သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၁)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၁)

"အဲဒါ ရတနာတန်းဝင် ပစ္စည်းမဟုတ်ပါဘူး"
"ဒါဆို ဘာလဲ ဘော့စ်"
"garnet (ဂါးနက်) ဥဒေါင်ကျောက်ပေါ့ဗျာ အမာဆင့် ၅ ပဲရှိတယ်လေ"
"ဘယ်နေရာမှာ သုံးလဲ ဘော့စ်"
"ဖန်စီ နဲ့ ကျောက်ပန်းချီတွေမှာ သုံးတယ်ဗျ "
"ဘယ်လို ဝယ်တာလည်း ဆရာ "
"ကရင် နဲ့ ကယားမှာ ထွက်တယ် ဒီထက်ကြီးတယ် ဒါပေမယ့် ဒီလောက် မရင့်ဘူး ဒါကို နမူနာ အနေနဲ့ တပိဿာ ၂ သိန်းနဲ့ ဝယ်သွားမယ် ရနိုင်မလား"
" မေးကြည့်ရမှာပဲလေ ကျနော် ကိုယ်တိုင် တွေ့ထားတာ မဟုတ်ဖူး ဘော့စ်"
" ဒီအပြင် ဘာတွေ တွေ့ထားသေးလည်း"
"စလင်းတွေ ဘာတွေ စိတ်မဝင်စားဘူးလား ဘော့စ်"
"ဘာစလင်းရနိုင်သလဲ"
" အကုန်ပဲ ဘော့စ် နတ်သွေး | အာလူး | အရောင်နဲ့ဆို ပန်းဆွဲ | ခရမ်းဆွဲ | အစိမ်း နည်းနည်း ရနိုင်မယ် ဘော့"
"ပန်းဆွဲက သူယောင်ဖြစ်နေအုံးမယ်"
"နောက်နေ့မှ နမူနာ ယူခဲ့ပါမယ် စစ်ကြည့်ပါဘော့စ်"
" အေးဗျာ ခင်ဗျားက အတော်လေး နားလည် နှံ့စပ်သားပဲ ဘယ်က လာတာလည်း"
" ရပ်စောက်ကပါ နီးပါတယ် ဘော့စ် ( ၁၄ မိုင် ပါပဲ)"
"ဒါဆိုလည်း မနက်ဖြန် တခေါက်ထပ်လာပါဗျာ ခင်ဗျားကို ခရီးစရိတ် ပေးပါ့မယ် ဘယ်လောက်ယူမလဲဗျ"
"နေပါစေ ဗျ ကျနော်က အလုပ် လုပ်ချင်တာပါ ခရီးစရိတ်လောက် မှန်းပြီး လာတာမဟုတ်ပါဘူး ခွင့်ပြုပါအုံး"
"ကောင်းပါပြီဗျာ "
ကျနော်လည်း ပင်ဖြစ်ရွာထဲ လှည့်ပြီး စုံစမ်းရပါတယ် ။ သူတို့ သိချင်နေတဲ့ အနီလေးတွေက ဘာဆိုတာ ကျနော် ပြောလို့ရသွားပြီ ။ များများ ရှိတယ်ဆိုရင် တပိဿာ ၂ သိန်းဆိုတော့ မဆိုးပါဘူး ။
ရွာထဲမှာပဲ ပိုင်ရှင်တွေနဲ့ တွေ့ရပါတယ် ။ သူတို့ပြောတာကတော့ တောလိုက်ရင်း ချောင်းထဲကရတာတဲ့ ။ မန်ကျည်းစေ့လောက်ရဖို့ အတော် ရှားပါသတဲ့ ။ အရေးကြီးတာက အဲနေရာဟာ SSA ပိုင်နက်ထဲ ရောက်နေတဲ့အပြင် သူတို့ ကန့်သတ်ထားတဲ့ နေရာဖြစ်နေပါသတဲ့ ။ ကဲဒါဆိုလည်း နောက်အခြေ အနေ ပေးမှ လုပ်ကြတာပေါ့လေ ဆိုပြီး ပြန်ခဲ့ပါတယ် ။
တဆက်တည်း ရွှေညောင်က မိတ်ဆွေ ဂေါ်ရခါးလူမျိုး ကိုရာဂျူးဆီ သွားခဲ့ပါတယ် ။ နမူနာ တွေ အတော်များများယူခဲ့ပါတယ် ။ ( သူ့ဆီမှာ မရှိတဲ့ ပစ္စည်း အတော်ရှားပါတယ် )သဘောလည်း အလွန်ကောင်းတယ်ဗျ ။
