သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၅)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၅)
နောက်ထပ်ထူးခြားချက်တခုက အဲဒီပြေးနေတဲ့ ဓါတ်လုံးလေးဟာ သူ့ရဲ့မူလထည့်ထားတဲ့ ရဟန္တာရုပ်လေးနဲ့ ထိလိုက်တာနဲ့ ချက်ခြင်း ငြိမ်သွားတာပါပဲ ။ အဲဒါကလည်း ဘာသတ္တုနဲ့ ထိုးထားသလဲ ဆိုတာ အဂ္ဂိရပ်ဆရာတွေ ကိုယ်တိုင် မသိကြပါဘူး ။
ဘာစွမ်းတာလည်း မေးတော့ ကြည့်ပါဆိုပြီး စမ်းပြပါတယ် ။ ကျနော် ဆိုင်ကယ်ထဲက ဓါတ်ဆီထုတ်ယူပါတယ် ။ ရေနွေးကြမ်းပုဂံထဲ ထည့်ပြီး အဲဒီအရုပ်ကလေးကို ထည့်ထားပါတယ် ။ ၁၅ မိနစ်ခန့် ကြာတော့ အရုပ်လေးကို ဇာကနာနဲ့ ပြန်ဆယ်ယူပါတယ် ။ နောက် အဲဒီ ဓါတ်ဆီ ပုဂံကို မပြောမဆို မီးနဲ့ တို့လိုက်ပါတယ် ။ ကျနော် လန့်သွားပေမယ့် မီးက မတောက်ဖူးဗျ ။
"ကဲ အဲဒါကရော ဘာအစွမ်းလဲ သိသလား "
"ဒါက ထူးဆန်းတယ်ဗျ အဆိပ်ဖြေဆိုရင် ပွပြီဗျ အဆိပ်ဖြေက အရက်ပြန်ကို ရေဖြစ်တာ"
"မဟုတ်ဖူးဗျ ဒါက အရက်ပြန်ဆို ရေမဖြစ်ဖူး"
"အခု ဓါတ်ဆီပဲ ရေဖြစ်တာလား "
"မဟုတ်ပါဘူး ဓါတ်ဆီပါပဲ နမ်းကြည့်လေ"
"အေးဗျ ဓါတ်ဆီ နံ့ ရနေသေးတာပဲ"
"ကဲ ထပ်ရှို့ကြည့်ဗျ ဒီတခါ လောင်မှာ ဆိုတော့ အပြင်မှာ ရှို့"
(အိမ်အပြင် ထွက်ပြီး ရှို့ကြည့်ပါတယ် ဟုတ်ကနဲ လောင်တယ်ဗျာ)
"အေးဗျ အံ့သြစရာပဲ ဘယ်လိုဖြစ်တာလည်းဗျ "
"ဒါကတော့ ရှင်းပြလို့ ရပါတယ်"
"ပြောပါအုံးဗျ"
"ဓါတ်ဆီမှာ 92 , 95 အစရှိသဖြင့် ခွဲထားတယ် မဟုတ်လား"
"အင်း ဟုတ်တယ်လေ ဆီပါဝင်မှု ကိန်းဂဏန်းတွေပေါ့"
"ဟုတ်တယ် 92 ဆိုရင် ဓါတ်ဆီက ၉၂ ရေက ၈ ဒီလိုကိုး"
"အင်း ဟုတ်မှာပါ အဲဒီတော့ "
"ဒီအရုပ်လေးက အဲဒီ ဓါတ်ဆီထဲက ပါနေတဲ့ ရေကို ခွဲထုတ်ပြီး ရေနဲ့ ဆီရဲ့ သဘာဝကို ပြောင်းပြန် လုပ်ပေးလိုက်တာပဲ"
"ခွဲထုတ်တာ နားလည်တယ် သဘာဝဆိုတာ ဘာလဲ"
"ရေက ဆီထက်လေးတော့ အမြဲ အောက်မှာ နေတယ် ဒီအရုပ်အာနိသင်က ရေကို အပေါ် တက်လာအောင် လုပ်ပေးတာ ဒါကြောင့် မီးမလောင်တာ အပေါ်ရံက ရေဖြစ်သွားလို့ "
