးကုန်ခဲ့သူတွေ အများကြီးပါ ကျနော် မတင်ပါဘူး ဆိုတော့ ရပ်စောက်က သစ်သမား ကိုရဲ ဆိုတဲ့ တယောက်ကို ပါတနာ အဖြစ် ခေါ်လာပါတယ် ။
သစ်သမားခြင်းကို ကိုရဲက ပိုယုံတော့ အခြေအနေမေးပါတယ် ။ အေး ကိုတိုး ပြောတဲ့အတိုင်း မှန်ခဲ့ရင် ၁၀ သိန်းအရင်းလိုမယ် မမှန်ဖူးဆိုရင် ခရီးစရိတ်ကုန်မယ် ဆိုတော့ ရတယ်တဲ့ ။ ( လမ်းမှာ ကုန်တာကို ဦးချမ်းက ဒကာလုပ်ခဲ့ပါတယ် )
ဟိုရောက်တော့ ကိုတိုးအိမ်မှာ တည်းပါတယ် ။ ပထမဆုံး ကိုတိုးမိတ်ဆွေ ကျောက်သမားတွေဆီက ကျောက်တွေ ကြည့်ပါတယ် ။ ဦးချမ်းက နမူနာ အဖြစ် အတော်များများ ဝယ်ပါတယ် ။ အဓိကဇာတ်လိုက် ဒိုးဆီ ဆရာတွေ နောက်တရက်မှ ရောက်လာပါတယ် ။
လူချည်းပဲ လာတာပါ ။ ဒီအိမ်ကို လာမပြနိုင်ဘူးတဲ့ သူတို့ရွာကို လာကြည့်ပါတဲ့ စစ်ဆေးပြီး အောင်ပြီဆိုတာနဲ့ သိန်း ၅၀ ချပေးရမယ်တဲ့ ။ ကဲ ကိုတိုး ဘယလိုလဲ ဆိုတော့ ပွဲစား ဂေါ်ရခါး ကို ထပ်မေးပါတယ် အင် အယ်နဲ့ ဘာမှမပြောနိုင်ပါဘူး ။ ဒါနဲ့ အဲဒီ ဂေါ်ရခါးကပဲ သူ့ဆီမှာ မီးဖြတ် ပစ္စည်း ရှိတယ်တဲ့ ဘယ်စျေး ပေးမလဲ ဖြစ်ပြန်ရော ။
"ခင်ဗျား ပါဝါတွေပြောလေ"
"ဆယ်ပေ မီးပြတ် ဆန်က ၃ ပေကပ်တယ် ငါးမိနစ်အတွင်း ပြန်ကွာတယ် ခြစ်ကြည့်ရင် 123 ပိတ်တယ်"
(မသိသေးသူများအတွက် ရှင်းပြပါရစေ ဒီပစ္စည်းဟာ ဓါတ်မီးနဲ့ထိုးရင် ဆယ်ပေအကွာကတောင် မီးငြိမ်းပါသတဲ့ သူက သာမန်ဆန်စေ့ကို သုံးပေ အကွာက ဆွဲယူပြီး ငါးမိနစ်မှာ ဆန်တွေ မဲသွားပြီး ကွာကြလာပါသတဲ့ ဒါးနဲ့ ခြစ်ကြည့်ရင် အစင်းသုံးချောင်းခြစ်လိုက် တတိယအစင်း ခြစ်ပြီးတာနဲ့ ပထမဆုံးမစင်းက မူလအသား ပြန်ဖြစ်ပါသတဲ့ အလွန်ထူးဆန်းပါတယ် ဘာကြောင့် ဖြစ်ရသလဲဆိုတာ နောက်ပိုင်းမှ ကျနော် လည်း သိပ္ပံနည်းကျ သိခဲ့ရပါတယ် အဲဒီအကြောင်း အချိန်တန်တော့ ဖေါ်ပြပါမယ်)
"အလေးချိန် "
"၄၅ ကျပ်သား"
"လှိုင်ကော်တင် လုပ်မယ်ဆိုရင် ငွေတင်ရမယ် ဘယ်လောက်တင်မှာလည်း"
"သိန်းငါးရာ" ( အလွန်ဖင်ခေါင်းကျယ်တဲ့ စကားပါ)
"ဘယ်စျေး ခေါ်မလဲ"
"တကျပ်သား သိန်းငါးသောင်း"
"မှန်ကွဲသလား" ( ကြည့်မှန် ရှေ့မှာ ချလိုက်ရင် မှန်ကွဲရပါတယ်)
"အဲဒါ မပါဘူး သုံးမျိုးပဲ အစမ်းခံတယ်"
"ကောင်းပြီ မေးပေးမယ် "
ရန်ကုန်ကို လှန်းမေးတော့ အဲဒါ ဘာမှ မဟုတ်ဖူးတဲ့ အလိမ်ဇယား လုပ်မနေနဲ့လို့ ပြောပါတယ် ။ ကျနော်တို့လည်း မနက်မှ အကြောင်းပြန်မယ် ပြောခဲ့ပါတယ် ။ ကျနော်နဲ့ ဦးချမ်း နှစ်ယောက်ထဲ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း ကိုသားကြီးဆိုတဲ့ ပွဲစား ရောက်လာပါတယ် ။