နောက်တနေ့ ပင်ဖြစ် ပြန်သွားပြီး ပြကြည့်ပါတယ် ။ ပညာလည်း အတော်ရပါတယ် ။ ဘော့စ် ကိုယ်တိုင် မသိတာတွေလည်း ပါတယ်ဗျ ။ စိတ်ဝင်စားခဲ့တဲ့ ညလင်းကျောက်ဆိုတာလည်း တမျိုးဗျ ။ သူ့ကြည့်တော့ အင်မတန်ဖျော့တဲ့ အဖြူနီးပါးအစိမ်းရောင်လေးပဲ ။ အမှောင်ထဲ ထားကြည့်ရင် အစိမ်းရောင်တွေ ဖြာထွက်နေတာဗျ ။ ဖန်ခွက်ထဲ ရေထည့်ပြီး အဲဒီကျောက် ချလိုက်ရင် ရေတွေပါ စိမ်းကုန်တာဗျ ။
သူဌေးက စိတ်မဝင်စားပါဘူး ။ အမာဆင့် နည်းတယ်တဲ့ အလင်းရောင်ထွက်တာ မီးစုန်းဓါတ်ကြောင့်တဲ့ ကဲ ပြီးရော ။ နောက်ပြီး သွေးပြီးသား ကျောက်စိမ်းလေးတွေ ကိုရာဂျူးက ထည့်ပေးလိုက်တယ် စစ်ပေးခိုင်းပါတဲ့ ။ သူဌေးက စိတ်ဝင်တစား ကြည့်တယ်ဗျ ။ ဘယ်ကရတာလည်းတဲ့ ။ မသိဖူးဆိုတော့ ဒါ ကျောက်စိမ်း မဟုတ်ဖူး သေသေချာချာကြည့် အဲဒါ မြ တဲ့ဗျ ။
ဘာမှမသိပဲ သူပြလို့ ပြန်ကြည့်လည်း ဘယ်သိမလဲ ။ (ကျနော်တို့က ကျောက်စိမ်းနဲ့ အင်ကြင်းကျောက် အစိမ်းတောင် ကွဲတာမှ မဟုတ်တာ) မသိဘူးဘော့စ် ဆိုတော့ အသေအချာကြည့် အနက်စက်ကလေး တွေ့လားတဲ့ ။ အဲဒီကျမှ ကြည့်မိတော့ ဟုတ်တယ်ဗျ အတော်သေးတဲ့ အပ်ဖျားလောက် အနက်စက်လေး တွေ့ရပါတယ် ။
အဲဒီလို အနက်စက်ပါတာ မြ တဲ့ ကျောက်စိမ်းက မပါဘူးတဲ့ ။ ပိုင်ရှင်ဆီ ခေါ်သွားပေးမယ်ဆိုတော့ လိုက်မယ်တဲ့ ။ ပြောနေတုန်း ကျောက်စိမ်းတုံး အကြီး ကြီး နဲ့ အချိန် ၁၅ လောက်ပေါ့ လူတယောက်ရောက်လာတယ် ။ သူဌေးက ဘယ်လောက်ခေါ်ထားလည်း ဆိုတော့ ၁၀၀၀ တဲ့ ။ မယူတော့ဘူးဆိုတော့ ဘာဖြစ်လို့လည်းတဲ့ ။ အတုမို့တဲ့ အားမနာဘူးဗျ ဗြောင်ပြောတယ် ။ ပြန်သွားတော့ ပြောတယ် ကျနော် လူလိမ်တွေနဲ့ မပြောချင်ဘူးတဲ့ ။
အာလူးစလင်း ဝယ်မယ်ပြောပါတယ် ။ နောက်သုံးရက်နေရင် ပြန်မယ်တဲ့ သူပါလာတဲ့ ငွေတွေ ဘုန်းကြီးလှူနေပါတယ် ဆိတ်သားနဲ့ တရားစခန်းမှာ ကုသိုလ် ခဏခဏလုပ်ပါတယ် ။
ပြန်မယ့်နေ့မှာ ကျနော်တို့နဲ့ ရွေညောင် ကိုရာဂျူးဆီ သွားပါတယ် ။
သူစိတ်ဝင်စားတဲ့ မြက လှိုင်ကော်မြတဲ့ ကယားက ထွက်တာပါ ။ ပိဿာချိန်နဲ့ ဝယ်ရတာဆိုတော့ သူစိတ်ဝင်စားပါတယ် ။ နောက် ကိုရာဂျူးဆီက ဘယ်သူမှ မဝယ်တဲ့ အာလူးစလင်း အသေးအကြီး အားလုံး ယူပါတယ် ။ အဲဒီအချိန်က နာမည်ကြီး ရေမကျည်း ( နွယ်မွှေး) လည်း ယူပါတယ် ။ အားလုံး ၁၁၅ သိန်းဖိုး ဝယ်ပါတယ် ။