"သြော် ပြန်ရှို့တော့ လောင်တာက"
"အရုပ်ဖယ်ပြီး ၁၅ မိနစ်လောက်ဆို သူ့သဘာဝ အတိုင်း ရေက အောက်ကို ပြန်ဆင်းသွားပြီ"
"အင်း ခင်ဗျားအရုပ်က မီးမကူးဘူးဆိုပြီး ရောင်းစားရင်ရလောက်တယ်"
"မရဘူးဗျ"
"ဘာဖြစ်လို့လဲ"
"မီမကူးစမ်းတာက စက္ကူတို့ ဂွမ်းတို့မှာ ဓါတ်ဆီဆွတ်ပြီးစမ်းတာ အဲလိုစမ်းရင် လောင်မှာပဲ သူက ရေနဲ့ ဆီ ခွဲပြီး ရေကို အပေါ်ရောက်အောင် တင်နိုင်တဲ့ ပမာဏမရှိဘူးလေ ဘူးထဲ ခွက်ထဲမှ ရတာ ဓါတ်ဆီ များလေ မလောင်လေပဲ"
" ဘာပဲ ပြောပြော အံ့သြ စရာပါပဲဗျာ "
"နောက်အားနည်းချက်က တခါပဲရတယ် နောက်တခါလုပ်ချင် ဖိုပြန်ထိုးရတယ်"
"သြော် ဒါကြောင့် ဝယ်လက်တွေက သုံးခါထိ စမ်းတာကိုး "
"ဟုတ်တယ်ဗျ ဗဟုသုတ ပြပေးတာပါ ခုနက ဓါတ်လုံးကလေးသာ စပ်ပေးပါ ဘယ်လောက်ရရ ရောင်းပါ့မယ်"
"ဟုတ်ကဲ့ပါ"
ကျနော်ပြန်လာပါတယ် ။ ဓါတ်လုံးလေး ပြေးနေတာ မျက်စိထဲက မထွက်ပါဘူး ။ ဟိုစပ်ဒီမေးနဲ့ တပတ်လောက် ကြာတော့ ရွှေရင်ကျော် ဂိုဏ်းက ဆေးဆရာနဲ့ စကားပြောမိတော့ နှမျှောစရာဗျာ မရောင်းပါနဲ့ အဲဒါ လက်ယာလမ်းအတွက် ခရီး တဝက်ရောက်ပြီးသားဗျ (လက်ယာလမ်းဆိုတာ ထွက်ရပ်ပေါက် လမ်းပေါ့ လက်ဝဲလမ်းဆိုတာ ရွေဖြစ် ငွေဖြစ် လမ်းပါ )
" သူတို့ကတော့ ရသလောက်နဲ့ ရောင်းမယ် ပြောတာပဲ "
"တကယ်လားဗျ "
"ဆရာကိုယ်တိုင် လိုက်မေးလေ"
ပင်ဖြစ်ကို သွားပါတယ် ။ ဓါတ်လုံးပိုင်ရှင်က ဆတ်သေ အရှေ့ဖက်က မြေမဲက ဆိုလို့ သွားခေါ်ခိုင်းပါတယ် ။ ၂ နာရီလောက်ကြာမှ ပါလာပါတယ် ။ ဆေးဆရာက အရုပ်ကြည့်ပြီး ခေါင်းငြိမ့်ပါတယ် ။ နောက် ဓါတ်လုံးလေး ထုတ်ပြီး ထမင်းစား တိုက်ပုဂံထဲ ထည့်ပါတယ် ။ နောက် အရုပ်နဲ့ ထိကြည့်ပါတယ် သုံးခါစမ်းပြီးတော့ ပြောပါတယ်
"ကိုင်း ဒါရောင်းမှာ သေချာသလားဗျ"
"သေချာပါတယ် ဆရာ ကျနော်ပိုင်ရှင်ပါ ဘိုးဘွားပိုင်ပါ"
"ဒါက လက်ယာလမ်းအတွက် အဖိုးတန်ပစ္စည်းဆိုတာ သိပါသလား"