သူနဲ့အတူ စလင်း ပန်းစွဲနဲ့ ခရမ်းစွဲတွေ ပါလာပါတယ် ။ သွေးပြီး အရောင်တင်ပြီးဆိုတော့ အတော်လှပါတယ် ။ ဦးချမ်းကတော့ မိတ်ဖြစ်ဆွေဖြစ် ဝယ်လိုက်ပါတယ် ။ နောက် နီလာတွေရှိတယ် လိုက်ပြမယ်ဆိုပြီး ပြောပါတယ် ။
ဒါနဲ့ သူ့နောက်လိုက်သွားတော့ အိမ်တအိမ်ရောက်ခဲ့ပါတယ် ။ တိုလီမုတ်စတွေ အများကြီး စုဆောင်းထားတာ တွေ့ရပါတယ် ။ နောက်မှ ဆီစိမ်ထားတဲ့ အပြာရောင် အခဲလေးပြပါတယ် ။ ပက်လက်လန်ပါရောလား ။ ဖရိုရိုက် အပြာကို ဆီစိမ်ထားတာပဲ ။ ရှိသေးတယ် ဆိုပြီး ရေပုံးကြီးယူလာပြီး ဖရိုရိုက်တွေကို ရေထဲက ဆယ်ပြပါတယ် ။
" ဘာတွေလည်းဗျ"
"နီလာအရိုင်းတွေ"
"မဟုတ်ဘူးဗျ"
"ဟင် သိလား ဒါနီလာမဟုတ်ဖူးပေါ့"
"သွားတိုက်ဆေး ကြော်ငြာထဲ ပြော ပြော နေတဲ့ ဖရိုရိုက် ဆိုတာ ဒါပဲဗျ "
"ဟုတ်လား မသိပါဘူး သူများက ရောင်းပေးပါဆိုပြီး အပ်ထားလို့"
"ပေါင်းလောင်းဖက်က လာအပ်တာလားဗျ"
"ဟာ ဟုတ်တယ် ဘယ်လိုသိလည်း"
"ကျနော်ရောက်ပြီးပြီဗျ "
"သြော် ဟုတ်လား"
"ဟုတ်ပါ့ ဒါထက် ခင်ဗျား ထုတ်ပြနေတာ အတော်များနေပြီ အရေးကြီးတာ မပါသေးဘူး"
"ဘာလည်း ဟင်"
"လှိုင်ကော် မြ"
"သြော် ရှိတာပေါ့ " ( ၂ ပြီသားလောက် ထုတ်လာပါတယ်)
"ကြည့်မယ်နော်"
( အသေးတွေ များပြီး နဲနဲ့ ကြီးတာ ကျတော့ အနာတွေပါတယ် )
"ရွေးကျတွေပဲဗျ"
"ဟုတ်တယ် ဟုတ်တယ် တွင်းထဲက မရွေးရသေးတာဆိုရင် တပိဿာ ၆ သိန်းစျေး ရှိတယ်"
( ရတနာကို ပိဿာချိန်နဲ့ စျေးနဲ့ ရောင်းတဲ့ တိုင်းပြည်ဗျ အံ့သြစရာ)
"ကောင်းပြီဗျာ နောက်တခေါက်လာမှ လာခဲ့ပါ့မယ်"
"ဒီကာလာ စလင်းလေးတွေ စိတ်မဝင်စားဘူးလား"
ကြည့်လိုက်တော့ တပေလောက်ရှိတဲ့ စလင်းအနီရယ် အစိမ်းရယ် နှစ်မျိုးဗျ ။ နောက် စလင်းအဝါက အကျိုးလေးတခု ပါတယ် ။ သိပ်ပြီး လှလွန်းတယ် တချောင်းလုံး အကြည် အဖျောင်ဆိုတော့ မသင်္ကာဖူး ( အောက်ခြေမှာ ဖြူညစ်ညစ် ပါရပါမယ်) ။
"စစ်ကြည့်မယ်နော် "
"စစ်ပါ "
လက်ထဲဆကြည့်တော့ အတော်လေးပါတယ် ဝိတ်ကတော့ မှန်ပြီ ။ ဒါနဲ့ ဖန်ခွက်ကို စလင်းအဖျားနဲ့ ဆွဲခြစ်လိုက်တော့ ဂျိ ဆိုပြီး ဖန်ခွက်မှာ အစင်းရာ ထင်သွားပါတယ် ။ ဦးချမ်းပါ စိတ်ဝင်စားပြီး မေးပါတယ်
"ဒါ သဘာဝလား"
"ဟုတ်ပါတယ်"
"တချောင်းလုံး အရောင်ဝင်နေတာ အတုထင်လို့"
"အောက်ပိုင်းက နောက်နေတာတွေ ဖြတ်ထားလို့ပါ"
(ဒါလည်း ဟုတ်တာပဲ ကျနော်လည်း ကျိုးနေတဲ့ အဝါရောင်လေးကို အသေအချာ ကြည့်ပြီး ဦးချမ်းကို ပြလိုက်ပါတယ်)
"သြော် ဟုတ်သားပဲ ကဲ ပြန်ကြအုံးစို့ဗျာ ၂ ယောက်ထဲ ထွက်လာတာ မကောင်းဘူး ကြာနေပြီ"
ကျနော်တို့ပြန်လာပါတယ် လမ်းမှာ ဦးချမ်းက ပြောပါတယ် ခင်ဗျား မြင်လို့ဗျ ကျုပ်က တစ်တုံး ဝယ်တော့မလို့တဲ့ ။ ကျနော် ပြလိုက်တာက ပဲ့နေတဲ့ နေရာက စက်ဝိုင်းခြမ်းလို အရစ်ကလေးတွေကို ပြလိုက်တာပါ ။ စလင်းအစစ်ရဲ့ အဲဒီလို အစင်းရာဟာ မျဉ်းဖြောင့်တွေပါ ။ ဒါပေမယ့် အတုက ဖန်နဲ့လုပ်ထားတော့ အပူပေးရတာပေါ့ အပူရှိန်ကြောင့် လည်နေတဲ့ ဖန်ရည်တွေဟာ အေးခဲချိန် ရောက်တော့ အခုလို စက်ဝိုင်းခြမ်းပုံ အရစ်တွေ ကျန်နေတာပါ ။
ကျနော်တို့ ကိုတိုးအိမ် ပြန်ရောက်တော့ ကိုသားကြီးက ထပ်ပြောပါတယ် ။ အမြန်လမ်း မိုင် ၁၂၀ မှာ သံစားကျောက် လာစမ်းပါ မှန်မှ ရောင်းပေးပါလို့ ပြောနေပါတယ်တဲ့ ။ ကိုစိုးနဲ့ ကိုရဲက သွားချင်နေပါတယ် ။
ဆိုင်ကယ်နဲ့ သွားမရဖူး ရပ်စောက်ကိုပြန်ပြီးမှ သွားရမယ်လို့ တိုင်ပင်ပါတယ် ။ ရပ်စောက်ရောက်တော့ သွားဖို့ စီစဉ်ပါတယ် ။ ကိုရဲက ကားငှားပါတယ် ကျနော်က စားသောက်စရိတ်ခံပါတယ် ။
ကိုတိုး | ကိုသားကြီး | ကိုစိုး | ကိုရဲ | ကျနော် နဲ့ ကားဆရာ ၆ ယောက် ပရိုဘောက် နဲ့ ဆင်းသွားပါတယ် ။
မိုင်တိုင် ၁၂၀ ရောက်တော့ ဆိုင်ကယ်နဲ့ စောင့်နေပါတယ် ။ ဖြူးမြို့ အရှေ့ဖက် ကြံခင်းတွေနား ခေါ်သွားပါတယ် ။ ကောင်လေး နှစ်ယောက် စောင့်နေပါတယ် ။ ကားထဲကြည့်ပြီး အရေးကြီးတဲ့ နှစ်ယောက် လိုက်စမ်းပါတဲ့ ။ ငွေမထည့်တဲ့ ကိုစိုးက သူသာအဓိကတဲ့ နောက် ငွေရင်းထည့်ထားတဲ့ ကိုရဲကိုလည်း သိစေချင်တော့ သူတို့ နှစ်ယောက် စစ်မတဲ့ ။
ကျနော်က ပါလာတဲ့ သံကို ပေးလိုက်ပြီး ကိုယ်တိုင် တင်ပါလို့ မှာတော့ ကိုသားကြီးက သံကိုယူပြီး ကျနော်လက်နဲ့ လိုက်တင်မယ်တဲ့။ သုံးယောက်လိုက်သွားပါတယ် ။ ကြံခင်းထဲ ဝင်သွားပြီး စစ်ကြပါတယ် ။ ငါးမိနစ်မကြာဖူး ပြန်ထွက်လာပါတယ် ။ ok တယ်တဲ့ video ပြပါတယ် တမိနစ်နဲ့ စက္ကန့် ၄၀ မှာ အရညိပျော်ပါတယ် ။
"ကိုမျိုး ပိုက်ဆံပါလား"
"ဘာလုပ် မလို့လဲ ကိုစိုး"
"သူတို့ကို ၂ သိန်းလောက်ပေးခဲ့ချင်လို့"
"မပါဘူး ထမင်းဖိုးပဲ ကျန်တော့တယ်"
ကိုရဲက ထုတ်ပေးပါတယ် ။ ရက်ချိန်းပေးပြီး ပြန်လာပါတယ် ။ သတ်မှတ်ရက်မှာ သွားဖို့ စီစဉ်နေကြပါတယ် ။ ဟဲ ဟဲ လူ့လောဘတွေ ပြောပြချင်ပါတယ် ။ ရပ်စောက်မှာ တိုင်ပင်နေတော့ ဝါရင့်ဂန္ဘီရ မိတ်ဆွေက မှားတတ်တာတွေ သတိပေးတော့ ခင်ဗျားလည်း လိုက်ခဲ့ပါ ခေါ်တာကို ဘယ်သူက ကန့်ကွက်သလဲ ဆိုတော့ ...........?

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