သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၈)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၈)

သူတို့ဦးလေး အခု ဆေးရုံပြချင်လို့ သူဌေးက တတ်နိုင်သလောက် ငွေကြိုပေးပါတဲ့ ။ (အတည်ပြု စစ်ဆေးဖို့ ပညာရှင် စောင့်နေဆဲပါ) ။ လူနာကြီးကလည်း မျက်စေ့အောက်မှာ ရောက်နေပြီ ပစ္စည်းကလည်း ဟိုတယ်ထဲမှာ သေတ္တာနဲ့ ထည့်သိမ်းထားပြီးပြီ ဆိုတော့ သူဌေးက သိန်း ၃၀ ပေးလိုက်ပါတယ် ။ ( ပစ္စည်းမှန်ပြီဆိုရင် သိန်းပေါင်း သောင်းချီ တန် တာကိုး )
ဒီလိုနဲ့ ပစ္စည်းရှင် ဆိုတဲ့သူတွေ ဟိုလိုလို ဒီလိုလိုနဲ့ တယောက်ပြီး တယောက် ပျောက် ပျောက်သွားပါတယ် ။ နောက် ပညာရှင်ဆိုတဲ့ လာလည်း လာရော တယောက်မှ မရှိတော့ဘူး ။ ကလောမြို့ထဲ လိုက်ရှာတယ် မတွေ့တော့ဘူး ။
ဒါနဲ့ သေတ္တာဖွင့်ပြီး ပစ္စည်းကို စမ်းပါတယ် ။ ဒိုးဆီစမ်းနည်း ရှင်းပြပါရစေ ။ ဒိုးဆီဆိုတာ အလိုအလျှောက် သေသွားတဲ့ ဒိုးပင် အကြီးတွေရဲ့ အမြစ်မှ ဖြစ်တည်လေ့ ရှိပါတယ် ။ သေပြီး ဒိုးပင်ရဲ့ အဆီများဟာ အမြစ် အဖျားက သားရေအိတ်လို ဖြစ်နေတဲ့ အိတ်ထဲ ဝင်လာပါတယ် ။ နုစဉ်ကာလမှာ ဥသဖွယ် စိမ်းစားဥလိုမျိုး ဖြစ်နေတတ်ပြီး ရင့်သွားပြီဆိုရင် ပူစီပေါင်းထဲ ရေထည့်သွားသလို ဖြစ်သွားပါတယ် ။
အဲဒီအနေအထားမှာ လေးလက္မသံနဲ့ အိတ်ကို ထိုးထည့်လိုက်ရပါတယ် ။ သံ တဝက် ၂" ခန့် သွင်းထည့်ထားပြီး နာရီဝက် တနာရီ အစရှိသဖြင့် အချိန်မှတ်၍ သံကို ပြန်နုတ်ရပါတယ် ။
သံချောင်းဟာ အထဲဝင်သွားတဲ့ အပိုင်းကအလွယ်တကူ လက်နဲ့ ကွေးညွှတ်လို့ရ ရပါမယ် ။ သံလိုက်တုံး ကပ်ရင် သံမလိုက်ရတော့ပါဘူး ( သံဓါတ်ကုန်သွားရတာပါ) နောက် အပြင်က ကျန်နေတဲ့ အပိုင်းက သံလိုက်ရပါမယ် ။ သံထိုးလိုက်တဲ့ အပေါက်ဟာ သဘာဝအတိုင်း ပြန်ပိတ်သွားရပါမယ် ( အတွင်းက အဆီက ပိတ်ပေးတာပါ) ။