"သိပင် သိသော်လည်း ဆက်မလုပ်တတ်တော့ မျောက်လက် အုန်းသီးရသလို အလဟဿဖြစ်နေတာမို့ပါ"
"ကိုင်း တန်ကြေးတော့ဖြင့် ဖြတ်မကောင်းတဲ့ ပစ္စည်းပါပဲ ဒါပေမယ့် ကျနော့်ရှိတာ အကုန်ပေးဝယ်ပါတယ် ရောင်းနိုင်ရင်ရောင်းပါ "
"ဟုတ်ကဲ့ ဘယ်လောက် ပေးမှာလည်းဆရာ"
"ရော့ ဘဏ်စာအုပ် ဒီမှာ ငွေ လေးသိန်း စုစုပေါင်း ၃၁ သိန်း ရှိမယ် ။ ဒီတော့ ကျုပ်ဖို့ တသိန်းချန် ကျန်တာ ယူဗျာ "
"ရပါတယ်ဆရာ ဆရာ့အတွက် ကျန်တာ နည်းနေပါ့မယ် "
"မနည်းဖူးရတယ် ကဲ ဒါဆို ငွေသွားထုတ်ဗျာ တခါတည်း လိုက်ခဲ့ပေတော့"
ငွေထုတ်ပေးပြီတဲ့နောက် ပွဲခ ၆ သိန်း ထဲက တဝက် ၃ သိန်းရပါတယ် ။ သံစားကျောက် အလိမ်ခံခဲ့ရတာ အရင်းပြန်ရပါပြီ ။ စိတ်ထဲမှာတော့ မန္တလေးမှာ တွေ့ခဲ့ရတဲ့ လူလိမ်တွေရယ် လိမ်နည်းတွေရယ် မကျေမနပ်ဖြစ်နေတုန်းပါပဲ ။
ဒီလောကမှာ လူတွေ အများအပြား အလိမ်ခံထိပြီး ဘဝပျက်နေတာကြပါတယ် ။ ကျနော်ကလည်း ဖဲရှုံးတာ အရောင်းအဝယ်ရှုံးတာ ရင်မခုန်ပေမယ့် ဒီလို အလိမ်ခံရတာ မခံချိ မခံသာ ဖြစ်တယ်ဗျ ။ လူလိမ်ကိုလည်း အလွန်မုန်းတယ် ။ နောက်ပြီး ဒီ ဘာမှန်းမသိတဲ့ ဂန္ဘီရလောကရဲ့ ဆန်းပြားမှုတွေ ရဲ့ နောက်ကွယ်က ဘာကြောင့်ဆိုတဲ့ WHY ကိုလည်း သဘာဝ ကျကျ သိချင်လာပါတော့တယ် ။
ဒီတော့ ကျနော် ဝင်ငွေ ပိုရှာရပါမယ် ။ နောက်ထပ် အလိမ်ခံပြီး တပြားမှ မကုန်စေရလို့ သံဒိဌါန်ချပါတယ် ။ မိမိထက် ဗဟုသုတ အတွေ့အကြုံ များလှတဲ့ လူကြီးတွေဆီမှာ လေးလေးစားစား နဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ အယူအဆတွေကို မေးမြန်း မှတ်သားခဲ့ပါတယ် ။
တနေ့ ကိုတိုးဆီကနေ ဖုန်းဆက်လာတယ် ။ သစ်ပါမစ် ရှိသလား ဝယ်ချင်ပါသတဲ့ ။ ကျနော်လည်း မေးမြန်းစုံစမ်းကြည့်တော့ ရန်ကုန်က မိတ်ဆွေတွေ ဆီက ရပါတယ် ။ ဒါနဲ့ မိတ္တူတွေ ပေးလိုက်တော့ ကြိုက်တယ် ဝယ်ပါ့မယ်တဲ့ ။
