သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၀)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၀)

နောက်ဆုံးအကြိမ်ကိုလည်း အောင်မြင်စွာ စမ်းနိုင်ခဲ့ပါတယ် ။ သူဌေးကလည်း အလွန် သဘောကျသွားပါတယ် ။ ငွေကိုလည်း သူဖုန်းဆက်လိုက်တာနဲ့ ၃ မိနစ် မကြာဖူး လာပေးပါတယ် ( ခပ်လှမ်းလှမ်းမှာ အခြားကားတစီးနဲ့ အသင့် စောင့်နေတာပါ ငွေကလည်း နည်းတာကိုး)
ကျနော်တို့ ပွဲခ ၂၀% အဖြစ် ၆၀ ရပါတယ် ။ ဝယ်လက်သူဌေးကို ခေါ်လာတဲ့သူရယ် ရပ်စောက်သူဌေးရယ် ကျနော်ရယ် ၂၀. စီရခဲ့ပါတယ် ။ အံ့သြစရာ အဂ္ဂိရပ် ပညာရှင်များ အကြောင်း ထပ်မံပြောပြ ပါအုံးမယ် ။ နောက်ထပ်ပညာရှင်တွေ အဆန်းတကျယ် မြန်မာ့ ဓါတ်ပြုနည်း ( ဓါတုဗေဒ ပညာ ရှင်) တွေအကြောင်းပေါ့ ။
နှမျှောစရာ ပြောပြပါအုံးမယ် ။ အဲဒီ ထီးခမ်းက အဂ္ဂိရပ်ဆရာ နဲ့ နောက်ပိုင်းပြန်တွေ့တော့ သူ့ငွေတွေ ကုန်ပြီတဲ့ ။ ဘာဖြစ်လို့တုန်းဆိုတော့ ပစ္စည်း ထပ်လုပ်တာ မဖြစ်တော့ဖူးတဲ့ ။ နည်းသိထားတာ ဖြစ်ရမှာပေါ့ ဆိုတော့ ကုန်ကြမ်းတွေ မမှန်တော့လို့ ဖြစ်မယ်တဲ့ ။ ကျနော်သိသလောက်ကလည်း ကုန်ကြမ်းက စျေးကြီးတာတွေ ပါတယ်ဗျ သေချာတာက စိန်မနီမြင်းသွား ဆိုတဲ့ ပစ္စည်းက ၂၀၁၃ လောက်က တကျပ်သား ၁၈၅၀၀၀ိ/ မန္တလေးမှာ ဝယ်တာ တွေ့ဖူးပါတယ် ။ အဂ္ဂိရရဲ့ သဘော မီးသွေး တောင် မှားလို့ မရဘူးတဲ့ ( ပူရင်ပြီးရောတွက်ထားတာ မဟုတ်ဖူးဗျ သူပြောတာ မှန်တယ်)
ကျနော်လည်း သတ္တုတူးဖို့ လုပ်နေတာ ဟိုဌာနက တမျိုး ဒီဌာနက တမျိုးနဲ့ မြို့နယ်က ရစ် ခရိုင်ကထစ် တိုင်းကစစ်နဲ့. နောက်ဆုံး ဝန်ကြီး အဆင့်ထိ အလွန်ခက်ခဲစွာ ကျော်ဖြတ်ရတာ တွေ့ရပါတယ် ။
သတ္တုတွေ တည်နေရာကို မုဆိုးတွေ သိတာ များပါတယ် ။ ( ဝါသနာပါတဲ့ မုဆိုးပေါ့လေ) ။ သူတို့ဆီက စုံစမ်းပြီးမှခဲရာခဲဆစ် သွာပြီး လေ့လာ စီးပွားဖြစ် ထုတ်လို့ရနိုင်မယ့် ပမာဏ ရှိမရှိ တွက်ချက်လေ့လာ နောက် ပစ္စည်းသယ်ဖို့ လမ်းဖောက်ရမယ့်စရိတ်စက. ဒေသခံတွေ တောင်းဆိုထားတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ပေးနိုင်ခြေ ရှိမရှိ ဒါတွေ အားလုံး တွက်ချက်ပြီးမှ စွန့်စားလုပ်ရတာဖြစ်ပါတယ် ။
ပေးဆောင်ရမယ့်အခွန်| ထွက်လာတဲ့ သတ္တုအပေါ်က ပေးရမယ့် နိုင်ငံတော် အတွက် ဝေစုအချိုး ( သတ္တုအမျိုးအစားအပေါ် မူတည်ပြီး ၃၀ % ၄၀ % ၅၀ % ပေးရပါတယ်) ဒါတွေကြောင့် ပြည်တွင်း လုပ်ငန်းရှင်တွေဟာ အတော်များများ မလုပ်လိုကြပါဘူး ။
နောက်ပြီး ရလာတဲ့ သတ္တုကို ကုန်ချော မလုပ်နိုင်ပဲ တရုတ်ကို ဒီအတိုင်း ရောင်းရတော့ စျေးကမရ ဒီတော့ အခုဆို သတ္တုတူးတဲ့သူ အတော် နည်းသွားပါပြီ ။ ဘယ်သူတွေ တူးနေသလဲ ? သန့်စင်ပြီး ကုန်ချော ထုတ်နိုင်တဲ့ တရုတ်တွေပဲ တူးပါတော့တယ် ။ အေးသာယာထဲမှာ မြန်မာစကား မတတ်တဲ့ တရုတ်တွေ တပုံကြီးဗျ ။
ကျနော်တို့ ရပ်စောက်နယ်ထဲက အများဆုံးထွက်တဲ့ ကလီနာဆိုရင် ဘော်ပါတယ်ဗျ ။ အရိုင်း တပိဿာမှ ၅၀၀ိ/ အလွန်ကောင်းလှမှ ၇၀၀ိ/ အများဆုံးပဲ ။ ကျိုပစ်လိုက်လို့ ဘော် တကျပ်သားပဲ ပါ ပါစေ ဘော်တကျပ်သား ၁၂၀၀၀ိ/ ပါတ်ချာလည် ။ ကဲ လူကြီးမင်းများ တွက်ပါလေတော့ ။ ဒီလို သတ္တုသန့်စင်တဲ့ နည်းပညာ နဲ့ စက်ပ္စည်းတွေ ဒီခေတ်မှာ မရှားတော့ပါဘူး ။ နိုင်ငံတော်အဆင့် နဲ့ လုပ်ငန်းရှင်တွေကို ကူညီမယ်ဆိုရင် အလွန် လွယ်ပါပြီ ။
ဒါပေမယ့် မြန်မာ့ နိုင်ငံရေး သူရဲကောင်းများဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကူညီဖို့ထက် မိမိပါတီ မိမိအဖွဲ့အစည်း အာဏာသက်ဆိုးရှည်ရေးကိုပဲ အာရုံကျနေတာ များပါတယ် ။ မူဝါဒကတော့ လုပ်ချင်တဲ့ကောင်လုပ် ရှုံးတာ မြတ်တာ မသိဘူး ရသလောက် ရစ်မယ် ထွက်သလောက် လာဘ်စားမယ် ကြိုတင်ခွန်တောင်ကောက်ထားသေး ။
ဒါနဲ့ သူဌေးနဲ့ တိုင်ပင်ပါတယ် ကြိုးနီစနစ် နဲ့ ဌာနဆိုင်ရာရဲ့ ပါဝါတွေကို မလျှော်ကန်စွာ ရယူဖို့ အမြဲအားထုတ်နေတဲ့ မြန်မာပြည်က ထုတ်လုပ်ဖို့ထက် ဆူလွယ် နပ်လွယ် ရောင်းဝယ်ခြင်း အလုပ် လုပ်ဖို့ပဲ သင့်တော်တဲ့ တိုင်းပြည်လို့ သုံးသပ်ပါတယ် ။ ကဲ အဆိုပြုထားတဲ့ လုပ်ကွက်တွေ ဒီအတိုင်းထားပြီး ဝယ် ရောင်း လုပ်ကြည့်ကြစို့ဆိုပြီး တိုင်ပင်ကြပါတယ် ။
ဒါနဲ့ ကျနော်လည်း အဲဒီလိုင်းကို လေ့လာရေး လုပ်ရပြန်ပါပြီ ။ လက်လှမ်းမှီသလောက် သွားရင်းလာရင်း ကယားပြည်နယ်ထိ ရောက်ရပြန်ပါပြီ ။ ကျနော် ရောက်ခဲ့သမျှ ဒေသတွေထဲမှာ အမျိုးအမည် မသိတဲ့ ထူးဆန်းသော တွင်းထွက်တွေ အများဆုံး ရှိရာ ဒေသ | အငယ်ဆုံး ပြည်နယ် မှာ လက်နက်ကိုင် အဖွဲ့ကွဲတွေ အများဆုံးရှိရာဒေသ ၊ ဒွေးမယ်နော်တို့ ပြည်တော်ဆီကို ရောက်ခဲ့ပါပြီ ။
ကယားမှာ ခနောက်စိမ်း အကောင်းစားတွေနဲ့ ဝူဖရန် တို့ MO (ခဲပျော့) တို့ ထွက်ပါတယ် ။ ဒါပေမယ့် ဝူဖရမ်က တရားဝင် ထုတ်ခွင့် ၂၀၁၂ ထိတော့ မပေးသေးပါဘူး ။ သူက အပူခံသတ္တုဖြစ်ပါတယ် ။ သံလိုက်မှာ မကပ်ရပါဘူး ကယားမှာ အတုံးအကြီးကြီးတွေ တွေ့ရပေမယ့် ရှမ်းဖက်မှာတော့ အတုံးသေးသေးလေးတွေပဲရပါတယ် ။ အလွန်လေးပါတယ် ပါဝင်မှုအပေါ်မူတည်ပြီး နို့ဆီဗူးတဗူးကို ၈၀ိ/သားကနေ တပိဿာထိ လေးပါတယ် ။ သူက အပူခံတော့ အများအားဖြင့် သေနတ်ပြောင်းတွေ အမြှောက်တွေ မှာ သုံးတယ်လို့ ပြောဖူးပါတယ် ။ ( ဒါကြောင့် တရားဝင် ထုတ်ခွင့်မပေးတာနဲ့ တူပါတယ်)
တရားဝင်မပေးတော့ ဘာဖြစ်လည်း တရားမဝင် ရောင်း/ဝယ်နေတာပါပဲ ( တရုတ်တွေ အကြိုက်ပေါ့ သူတို့ပဲ ဝယ်တော့ သူခိုးစျေးပဲ ပေးပါတယ် တပိဿာကို ၈၀၀၀ိ/ နဲ့ ၁၂၀၀၀ိ/ ကြားပေးပါတယ် )။
MO ခေါ် ခဲပျော့ကတော့ ဘယ်နေရာ သုံးတယ်မသိပါဘူး ။ ရှားပါးသသတ္တုဖြစ်ပါတယ် မနှစ်က တောင်ငူမှာ လာဝယ်သွားတာ တပီဿာကို ၄၅၀၀၀ိ/ ပေးသွားပါတယ် ။ ကွက်ပျောက်စျေးကွက်ပါပဲ ဝယ်သူအလွန်ရှားပါတယ် ။ တခါတရံမှသာ လာတတ်ပါတယ် ။
ကယားမှာ ကလီနာကို ဘယ်သူမှ စိတ်မဝင်စားပါဘူး ။ အလွန်ကောင်းတဲ့ ကလီနာ တွေ့ခဲ့ရပါတယ် ။ သူတို့က တပိဿာ ၁၀၀၀ိ/ (၂၀၁၃) တောင်းပါတယ် တရုတ်က ၇၀၀ိ /ပေးပါတယ် ကြားထဲက ဝယ်ရောင်းက ၃၀၀ိ/ ရှုံးနေလို့ အလုပ်ဖြစ်ခဲ့ပါဘူး ။
ကယားမှာလည်း ဂန္ဘီရဆရာတွေ အများကြီးပါပဲ ။ နားမလည်ပဲ လုပ်နေကြတာပါ ။ တနေ့ ဖယ်ခုံက ရေတမံမှူးခေါ်မလားမသိဖူး ရောက်လာပါတယ် ။ သူ့ဆီကို သံစားရည် ရောက်လို့ ဝယ်သလားတဲ့ ။ မှာထားတဲ့သူရှိတယ် ဒါပေမယ့် သဘာဝဖြစ်ရမယ် သံတမျိုးပဲ စားရမယ် ဆိုတော့ လိုက်ပြီး စမ်းပေးပါတဲ့ ။ စမ်းခပေးမှ လိုက်မယ်ပြောတော့ ၅၀၀၀၀ိ/ ပေးမယ်တဲ့ ။ များတယ် ၃၀၀၀၀ိ/ပဲပေးဆိုတော့ ရီနေပါတယ် ။
လှိုင်ကော်ကနေ ဖယ်ခုံဖက် ပြန်ဆင်းတဲ့ လမ်းရဲ့ တနေရာ ညောင်ပင်ကြီးတွေ ရှိတဲ့ စစ်တပ်ထဲ ဝင်သွားရပါတယ် ။ ဆည်မြောင်းဌာနက စစ်တပ်ထဲက ဖယ်ခုံအင်း အရှေ့ဖက် ခြမ်းမှာ တည်ထားတာကိုး ( လုံခြုံရေးအရထင်ပါတယ်)
သူ့ရုံးခန်း ရောက်တော့ စကားစမည်ခဏပြောနေတုန်း လွယ်အိတ်လေးပိုက်ထားတဲ့ ပေစုတ်စုတ်လူတယောက်ဝင်လာပါတယ် ။ ပစ္စည်းရှင်တဲ့ ဒီလူ့မျက်လုံးကိုက ကြောက်ဟန်ဆောင်ပြီး အကဲခတ်နေတာ ကို ကျနော့်ရင်ထဲက သိနေတယ် ။
သူ့ကို အပြင်ခေါ်လာပြီး ကျနော် မေးပါတယ် ။ ခင်ဗျားပစ္စည်းက သဘာဝမဟုတ်ဖူးဆိုရင် အားလုံး အလုပ်ရှုပ်ရုံပဲ ဒီတော့ မဟုတ်ရင် ပြန်ပါလို့ ပြောလိုက်ပါတယ် ။ တောထဲကရတာပါတဲ့ ရတဲ့နေရာမှာ ဘာထူးခြားသလဲ ဆိုတော့ ဘာမှ မထူးခြားပါဘူးတဲ့ ( လိမ်ပြောနေတာပါ)
အတွင်းပြန်ဝင်လာပြီး တမံမှူးရှေ့မှာ အရေကို မျက်မြင်ကြည့်ပြီး မဟုတ်လောက်ဖူး တမံမှူးကြီး မစမ်းရင်ကောင်းမယ် ၃၀၀၀၀ိ/ မကုန်တာပေါ့ ဆိုတော့ စမ်းပါတဲ့ ။
ဒါနဲ့ ကျနော်က ကြေးချောင်း ငွေချောင်း နဲ့ လေးလက္မသံ တချောင်းတောင်းလိုက်ပါတယ် ။ ငွေအချောင်းမရှိလို့ ငွေဒင်္ဂါးပြား ယူလာပါတယ် ။ စားသွားလိမ့်မယ်ပြောတော့ စား စား စမ်းပါတဲ့ ။
ကျနော်စမ်းနည်း ပြောလိုက်ပါတယ် ။ အဲဒီသုံးမျိုးလုံးစိမ်ထားပါမယ် ။ သံတမျိုးတည်း စားရပါမယ် အခြား ငွေ နဲ့ ကြေး အပြင် ချည်ထားတဲ့ ကြိုးပါ ဒီအတိုင်း (မူလပမာဏ) ကျန်နေရပါမယ် ဆိုတော့ ပိုင်ရှင်က နားလည်ပါပြီ စမ်းပါတဲ့ ။
သုံးမျိုးလုံး ကြိုးချည် ချလိုက်တော့ ပထမဆုံး မီးခိုးငွေ့ ထွက်လာပါတယ် ( သံကို စားနေတာပါ) ဒုတိယ စိမ်းပြာရောင် အငွေ့ထွက်လာပါတယ် (ကြေးကို စားတာပါ) နောက်ဆုံး မလိုင်ဖတ်တွေလို ဖြူဖြူအဖတ်တွေ တက်လာပါတယ် (ငွေကိုစားတာပါ) မရတော့ဘူးဆိုပြီး ဆွဲတင်လိုက်တော့ သံချောင်း ကုန်နေပါပြီ ကြေးချောင်း အတော်သေးသွားသလို ငွေပြားကတော့ သွပ်ပြားလို ပါးပါးလေး အဝိုင်းလိုက် ကျန်နေပါတယ် ။ ကြိုးကတော့ လုံးဝမစားပါဘူး ။
တကယ်စားတဲ့ အရေတွေ့လည်း တကယ်မဝယ်ပါဘူး ။ ပွဲစားတွေက သူများစကားနဲ့ ဝယ်မယ်ပြောတာပါ ။ အဲဒီအလုပ် မလုပ်ပါနဲ့ ဖုန်းဖိုးကုန် စရိတ်ကုန်ပါပဲ ။
ကျနော် ရပ်စောက်ပြန်လာပြီး ပုန်းတပ်ရွာ နဲ့ ထီဆန်ကုန်းက ကလီနာတွေကို တတန် ၂၅၀၀၀၀ိ/ နဲ့ဝယ်ပြီး အေးသာယာမှာ ၃၅၀၀၀၀ိ/ နဲ့ ပြန်ရောင်းပါတယ် ။ ပင်ဖြစ်က မိတ်ဆွေဆီက စိတ်ဝင်စားစရာ ပစ္စည်းရလာပါတယ် ။ ဘာတွေလည်းဆိုတော့ ကုလားပဲခြမ်းလောက်ရှိတဲ့ နီညိုညို ကျောက်ကလေးတွေပါ ကြီးတာဆိုလို့ မန်ကျီးစေ့လောက် ၂ ခုပဲ ပါ ပါတယ် ။ မီးထိုးကြည့်တော့ ရဲ နေပါတယ် ။
ဘာမှန်းမသိကြပါဘူး ။ ဒီလိုနေတုန်း ပင်ဖြစ်က နာမည်ကြီး ဆရာတော်ရဲ့ တရားစခန်းပွဲကျင်းပပါတယ် ။ ဆရာတော်ကြီးရဲ့ ညီတဝမ်းကွဲ သူဌေးတဦးလည်း ရန်ကုန်ကနေ တရားလာထိုင်ပါတယ် ။
နာမည်က ဦးဇော်လင်းပါတဲ့ ။ သူက ကျောက်မျက်ဥက္ကဌ ဦးရုံးမူနဲ့ စပ်တူလုပ်နေတဲ့ ကျောက်မျက်သူဌေးဖြစ်ပါတယ် ။ သူနေတာ AD ၆ လမ်း ဦးနေဝင်းခြံနဲ့ မျက်စောင်းထိုးမှာ နေတာလို့ ပြောပါတယ် ။
သူဌေးက ဒီဒေသထွက် တွင်းထွက်တွေ လိုချင်လို့ ရှာပေးပါလို့ ပြောတဲ့ အတွက် ကျနော့်ကို လာချိတ်တာပါ ။ ပင်ဖြစ်ကို ရောက်တော့ ပါလာတဲ့ နမူနာတွေ ပြလိုက်ပါတယ် ။ သူက နီညိုညို ကျောက်တွေ ကြည့်ပြီး ဒါဘယ်ကရသလဲတဲ့ ။ တောထဲကပါဆိုတော့ ဒါ မျိုးရမယ်ဆို မန်ကျည်းစေ့လောက် အငယ်ဆုံးကနေစပြီး ဝယ်ချင်တယ် ပြောတော့
" ဘယ်စျေးပေးပြီး ဘယ်လိုဝယ်မှာလည်း ဗျ"
(ဝယ်သူ ရှိပြီဆိုရင် အဆင်ပြေပြီလေ)
"ဟဲ ဟဲ ခင်ဗျားက ဒါကို ဘာထင်လို့လဲ"
"မိုင်းရှုးကျောက်လိုမျိုးလား အာစရိ"
( ကိုယ်က မိုင်းရှူးမပြောနဲ့ အနီဆို ချိုချဉ်အနီရောင်နဲ့ အနီရောင်ရှိတဲ့ ကျောက်တာင် ခွဲမသိသေးဘူး)
သူဌေးက ပြုံးကြည့်ပြီး ပြောပါတယ် .......?

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