နောက် ကိုရာဂျူးကို ပြောပါတယ် ကျနော်တို့အတွက် ၁၀% ပေးဖို့ သူဆုံးဖြတ်ထားကြောင်း အဲဒါ ပစ္စည်းရှင် ကိုရာဂျူးက ၅% သူက ၅% ပေးရအောင်ဆိုတော့ ဝမ်းသာအားရ ပေးပါတယ် ။ ကျနော်နဲ့ သူဌေးကို ဆက်သွယ်ပေးတဲ့ မိတ်ဆွေ နဲ့ ထုံးစံအတိုင်း တဝက်ဆီ ယူပါတယ် ။
သူဌေးပြန်သွားတော့မှ ကိုရာဂျူးက တောင်ကြီးမှာ ထမင်းလိုက်ကြွေးပါတယ် ။ ထမင်းစားပြီးတော့ မရောက်တာကြာပြီ ဖြစ်တဲ့ အဘဆီ ဝင်ပါတယ် ။ အဘက မျှော်နေတာ အတော်ပါပဲကွာ တဲ့ ။
" ဘာကိစ္စလည်း အဘ"
" မနေ့က ငါ့ဆီကို တဖွဲ့ လာသွားတယ် ဒါတွေ ပါလာတယ်ကွ"
"ဟာ စလင်းတွေပါလား "
"အေး ဒီတခု အသေအချာကြည့်ကွ"
(၅ ကျပ်သားလောက်ရှိတဲ့ ကြည်နေတဲ့ စလင်းခဲလေးပါ)
"အဘ ကြည်တော့ အတော် ကြည်တယ်ဗျ "
"အေး အသေအချာကြည့် ဘာထူးသလဲ"
(ကြည့်လည်း မထူးပါဘူး )
"ကျနော်တော့ ထူးခြားတာ မတွေ့ဘူး အဘ"
"မျက်နှာပြင် ရေကြည့်ကွ"
" အံ့မယ် ရှစ်ခု ပါလားအဘ"
"အေးကွ အဲဒါ ထူးခြားတာပေါ့ ရော့ဒါတွေ ရေကြည့်"
"ကျန်တာတွေ အားလုံး ခြောက်မျက်နှာပါအဘ"
"အေးကွ ဒါဟာ ဒီပစ္စည်းတွေရဲ့ သဘာဝက ပေးထားတဲ့ ထူးခြားသော ပုံဆောင်ခဲတွေရဲ့ မတူညီတဲ့ အချက်တွေပဲ"
" ဒါဆို ဒီရှစ်မျက်နှာ ပါတာ စလင်း မဟုတ်ဖူးပေါ့"
"အေးကွ အဲဒါ ထပ်တရာပဲ"
"စျေးကရောအဘ"
"၁၀ိ/သား အထက်ဆို တပိဿာ ၅ သိန်း ရှိတယ် စလင်းမှာ ဒီအရွယ် ဝယ်မဲ့လူ မရှိဘူးကွ "
( အဘက ကျနော့်ကို တကွက်ချန်လိုက်တာပါ ထပ်တရာစျေးက ၁၀ သိန်းအထက်ဆိုတာ နောက်မှသိရပါတယ်)
"အဲဒါ တွေထား ဒါကြည့်'' ဆိုပြီး video ပြပါတယ် ။ လူတစု ရွာတရွာကို ဖြတ်သွားနေတာပါ ။ နောက် အလွန် နက်မှောင်နေတဲ့ တွင်းကြီးထဲကို ဝါးတလုံးထောင်ထားပြီး ဝါးမှာ အပေါက် ဖောက် အပေါက်ထဲကို ဝါးသပ်လေးတွေ ထိုးထာတဲ့ အိညွှတ်နေတဲ့ ဝါးတလုံး လှေခါးကနေ ဆင်းနေတာ တွေ့ရပါတယ် ။
ခဏနေတော့ ဂူကြီးထဲမှာ ဓါတ်မီးတွေနဲ့ ထိုးကြည့်နေတော့ ပဲဆီရောင် ဝါနေတဲ့ ကျောက်တွေ တွေ့ရပါတယ် ။ အတုံးကြီးတွေက ၇' ၈' လောက် ရှိပါမယ် ။ နောက် နေရောင်ရနေတဲ့ ဂူဝမှာ ဖြူဖွေး ပြောင်လက်နေတဲ့ အတုံးကို ဖဲ့နေတာ ရိုက်ထားပါတယ် ။
" အဲဒါပဲကွ မနေ့က လာတဲ့ကောင်တွေဆီကရထားတာ"
" ဘယ်နေရာလည်း"
"မပြောဘူးကွ သူတို့ အရင်သွားညှိမယ် လက်ဆောင်နဲ့ စရိတ်အတွက် ၁၀ သိန်း ပေးပါ ဆိုလို့ ငါက ငါပါလိုက်ရမယ်ဆို ပေးမယ်ပြောတော့ မဖြစ်ဖူးဆိုပြီး ပြန်သွားတယ် ။ ထူးခြားတာက သူတို့ပြောတဲ့အထဲမှာ ကောင်းဘိုရွာဆိုတာ ပါတယ်ကွ ။ အဲဒီဝန်းကျင် ဖြစ်နိုင်တယ် မင်းသိမလားလို့ မေးမလို့ မင်းလာတာနဲ့ အတော်ပဲ"
" အင်း ခြံစည်းရိုးတွေကတော့ ဓနု ဒီဇိုင်းပဲ ကျနော့်ကို ခွေကူးပေးလိုက်အဘ ကျနော် စုံစမ်းပေးမယ် "
"ယူသွားကွာ ငါ့ဆီ တခွေရှိသေးတယ် "
ကျနော်လည်း VCD တခွေနဲ့ ရှာပုံတော် ဖွင့်ရပါပြီ ။ ရပ်စောက်ပါတ်ချာလည် ဘယ်သူမှ မသိကြပါဘူး ။ ဒါနဲ့ ကောင်းဘိုရွာကို သွားပါတယ် ။ ၁၈ မိုင်ပဲ ဝေးပါတယ် ဒါပေမယ့် ကောင်းဘိုရွာက အတော်ကြီးပါတယ်ဗျာ ။ တော်ရုံမြို့လောက်မကပါဘူး ။ ရွာထဲတင် မျက်စိလည်နေအောင် သွားရတဲ့ ရွာကြီးပဲဗျ ။
ဟိုမေး ဒီမေး ဘယ်လိုမှ မေးမရဘူး ဖြစ်နေတုန်း ကိုစိုး အသိဆီ အလည်သွားပါရော ။ အဲဒီအိမ်မှာ ပါလာတဲ့ VCD ခွေ ထိုးပြတော့ အိမ်ရှင် လူကြီးက ဟာ ဒီဟာက အိမ်က သမီးတို့ တလောက ပြန်လာတဲ့ နေရာပါ ။
"ဗျာ ဟုတ်လို့လားဗျ"
"နောက်ပြန်ရစ်လိုက်ဗျ"
"အဲဒီ ဘောင်းဘီ ရှည်နဲ့ ဦးထုပ်ဆောင်းထားတဲ့ အရပ်ပုပုလေးက ကျနော့်သမီးလေ"
(သူကသာ သမီးပြောနေတာ ကျနော်ဖြင့် ကျားလား မလား မကွဲတာ သေချာတယ်)
"ဟိုမှ ချိတ်ထားတဲ့ ဦးထုပ်လေ"
( ဒါတော့ ဟုတ်တယ်ဗျ)
"အခု ဘယ်သွားလည်းဗျ မေးကြည့်ချင်လို့ပါ"
"ရှိပါတယ် ဒညင်းသီးရွေးနေတာပါ ခေါ်လိုက်မယ်"
(ခဏနေတာ့ ပိန်ပိန်ပုပု မျက်နှာ ချိုချို နဲ့ အသက် ၃၀ လောက် ကောင်မလေး ရောက်လာပါတယ်)
ခွေထိုးပြတော့
"ဟုတ်ပါတယ် ကျမ လိုက်ပို့တာပါ"
"ငါ့ညီမ ကိုယ်တိုင် ဂူထဲဆင်းတာနော်"
"ဟုတ်တယ် အဲဒီအတုံးကြီးတွေ တကယ်ရှိပါတယ်"
"ဘယ်မှာ ရှိတာလည်း ပြော​ပြလို့ရမလား"
"ရပါတယ် ရွာငံနယ်ထဲက ဆင်စာပြား ဆိုတဲ့ ရွာမှာပါ"
"အေး ငါတို့ ထပ်သွားချင်လို့ လိုက်ပို့ ပေးနိုင်မလား"
"ပို့လို့ရပါတယ် ကျမက ဆိုင်ကယ် မရှိဘူး နော်"
"သွားဖို့ စားဖို့ မပူပါနဲ့ ငါတို့ ထင်တဲ့ ပစ္စည်းဆိုရင် အားလုံးအဆင်ပြေပြီ အကုန်လုံး ညီညီမျှမျှ ခွဲယူမယ်"
"ဒါဆိုရပါတယ် လိုက်ပို့ပါမယ် ဘယ်နေ့ သွားမလဲ"
"အေး တောင်ကြီးက အဘကို မေးကြည့်မယ်"
....အဘဆီ ချက်ခြင်းဖုန်းဆက်ပြီး.....
" အဘ ရှာခိုင်းထာတဲ့ ဂူကို လိုက်ပြမဲ့သူ တွေ့ပြီ အဘ"
"ဟေ ဟုတ်လားကွ ဘယ်ကလည်း"
"အဘပြောသလို ကောင်းဘိုကပဲ ဘယ်နေ့သွားချင်လည်း လိုက်ပို့မယ်တဲ့"
"ကောင်းတာပေါ့ကွာ ဒါဆို အဘ မနက်စောစော လာခဲ့မယ်"
" ဟုတ်ကဲ့ အဘ"
"ကဲ အဘက မနက်ကို လာမယ်တဲ့ ဒီကပဲ စောင့်နေနော် ဘယ်မှ မသွားနဲ့အုံးဗျ"
"ဟုတ်ကဲ့ စောင့်ပါမယ်"
"အေး ဒါဆို ပြန်မယ်နော် နေပါအုံး ညည်းနာမည် ဘယ်သူလဲ?"
"ကျောင်းနာမည် မချိုဦး အိမ်ကတော့ မပု တဲ့"
" အေး မပု နဲ့ လိုက်တယ် ကဲ မပု မနက်စောင့်နေ သွားပြီနော်"
" ဟုတ်ကဲ့ ဖြေးဖြေးရှင့်"
ညပြန်ရောက်တော့ အိပ်တောင် မပျော်ဘူး ။ တောင်ကြီးအဘလည်း ဘယ်အချိန်က ဆင်းလာတယ်မသိဖူး အစောကြီး ရောက်နေပါရော ။ ဒါနဲ့ ကိုစိုးကို ခေါ်ပြီး လက်ဖက်ရည်သောက် ကောင်းဘိုမှာ မရှိတဲ့ ပေါက်စီဝယ်ပြီး ထွက်လာပါတယ် ။
ကောင်းဘို ရောက်တော့ အဆင်သင့် စောင့်နေပါတယ် ။ ပါလာတဲ့ပေါက်စီပေးပြီး အဘ သိချင်တာတွေ မပုကို မေးပါတယ် ။ ပြီးတော့ မပုက သူ့မောင်တယောက် ခေါ်ချင်တယ်တဲ့ (ဟုတ်တာပေါ့ အခုမှ သိတဲ့ လူစိမ်းတွေကိုး)
"အေး ခေါ်တာ ကိစ္စမရှိဘူး ဆိုင်ကယ် နှစ်စီး လူငါးယောက် တောလမ်း တောင်ပေါ်လမ်း အဆင်မပြေဘူးထင်တယ်"
"သူက ဆိုင်ကယ်ပါတယ် ကျမ သူ့ဆိုင်ကယ် ဆီဖိုး ပေးပါမယ်"
(ရိုးအတာပါ)
"မလိုပါဘူး ငါတို့ ထည့်ပေးပါမယ် ကဲ ခေါ်လိုက် သွားကြစို့"
ကောင်းဘို ရွာငံ ဖောက်လက်စ ဖြတ်လမ်းကနေ တောင်တန်းတွေပေါ်က သွားရပါတယ် ။ အတက်အဆင်း ကြီးလို့ အချို့နေရာတွေမှာ နောက်ကလူ ဆင်းပြီး လမ်းလျှောက်ရပါတယ် ။ အုန်းကြော ဟဲလယ် လမ်းစီးဖူးသူတွေမို့ တော်ပါသေးတယ် ။
VCD ထဲကရွာ ရောက်ပါပြီ ။ ဆင်စာပြားရွာတဲ့ ရွာအဝင်လမ်းကြီးက ဗြုံးကျောက်လမ်း အသစ်ကြီးပါ ။ တောင်တွေကြားထဲက စိမ်းညှို့ အေးစက်နေတဲ့ ရွာကြီးပါပဲ ။ လိမ္မော် ဒညင်း ထောပတ် အစရှိတဲ့ သီးပင်စားပင်တွေ အများဆုံး စိုက်ပါတယ် ။
ကျနော်တို့ကို အိမ်တအိမ်ခေါ်သွားပါတယ် ။ ပိုင်ရှင်က ကိုသိန်းကျော်တဲ့(ထီးဆန်ကုန်းကလူကလည်း ကိုသိန်းကျော်ပဲဗျ) အလွန်သဘောကောင်းပါတယ် ။ လိမ္မော်ဆွတ်တဲ့ အချိန်ဆိုတော့ လိမ္မော်ခြင်းတွေ အပြည့်ပါပဲ ။ ဂူကြီးက သူ့ရဲ့ ခြံဧရိယာထဲမှာဖြစ်ပါတယ် ။ အဆင်ပြေရင် အကျိုးတူ ပူးပေါင်းလုပ်မယ်ဆိုတော့ သဘောတူပါတယ် ။
တိုတိုပြောရရင် သူလိုက်ပို့ပါတယ် ။ ဂူထဲဆင်းဖို့ကြည့်လိုက်တော့ ပေ ၃၀ လောက် နက်ပါတယ် ။ မပုတို့ ဆင်းခဲ့တဲ့ ဝါးလှေခါးကလည်း ဒီအတိုင်း ရှိနေဆဲပါပဲ ။ ဓါတ်မီးနဲ့ တူနဲ့ ကိုသိန်းကျော် အရင်ဆင်းပါတယ် ။ ကိုစိုးက ဒုတိယ တယောက်အောက်ခြေထိရောက်ပြီးမှ နောက်တယောက် ဆင်းရတာပါ ။ ဝါးက ညွတ်နေတာကိုး ။ အဘနဲ့ မပု အပေါ်က စောင့်နေပါတယ် ။
တတိယမြောက် ကျနော်ဆင်းပါတယ် ။ သတ္တိကောင်းတဲ့ သူဆိုတော့ ခပ်ချောင်ချောင် ဖြစ်နေတဲ့ ဝါးသပ်ကို တချက်နင်းလိုက် ညွတ်ကနဲ ဖြစ်သွားတဲ့ ဝါးပိုးဝါးကြီးကို ရီးစားလို အတင်းဖက်ထားလိုက်နဲ့ ဆင်းလိုက်တာ အောက်ခြေရောက်တော့ ဟိုနှစ်ယောက် မရှိတော့ဘူး ( စိတ်မရှည်လို့ အတွင်းဝင်သွားပြီ)
ကျနော် နောက်ကလိုက်သွားပါတယ် ။ အလွန်ကြီးတဲ့ဂူကြီးပါပဲ ။ လမ်းကတော့ မညီမညာ ကျောက်တုံးတွေပေါ်က ယိုင်တိယိုင်ထိုး မနည်းသွားရပါတယ် ။ လမ်းခွဲလေးရောက်တော့ ဘယ်လမ်းလည်း စဉ်းစားနေတုန်း ညာဖက်က ခွပ် ခွပ် ဆိုတဲ့ တူရိုက်သံ ကြားရလို့ လိုက်သွားပါတယ် ။
ကျနော် နောက်ကလိုက်သွားပါတယ် ။ အလွန်ကြီးတဲ့ဂူကြီးပါပဲ ။ လမ်းကတော့ မညီမညာ ကျောက်တုံးတွေပေါ်က ယိုင်တိယိုင်ထိုး မနည်းသွားရပါတယ် ။ လမ်းခွဲလေးရောက်တော့ ဘယ်လမ်းလည်း စဉ်းစားနေတုန်း ညာဖက်က ခွပ် ခွပ် ဆိုတဲ့ တူရိုက်သံ ကြားရလို့ လိုက်သွားပါတယ် ။ ကျနော် တွေ့လိုက်ရတာကတော့ မီးထိုးထားတဲ့ ကျောက်တုံးကြီးကို ကိုစိုးလား ကိုသိန်းကျော်လား မသဲကွဲတဲ့ တယောက်က တူနဲ့ ထုခွဲနေပါတယ် ။
လင်းထိန်နေတဲ့ ဓါတ်မီးရောင်အောက်မှာတော့ ........!

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