လွှိုင်ကော်ကို ဆိုင်ကယ်နဲ့ သွားပါတယ် ။ သွားနေကျလမ်းအတိုင်း အင်းလေးကန် အရှေ့ဖက် မိုင်းသောက်တို့ မှော်ဘီတို့ ကနေ ပင်လောင်းဝင်ပါတယ် ။ ပင်လောင်းမှ ထမင်းဝင်စားတော့ ကိုအေးဇော်နဲ့ တွေ့ပါတယ် ။ သူက ဆီဆိုင်က ဆေးရုံကို သစ်ပို့ပေးဖို့ ကူညီခိုင်းပါတယ် (တောထဲက သစ်စက်တွေက ဝယ်ပေးဖို့ပါ ရှမ်းနယ်ဆိုတော့ သူတို့ ပအို့ဝ်တွေ နဲ့ အဆင်မပြေပါဘူး) ရပါတယ်ပြောခဲ့ပါတယ်။ ထမင်းဖိုးသက်သာသွားပါတယ် ကိုအေးဇော်ရှင်းတာကိုး ။
လွှိုင်ကော်ရောက်တော့ မူရင်းပိုင်ရှင်တွေလည်း ရောက်နေပါပြီ ။ ကျနော်ကတော့ ကိုတို့ အိမ်မှာပဲ တည်းပါတယ် ( လွှိုင်ကော်က တည်းစရိတ်အလွန်စျေးကြီးပါတယ် )
နောက်ရက်မှ အဝယ်ဆရာတွေ ရောက်လာပြီး ပြည်နယ် သစ်တောမှာ စာရွက်တွေ စစ်ဆေးအတည်ပြုပေးပြီးမှ ငွေချေပါတယ် ပွဲခက တစ်တန်ကို ၁၀၀၀၀ိ/ ပဲရပါတယ် ။
ကိုတိုးအိမ်မှာ နေတုန်း မီးမကူးဘူးဆိုတဲ့ ပစ္စည်း လာပြပါတယ် ။ ကြည့်ပြီး ဘယ်လိုစမ်းသလဲ ဆိုတော့ ဓါတ်ဆီဆွတ်ထားတဲ့ သတင်းစာကို ကြမ်းပေါ်ချပြီး ပစ္စည်းတင် မီးရှို့တာ လေးလက္မမှာ အကွာမှာ မီးငြိမ်းသတဲ့ ။ ကဲ စမ်းနည်း လွဲနေပြီ ကျနော်စမ်းပြမယ် ဆိုတော့ စမ်းပါတဲ့ ။
ဂျာနယ် စက္ကူကို အသားကင်တဲ့ ဇကာကြားထဲ ဓါတ်ဆီမပါပဲ ညှပ်ပြီး ပစ္စည်းတင်ကာ မီးရှို့လိုက်ပါတယ် ။ လောင်လိုက်သမှ ပြာပဲကျန်ပါတယ် ။ ကြမ်းပေါ်ချရှို့မှတော့ အောက်ကလေမရ ဖြစ်ပြီး ငြိမ်းတာပေါ့ ။ ( မစမ်းတတ်ပဲ စမ်းပြီး ငွေတင်ခေါ် ပြီးတော့ စနစ်ကျစမ်းမှလောင်ပါရော ဒီလိုနဲ့ ကုန်သွားသူတွေ မရေတွက်နိုင်ပါဘူး)
ကျနော် ရပ်စောက်ပြန်ရောက်တော့ အေးသာယာက ကိုသားကြီး ဆိုတဲ့သူ ရောက်နေပါတယ် ပအို့ဝ်ပါပဲ ။ အရပ်ရှည်ကြီးနဲ့ အလွန်သဘောကောင်းပါတယ် ။ သူကတော့ လိုင်းစုံပါပဲ ။
"ကိုမျိုး ရေမန်ကျည်း ဆိုတာ သိသလား"
"ကြားတောင် မကြားဖူးသေးဘူး"
"ခင်ဗျားခေတ်နောက်ကျနေပြီ ဒီမှာကြည့်"