အဲဒီလို စစ်ဆေးတုန်းက အောင်မြင်ပြီး အခု မှ ဘာလို့ မအောင်မြင်ရသလဲ ? အလိမ်ခံရတာပါပဲ ။ လိမ်နည်းကိုတော့ သိသလောက်ပြောရမယ် ဆိုရင် ဒိုးဆီ အိတ် အဖြစ် ဝက်ရဲ့ ဆီးအိမ် နဲ့ ပြုလုပ်ပါတယ် ။ အတွင်းမှာ အက်ဆစ်ရိုင်း ငရဲမီး ကော့စတစ် နဲ့ အခြား ပစ္စည်း စပ်ထားတဲ့ အရေ ထည့်ထားပါတယ် ။ ဒါနဲ့ မရသေးပါဘူး ။ သံကိုလည်း သံချောင်းရဲ့ ဖင်အဝိုင်းက လွဲရင် ခဲနဲ့ လုပ်ထားရပါတယ် ။ (ဖင်ပိုင်းက သံလိုက်ကပ်ကြည့်မှာဖြစ်လို့ ပါ) ခဲဆိုတော့ အက်ဆစ်ပေါင်းစုံနဲ့ တွေ့ပြီး ပျော့သွားပါတယ် ။ ဒီလိုလိမ်ကြပါတယ် ။
သူဌေးလည်း စိတ်ညစ်ညစ်နဲ့ ပြန်သွားလို့ အဲဒီအိတ်ကို ခွဲခြမ်းလေ့လာလို့ သိခဲ့ရသလောက်ပါပဲ ။ အခြားအဆင့်မြင်နည်းတွေ ပေါ်ချင် ပေါ်နိုင်ပါတယ် ဒါက 2014 လောက်က နည်းပါ ။
ရပ်စောက်ကို ပြန်ရောက်တော့ သူဌေးက လချေးပြား ရှာခိုင်းပါတယ် ။ ဒါနဲ့ ရပ်စောက် ပတ်ချာလည် ရှာတာ မတွေ့ပါဘူး ။ တောင်နီရောက်တော့ နမူနာရပါတယ် ။ လချေးပြားက အလွှာလိုက်တွေ ဖြစ်နေပါပြီ ။ သူ့သဘာဝကိုက လေနဲ့ ထိနေတိုင်း စက္ကူချပ်တွေလို အလွှာလိုက် ပါးပါးလေးတွေ ဖြစ်သွားပါတယ် ။
ယခင်က တရုတ်တွေဝယ်တာ ၈" ပတ်လည် ၁၀" ပါတ်လည် အစရှိသဖြင့် လှီးဖြတ်ပြီး စက္ကူနဲ့ လေလုံအောင် ပါကင်ထုပ် ပေးရပါသတဲ့ ။ ထူးခြားချက်က ဒီလောက်ပါးနေတဲ့ လချေးပြားလေးဟာ မီးရှို့လို့ မလောင်တာပါ ။
ကျနော်လည်း ရန်ကုန်ကို ပို့လိုက်ကော သူဌေးက အကြောင်းပြန်ပါတယ် ။ အခု ပို့လိုက်တဲ့ဟာက မိုက်ကာ လို့ ခေါ်တဲ့ လချေးပြား ( သူက လျှပ်ကာ ပစ္စည်းအဖြစ် ထမင်းပေါင်းအိုးတွေ လျှပ်စစ်မီးပူတွေ မှာ သုံးရတာ မြန်မာပြည်မှာ လုပ်တတ်သူ မရှိသေးလို့ ခိုင်မာတဲ့ စျေးကွက်မရှိဘူးတဲ့ ) သူဌေးလိုချင်တာက ကျောက်ပတ်တီး နဲ့ မြေဖြူ လုပ်တဲ့ လချေးပြား တဲ့ ဗျ ။
ကိုင်း ဒါဆိုရင်တော့ မြန်မာပြည် အလယ်ပိုင်းက ပိုပြီးပေါတယ် ။ ပခုက္ကူ ကမ္မ. ရေပြာ ပေါက် အဲဒီဖက်မှာ ရှိတတ်တယ် ဆိုတော့ သွားကွာ တဲ့ ။ ပစ္စည်းရှာရမှာ ဆိုတော့ ဆိုင်ကယ်ပါမှ အဆင်ပြေမှာ ဆိုတော့ ဘယ်လိုသွားရမလဲ ? ဆိုင်ကယ်ကို ကားပေါ်တင်သွားရမယ် စဉ်းစားမိပါတယ် ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကိုပေါကြီးရဲ့ မိတ်ဆွေ ကမ္မက လူတယောက် ရောက်လာပါတယ် ။ ချင်းတောင်တန်းဖက်မှာ သံစားကျောက် အကြော အကြီးကြီး ရှိတယ်တဲ့ ။ အဲဒီနေရာကို လိုက်ပြမယ့်သူ ရှိတယ် လုပ်မလားတဲ့ ။ လမ်းကြောင်းကတော့ သင့်နေပြီ ။
စိတ်ဆိုးနေတဲ့ ကိုစိုးကို လိုက်မလား မေးတော့ လိုက်မယ်တဲ့ ။ သံစားကျောက် ပါလာတဲ့ ဇာတ်လမ်းမို့လေ ။ ဒါနဲ့ သူဌေးဆီ သတင်းပို့ ပါတယ် နောက်တနေ့ သွားမယ်ပေါ့ နယ်ခံ တယောက် နဲ့ ကိုစိုးရော ဆိုတော့ ဆိုင်ကယ် နှစ်စီးယူသွားမယ် ပြောလိုက်ပါတယ် ။ အဆင်ပြေပါတယ် ဒါကြောင့် ဆိုင်ကယ် ကြံ့ခိုင်ရေး လုပ်ရပါတယ် ။
သုံးယောက်သား ဆိုင်ကယ် နှစ်စီးနဲ့ ရွှေညောင်လမ်းဆုံကနေ ကားစီးဖို့ မေးကြည့်တော့ ဆိုင်ကယ်တင်ခက လူခထက် သုံးဆလောက် များနေပါတယ် ။ ဒါနဲ့ ပါလာတဲ့ နယ်ခံ ကိုထွန်းဝေက ဆိုင်ကယ်နဲ့ သွားရအောင်ဗျာ ဖြေးဖြေး စီးသွားတာပေါ့တဲ့ ။ ကျနော်တို့ကလည်း ဆိုင်ကယ်သူရဲတွေဗျ ဆိုတော့ စီးသွားကြပါရော ။
ကလောရောက်မှ နားကြပါတယ် ။ ထမင်းမစားပါဘူး အောက်နားက ရေယားမှ စားဖြစ်ပါတယ် ။ ကြက်သား နဲ့ ဂွေးတောက်ရွက် ဟင်းချိုရယ် ခရမ်းချဉ်သီး သုတ်ရယ် အလွန်ကောင်းတဲ့ ဆိုင်လေး ရှိလို့ပါပဲ ။ စားသောက်ပြီးတော့ ဆက်သွားပါတယ် ။ ယင်းမာပင်မှာ ဆိုင်ကယ်အင်ဂျင်အေးအောင် ခဏ နားပါတယ် ။
လက်ဖက်ရည်သောက်နေတုန်း ယင်းမာပင် ကားဆရာ ကိုလတ်ဆိုတဲ့ မိတ်ဆွေ ရောက်လာပါတယ် ။ ဘယ်သွားမလို့လဲ ဘာညာ တွေ ပြောပြီးတော့ သူက မေးတယ်ဗျ ။
"ခင်ဗျား ကျောက်လက်ဝါးဆိုတာ သိလား "
"သိတာပေါ့"
"အဲဒါ တကယ်ရော အဝယ်ရှိသလား ဘယ်လောက်တန်သလဲ"
"တကယ်စွမ်းရင် ဝယ်ကြပါတယ် စျေးက ၃၀၀၀ အနည်းဆုံး ရမယ်" ( တကယ်တန်း ၁၀၀၀၀ ကျော်ပါတယ် တောင်ကြီးအဘ ပြောတဲ့ စျေးပဲ ကျနော်သိထားတော့ ဒီလိုပဲ ဖြေခဲ့ပါတယ်)
"ဟာ ၃၀၀၀ ဆိုတော့ တောင်ကြီး ကားခတောင် မရှိဘူးလေ"
"ဟာ ခင်ဗျားကလည်း သိန်း ၃ ထောင်ပြောတာဗျ"
"ဟာ ဒါကြတော့လည်း များလွန်းပြီ မဖြစ်နိုင်ဘူး"
( ဂွကျတယ်ဆိုတာ ဒါမျိုး သာမန်ကားဆရာကိုး ဗျ ဒီလောကသားမှ မဟုတ်တာ)
"ကဲပါ ခင်ဗျားမှာ ရှိသလား "
"တွေ့ထားတာဗျ သွားမယူရဲလို့ "
"ဘယ်လိုတွေ့ထားတာလည်း"
"လယ်ပြင်မှာ ရွှေရှာတဲ့ အဖွဲ့တွေ တွေ့လာတာ အများကြီးတဲ့"
"ဘယ် ဖက်တွေ လား ညာဖက်တွေလား"
"ညာဖက်တွေချည်းတဲ့ ခင်ဗျားက ဘယ်လိုသိတာလည်း"
"သူက ဘယ်ဆို ဘယ်ဖက်ချည်း ညာဆိုလည်း ညာဖက်ချည်း မိသားစုလိုက် နေတတ်တာဗျ"
"အဲ ရွာက ကောင်လေးတယောက်က တခုယူလာတယ်ဗျ"
"အခု ရှိနေသလား"
"ရွာအထိတောင် ပါမလာဘူးဗျ လမ်းတဝက်တင် ကြောက်လာတာနဲ့ ကျောက်တုံးနဲ့ ရိုက်ချိုးပစ်သတဲ့ ထူးဆန်းတာ အတွင်းမှာ လူလို အရိုးပါ ပါတယ်ပြောတယ် ဒါနဲ့ ကြောက်လန့်ပြီး လွင့်ပစ်ခဲ့တယ်တဲ့"
"အဲဒီကောင်လေးရော "
"ပြန်လာပြီး ည ည ဝူးဝူးဝါးဝါး နဲ့ လန့် လန့်အော်ပြီး တပတ်လောက်ရှိတော့ သေသွားတယ် "
"ဟင် ဒါဆို ဘယ်လိုလုပ်မလဲ"
"အတူတူ တွေ့ခဲ့တဲ့ သူတွေက လိုက်ပြမယ်တဲ့ ယူရဲသူရှိရင်လိုက်ခဲ့လို့ ပြောတယ် "
"ကျုပ်တို့ ယူလို့မရဘူး ရွှေရင်ကျော်ဂိုဏ်းတောင် အဆင့် ၉ လောက်မှ ယူနိုင်တာလို့ ကြားဖူးတယ် ခဏစောင့် ပြန်လာမှ ခင်ဗျားဆီ လာခဲ့မယ်"
စကားဖြတ်ပြီး ခရီးဆက်ခဲ့ရပါတယ် ။ ယင်းမာပင်က ဆင်းလာတော့ ဘုရားငါးဆူ အဝင် အညာမြေကို ပြန်နင်းလိုက်ရတော့ ကိုယ့်အိမ်ကို ပြန်ရောက်သလို ခံစားမိပါတယ် ။ ကြီးကျယ်ခန်းနားလှတဲ့ တပ်မတော် ဖိနပ်စက်ရုံကြီးလည်း စတင်လည်ပတ်နေပါပြီ ။ ယခင်က ဆားပေါက်နေတဲ့ ကန္တာရပင်တွေကြားက သစ်ကွင်းတခုတည်းကနေ အဖေါ်အဖြစ် ဖိနပ်စက်ရုံကြီး ရှိလာခဲ့ပါပြီ ။
ဒီလိုနဲ့ သာစည်ကိုကျော် တိမ်ကောနေတဲ့ မင်းလှရေကန်ကြီး ဘေးကနေ မိတ္ထီလာထိ စီးလာခဲ့ပါတယ် ။ မတ္ထီလာ ကန်ဘေးက အအေးဆိုင်မှ ခဏနားပြီး ကျောက်ပန်းတောင်းမှာ ညအိပ်နားဖို့ ဆုံးဖြတ်ကြပါတယ် ။
ကျောက်ပတောင်းမှာ ညအိပ်ဖို့ သူဌေးဆီ သတင်းပို့ပါတယ် ။ သူဌေးက ပုဂံညောင်ဦးက သူ့မိတ်ဆွေဆီက ပစ္စည်းတခု ဝင်ပြီး ယူခိုင်းပါတယ် ။ ဘာပစ္စည်းလည်း ဆိုတော့ ဘိုးတော်တပါးက ပေးထားတဲ့ ဓါတ်လုံးတဲ့ ။ ဘာစွမ်းသလဲဆိုတော့ အဲဒီဓါတ်လုံးက လက်နဲ့ ပွတ်လိုက်ရင် ပြာတွေထွက်သတဲ့ ။ အဲဒီပြာက ပယောဂကုလို့ ရသလို မြွေဆိပ်တောင် ပြေသတဲ့ ။
သူပြောတာ ကြားလိုက်တော့ အတော်အတဲ့ သူဌေးပါလားလို့ တွေးမိပါတယ် ။ ဒီဓါတ်လုံးက တကယ်တော့ .....!
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)