(သူ့အိတ်ထဲက အရွက်တွေ မခြောက်သေးတဲ့ လတ်လတ်ဆပ်ဆပ် နွယ်လေးရယ် လက်ကောက်လို လုပ်ထားတဲ့ ပုတီးလုံး မဲမဲလေးရယ် ပြပါတယ် ။ အရွက်ကတော့ တကယ့် မန်ကျည်းရွက်ပါဗျာ )
"အေးဗျ နွယ်ပင်က မန်ကျည်းရွက်နဲ့ အဆန်းပဲ"
"အဲဒီ ပုတီးကို မွှေးကြည့်ပါအုံး"
"အေးဗျ အုန်းဆီ နံ့လိုလို ဘာလိုလိုပါလား"
"အဲဒါ ပင်ကိုယ်အနံ့ပဲ ဒီအပင်က နွယ်ပင်ကြီးမျိုးဗျ ရေစပ်စပ်မှာ ပေါက်လေ့ရှိလို့ ရေမန်ကျည်းလို့ ခေါ်တာ ဒေသခံတွေကတော့ နွယ်မွှေးတဲ့ တရုတ်တွေကတော့ တမလန်းသစ်နဲ့ အရောင်တူလို့ တမလန်းမွှေးတဲ့"
"နာမည် မှတ်ရတာ ခေါင်းတောင်မူးတယ် ကဲ ကိုသားကြီး ဘာလုပ်ချင်တာလည်း ပြောဗျာ"
"ဝယ်ချင်တာ "
"ဘယ်စျေးလဲ"
"အနှစ်ချည်း လုပ်ပေးရမယ် တပိဿာ ငါးသောင်း"
"အံမယ် စျေးကောင်းသားပဲ ခဲပျော့စျေးပဲဗျ"
"ကျနော်တို့ ၈၀၀၀၀ိ/ရမယ် ပိုတာ ထုံးစံ အတိုင်း တဝက်စီပေါ့"
"ရပါတယ် နမူနာထားခဲ့လိုက်"
"ရော့ ယူထားလိုက် ငွေ သုံးသိန်းပါ ယူထား တွေ့ရင် ဖုန်းဆက်တော့"
"ဟာ ထူးထူးခြားခြား ကြိုငွေနဲ့ပါလား"
"ခင်ဗျား သိတဲ့ အတိုင်းပဲ တရုတ်က စိတ်ချရတာမဟုတ်ဘူး သေချာအောင် ၁၅ သိန်း စရံ ယူထားရတာ "
"ကောင်းတယ်ဗျ ကဲ ကျိုင်းခမ်း ကျနော်သွားမယ် ခင်ဗျား ဘယ်သွားမလဲ"
"အင်တော သွားမယ်"
ဒါနဲ့ နောက်တနေ့ ကျိုင်းခမ်းကို ထွက်ခဲ့ပါတယ် ။ ကျနော့်မိတ်ဆွေ ဦးလုံဆီမှာ ရောက်တော့ ဦးလုံက ကိုမျိုး ရွာထဲ မအိပ်နဲ့ သိန်းသန်းရဲ့ သစ်စက်သွားတဲ့ ။ ကျနော်လည်း သူပြောသလို သိန်းသန်းသစ်စက်ဆီ သွားအိပ်ပါတယ် ။
ကျနော်ထင်တာ ဒီည ဦးလုံဆီကို SSA တွေ အလည်လာမှာ ဖြစ်လို့ ရွာအပြင် သစ်စက်ထဲ အိပ်ခိုင်းတယ်ထင်တာဗျ ။ ဒီထက်ဆိုးတဲ့ ကိစ္စဖြစ်ခဲ့တာပဲ ။ ရွာထဲမှာ ည ၉ နာရီလောက်မှာ သေနတ်သံ ၃ ချက်ကြားရပါတယ် ။ မနက်လင်းလင်းခြင်း ကိုသိန်းသန်း သစ်စက်အလုပ်သမားလေး က ကြောက်ရွှံ့ထိတ်လန့် နေတဲ့ မျက်နှာလေးနဲ့ သတင်းဆိုး တခု ပြောပြပါတယ်
"မနေ့ညက ........!"
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment