သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၇)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၇)

ကိုမြင့်ဦးက ပြောပါတယ် ခဏလေး ငွေထုတ်နေလို့ပါတဲ့ ။ ခဏနေတော့ လမ်း ၃၀ သွားရမယ်ဆိုပြီး ပြောပါတယ် ။ ဆေးရုံကြီး ခေါင်းရင်းက လမ်းဒေါင့် ဆိုင်မှာ တွေ့ရပါတယ် ။
အတုလုပ်ထားတာပါတဲ့ ။ ငွေမတင်ပါဘူးတဲ့ ပြောပါတယ် ။ ကိုသက်တဲ့ လူက အရပ်အတော်မြင့်ပါတယ် ၅'၈" ရှိတဲ့ ကျနော် မော့ကြည့်ရပါတယ် ။ အနည်းဆုံး ၆'၃" လောက် ရှိပါမယ် ။ စကားပြောရင်းနဲ့ နောက်ဆုံး တင်ငွေ တာဝန်ယူပါတယ်ဆိုတဲ့ စစ်ကိုင်းက ကိုမြင့်ဦးကို ပြောရပါတယ် ။
အူကြောင်ကြောင် မျက်နှာပေးနဲ့ ဖြစ်နေပါတယ် ။ ကိုသက်ဆိုတဲ့ လူက ကိုမြင့်ဦးကို ပြောပါတယ် ခင်ဗျားဗျာ ဖားရှာပါဆိုမှ ကျားခေါ်လာတယ် ကိုကျော်ရဲအောင်က ဆရာကြီးဗျ လို့ ပြောပါတယ် ။ ဒါနဲ့ ပြန်ခဲ့ရရော ဆိုပါစို့ ။ ကိုကျော်ရဲအောင်ကို သတိရပါတယ် အလွန်သဘောကောင်းတယ် ကျနော့်ကိုလည်း ခင်ပါတယ် လိမ်တာမခံရအောင် အများကြီး သင်ပေးခဲ့ဖူးပါတယ် ။ ဒါပေမယ့် သူသည်လည်း ကျနော် ဆရာတင်ရလောက်တဲ့ အဆင့်ထိ သိပ္ပံနည်းကျ ခြေခြေမြစ်မြစ် မရှင်းတတ်သေးပါဘူး ။
ကဲ သင်ခန်းစာကတော့ ရပါပြီ ။ အဲဒီ စစ်ကိုင်းက မြင့်ဦးဆိုတဲ့ လူဟာ အရင်တုန်းက လူရိုးကျောက်ကုန်သည်အစစ်ပါတဲ့ ။ ဂန္ဘီရတွေနောက်လိုက်ရင်း စီးပွားပျက်သွားပြီး လူလိမ်တွေနဲ့ ပေါင်းပြီး ငွေရှာရတဲ့ အခြေအနေ ဖြစ်နေတာဗျ ။ ဒီလောက အခေါ်ကတော့ ဖားဆွဲပေါ့ ။ အချဉ်မအူမလည် ရှာပေးရတာ ။ ဖြူးကိုခေါ်သွားတဲ့ လွှိုင်ကော် ကိုသားကြီးလည်း ဖားဆွဲပါပဲ နောက်မှ သိရပါတယ် ။ သူလည်း ဆုံးသွားပါပြီ ။
ဦးအောင်မြိုင်နဲ့ နှစ်ယောက်သား အေးအေးဆေးဆေး ပြန်လာခဲ့ပါတယ် ။ ဟံမြင့်မိုရ် လမ်းခွဲကနေ မြို့ကြီးဖက် တက်လာတော့ အကြော်ဆိုင်တဆိုင်က ကလေးမလေး တယောက်ကို ဘာတော်မှန်းမသိတဲ့ လူကြီးတယောက်က မီးစွဲနေတဲ့ ထင်းစ နဲ့ ရိုက်နေတာလည်း မြင်ရော မနေနိုင်ဘူး ဆိုင်ကယ်ချက်ခြင်းရပ်ပြီး ဟေ့လူ လို့ လှမ်းအော်တားရပါတယ် ။
ဘာလဲ မဆိုင်ရင်ကိုယ့်လမ်းကို သွားတဲ့ ။ အေး သားသမီးအရင်းလည်း မတော်မတရား နှိပ်စက်နေရင် အဖမ်းခံရမယ် လို့ ပြောတော့ ဒီလူ ဆက်မပြောတော့ဖူး ။ ကလေးမလေးလည်း ပြေးတာ ဘယ်ရောက်သွားလည်းမသိဘူး ။ ကိုင်း မနေတတ် မထိုင်တတ်ပါဆို ။
တောင်ပေါ်စတတ်တော့ ရှုခင်းတွေကို ဦးအောင်မြိုင်က သိပ်သဘောကျနေပါတယ် ။ ရွာငံမှာ ထမင်းစားနားပါတယ် ။ နောက်ဆက်လာပြီးတော့ ပင်းတယ ဂူဝင်ချင်တယ်ဆိုလို့ ဝင်ခဲ့ပါသေးတယ် ။ သဘောမကျတာ တခု ရှိပါတယ် ။ ဂူထဲက ဘုရားဆင်းတုတွေမှာ မူလ အလှူရှင်တွေရဲ့ ကဗျည်းတွေ ပျောက်ကွယ်နေပြီး အချက်အခြာ ကျတဲ့ နေရာတိုင်းမှာ တိုင်းမှူးတွေ ဗိုလ်ချုပ်တွေရဲ့ ကောင်းမှုဆိုပြီး ကဗျည်း အသစ်တွေချည်း ဖြစ်နေတာပါပဲ ။
တကယ်တန်းကျတော့ မူလကုသိုလ်ရှင် ဘယ်သူ ယခုနောက်ထပ် ပြုပြင်ကုသိုလ်ရှင် ဘယ်သူဆိုရင် ပိုကောင်းမယ်ထင်တာပါပဲ ။ ဒါပေမယ့် ဘာပဲပြောပြော ဗိုလ်ချုပ်တွေ ဗုဒ္ဓဘာသာ ချီးမြှောက်ခဲ့တဲ့ သမိုင်းကတော့ မှတ်တမ်းတွေ ခိုင်မာခဲ့တာပေါ့လေ ။ ( အခုမှ တန်ဖိုး သိရတာကိုး)
နောက်တော့ ကျနော့်အသိ မိုင်းအင်ရွာက ကိုရာမေး ဆိုတဲ့ ဂေါ်ရခါး ဆီ ဝင်လည်ပါတယ် ။ သူ့အိမ်မှာလည်း အလွန်ကောင်းပြီး အလွန်သီးတဲ့ သကြားသီးပင်ကြီး ရှိတယ်ဗျ ။ အသီးမှဲ့ချိန်ဆို တပင်လုံး ပျားတွေ ချည်းပါပဲ ။
ကိုရာမေးက ပြောပါတယ် သူ့ဆီမှာ ပတ္တမြားတလုံးရှိသတဲ့ ။ ဒါနဲ့ နားလည်သလောက် စစ်ကြည့်တော့ ချက်ကျောက်ကြီး ဖြစ်နေပါရော ။ နောက်ပြီး ထပ်ပြောပါတယ် ရွှေညောင်မှာ ပြဒါးယို ရှိသတဲ့ ။ ( ပြဒါးယိုဆိုတာ အရုပ်ကို အပူပေးလိုက်ရင် ပြဒါးတွေ ထွက်လာပါတယ် နောက်အအေးခံလိုက်ရင် မူလအတိုင်း အလေးချိန်ပြန်ပြည့်ရပါတယ် ) ကိုင်းနောက်မှ လုပ်မယ်ဆိုပြီး ပြန်လာပါတယ် ။
ကောင်းဘိုရောက်တော့ မပုနဲ့ တွေ့ပါတယ် ။ သူ့ဆီက အလွန်ကောင်းတဲ့ ၃ ပိဿာလောက် ရှိတဲ့ စလင်းတုံးကြီး တွေ့ရပါတယ် ။ နောက်ပြီး မုဆိုးဆီက ဒေသအခေါ် ကျောက်သေတ္တာလို့ ခေါ်တဲ့ ဆယ်ပြားစေ့ သဏ္ဍန် ကျောက်လေးတွေ ပြပါတယ် ။ ကြီးကြီးငယ်ငယ် ဆယ်ပြားစေ့လေးတွေလို ဖြစ်နေပါတယ် ။ အကြီးကို ထုခွဲလိုက်လည်း ငယ်တဲ့ ဆယ်ပြားစေ့သဏ္ဍန်တွေပဲ ပြန်ထွက်ပါတယ် ။ နမူနာ ယူလာပါတယ် ။
နောက်တနေ့ တောင်ကြီးကို တက်သွားပြီး အဘကို နမူနာပြပါတယ် ။ စလင်းလည်း သဘောကျတယ် ဆယ်ပြားစေ့သဏ္ဍန်ကျောက်တွေလည်း သဘောကျနေတယ် ။ အဲဒီကျောက်လေးတွေက ရွှေအမြောက်အများ ထွက်မှ ရှိတတ်တာလို့ ပြောပါတယ် ။
ကျနော်လည်း ရွှေညောင်က ပြဒါးယို အကြောင်းပြောတော့ သူ့ဆီ လွှတ်လိုက်တဲ့ ပြောပါတယ် ။ နောက်တရက် ကိုရော်မေး လာတော့ တောင်ကြီးက အဘ ဖုန်းနံပါတ်ပေးလိုက်သလို ကျနော့်ဖုန်းနဲ့ ကိုရော်မေးကို တိုက်ရိုက် မေးခိုင်းလိုက်ပါတယ် ။ အလေးချိန်တို့ ဘာရုပ်လည်းတို့ပေါ့ ။
ကိုရော်မေး ပြန်သွားတော့ ကိုအေးဇော်ဆီက ဖုန်းလာပါတယ် ။ သူ့ညီအငယ်ဆုံးလွှတ်လိုက်မယ် သစ်ရှာပေးပါတဲ့ ။ ရပါတယ်ဆိုတော့ သူ့ညီကို လွှတ်လိုက်ပါတယ် ။ သစ်က ဆီဆိုင်မရောက်ခင် ဆိုက်ခေါင်ဆိုတဲ့ ရွာမှာ ဆေးရုံဆောက်နေတယ် အဲဒီ ပို့ရမှာတဲ့ ။ ကျနော်က စာရွက်နဲ့ပဲ ကျွမ်းကြင်တာမို့ ဦးသန်းဝင်းကို အကူအညီ တောင်းရပါတယ် ။
ဒါနဲ့ သူမှာလိုက်တဲ့ အတိုင်းစာရင်းနဲ့ သစ်မှာတော့ ၂" ပတ်လည် ဘယ်သူမှ ထိုးမပေးချင်ဘူး ။ ( သစ်လေတယ် အကြိမ်ရေများစွာ ထိုးရတယ်လေ) အဲဒါနဲ့ ကျိုင်းခမ်းက ဦးဝင်းကို ဂျီကျပြီး ထိုးခိုင်းရပါတယ် ။ သူတို့ ဘယ်လိုပို့တယ် မသိဘူး ရောက်သွားပါတယ် ။ ကိုအေးဇော်က ကျနော် နဲ့ ဦးသန်းဝင်းကို ၈ သိန်းပေးပါတယ် ။
ပြန်လာတော့ ကိုရော်မေးဆီက ဖုန်းဆက်ပါတယ် ။ ပစ္စည်းက မှန်ပေမယ့် တောင်ကြီးအဘက မဝယ်ဖူးတဲ့ ။ ဘယ်လိုဖြစ်တာလည်း အဘဆီ ဖုန်းဆက်မေးတော့ ဒီလိုပြောပါတယ်
"အေးကွ ပစ္စည်းကို စစ်တော့ နာရီဝက်အတွင်း ပြန်ပြည့်တယ်ကွ"
"ဒါဆို ဘာလို့ မလုပ်တာလည်း အဘ"
"သူတို့ ပြောတာ သဘာဝမကျလို့ကွ"
"ဘယ်လိုပြောလည်း အဘ"
"အခု ဒီအရုပ်ကို သိန်းနှစ်ဆယ်ပေးပြီး ဝယ်ရမယ် ပြီးမှ သွားရောင်းရမယ်တဲ့ ငါ့ဆီက ၁၀ သိန်းစိုက်ပါ သူတို့ ၁၀ သိန်းစိုက်မယ်တဲ့"
"ဟုတ်ကဲ့ အဘ"
"ထပ်ပြောတာက အရုပ်ကို ငါယူထားပါတဲ့ ရောင်းပြီးမှ သူတို့ ဝေစု ပြန်ပေးပါလို့ ပြောနေတယ်"
"ဒီတော့ "
"အေး အဲဒါ မသင်္ကာတာလေ သိန်းပေါင်း ထောင်ချီရမယ့် ပစ္စည်းကို ငါ့ဆီ ဘာကြောင့် ပေးသလဲ ? ငါကိုလည်း ဘယ်နေသလဲဆိုတာတောင် သိတဲ့သူတွေ မဟုတ်ဖူးလေ"
"အဘ ဘယ်လိုထင်သလဲ"
"ဒီကောင်တွေ ငါမသိတဲ့ နည်းနဲ့ လိမ်နေပြီ ထင်တာပဲ "
"အဘ ဘယ်လို ပြန်ပြောခဲ့လည်း "
"မင်းတို့ စိုက်ပေးမယ့် ၁၀ သိန်း အခု ငါ့ပေးလိုက် ငါထိုင်ရာမထ အဝယ်လှန်းခေါ်မယ်ဆိုတော့ မပေးနိုင်ဘူး ဘာညာ ဆိုပြီး ပွဲပျက်သွားတယ်"
"ဟုတ်ကဲ့ အဘ ကျေးဇူးပါပဲ "
ကျနော်လည်း သေချာအောင် မန္တလေးမှာ တွေ့ခဲ့တဲ့ လူလိမ် ကိုသက်ဆီ ဖုန်းဆက်မေးပါတယ် ။
" ကိုသက်ရေ ကျနော် မန္တလေးမှာ တွေ့ခဲ့တဲ့ ကိုမျိုးပါ"
"သြော် ရပ်စောက်ကဆိုတာလား"
"ဟုတ်ပါတယ် အခု မေးစရာလေး ရှိလို့ပါ "
"မေးပါဗျ"
"ပြဒါးယို အတု လိုချင်လို့ ရှိသလား"
"ဟာ ဂန္ဘီရ ပစ္စည်း မှန်သမျှ အကုန်ရတယ် ကြိုက်တာပြော"
"အေး အခု ပြဒါးယို အသည်းအသန် လာမေးနေလို့ "
"ရပါတယ် ခေါ်သာ ခေါ်လိုက် အဆင်ပြေအောင် ရုပ်ရှင်ရိုက်လို့ ရတယ် "
"ဒါဆို အကြောင်းထူးတာနဲ့ ပြန်ခေါ်မယ် ဒီဖုန်း မှတ်ထားအုံး"
"ok ဗျာ အဆင်ပြေရင် ခင်ဗျား တဝက်ယူပါ"
"ok ok bye"
ကဲ အတုကတော့ သေချာနေပြီ ။ ဘယ်လိုတုသလဲ သိချင်မိပါတယ် ။ ကိုရော်မေးက ကိုစိုးဆီကို အဲဒီအရုပ် လုပ်ဖို့ တိုက်တွန်းနေပါတယ် ။ ကျနော့်ကို ကိုစိုးက ပြောတယ် လုပ်ရအောင်တဲ့ ။ ကျနော်မယုံဖူးဆိုတော့ စိတ်ဆိုးပြီး မခေါ်တော့ဘူး ။
နောက်မကြာပါဘူး ကောင်းဘိုက မပုက ပြဒါးငုပ် ရောက်နေလို့ လာကြည့်ပါဆိုလို့ ကောင်းဘိုကို သွားကြည့်ပါတယ် ။ အဖိုးကြီး လက်ထဲမှာ ရောက်နေပါတယ် ဟင်္သာရုပ်လေးပါ ။ ဒါနဲ့ စမ်းကြည့်တော့ ပြဒါးလည်း နည်းနည်းပဲ ယိုသလို လုံးဝ မပြည့်တော့ပါဘူး ။
ဘယ်လိုရလာသလဲ မေးတော့ ကိုရော်မေးပါပဲ ။ အရုပ်ကို ကောင်းဘိုယူလာပြီး စမ်းပြတယ် ပြန်ပြည့်တယ် ။ တောင်ကြီးအဘကို ပြောသလို ၁၀ သိန်းဆီ စပ်ဝယ်မယ်ဆိုပြီး နားမလည်တဲ့ အဖိုးကြီးကို လိမ်သွားတာပါ ။
လိမ်တာက ရိုးရိုးလေးပါ ( နောက်မှ ကျနော်သိတာပါ) ပြဒါးကို ကြေးရုပ်ထဲ ဝင်အောင် အဂ္ဂိရပ်နည်းနဲ့ စီမံပါတယ် ။ ပြီးတော့ မီးအပူလိုက်ပါတယ် ထည့်ထားတဲ့ ပြဒါးက အပူကြောင့် ပြန်ထွက်လာတာပါ ။ မူလ ရှေးဆရာတွေက လေထဲက ပြဒါး (အာကာသပြဒါး) ကို ပြန်ပြည့်အောင် ထိုးခဲ့တဲ့ အရုပ်တွေပါ ။ ဒီတော့ အလေးချိန်ပြန်ပြည့်မှ အစစ်ပါ ။ လူလိမ်တွေက ပြန်မပြည့်ပါဘူး ။
ဒီတော့ ပြန်ပြည့အောင် အရွယ်တူ အရုပ် နှစ်ခု လုပ်ထားပါတယ် ။ နောက် ပြန်ပြည့်အောင် အမြင့်တနေရာမှာ ထားရမယ်ဆိုပြီး ယူပါမယ် (အဲဒီအချိန်မှာ အရုပ်ချင်း လဲလိုက်ပါတယ် ) နောက်တနည်းက ချိန်တဲ့အခါ အလေးချင်း လဲထားတာပါ ။ မူလ ချိန်တုန်းက ၁၀ိ/သား အလေးအစစ်နဲ့ ချိန်ပြီး နောက် ပြဒါး ထုတ်ပြီး ပြန်ချိန်တော့ ၁၀ိ/သားမရှိတဲ့ ၁၀ိ/သား အလေးနဲ့ ချိန်ပြတာပါ ( ဒီဂျစ်တယ် ကတ္တား မရှိတဲ့ ဒေသမှာ လိမ်တဲ့ နည်းပါ )
ဒါကြောင့် တောင်ကြီးက အဘက မဝယ်တာကိုး ။ ကျိုင်းခမ်းကနေ ရေမန်ကျည်း ရပြီ ပြောလို့ ကိုသားကြီး ခေါ်ပြီး သွားကြပါတယ် ။ အကာမစင်တာတွေ ရေမန်ကျည်း မဟုတ်တာတွေ စစ်ဆေးရပါတယ် ။ ဆင်တူရိုးမှားတွေ ရှိတယ်ဗျ ကျနော်တယောက်ထဲဆို ပါလာမှာ သေချာတယ် ။ အဲဒါ အချိန် ၂၀ လောက်ရလိုက်ပါတယ် ။
နောက်နေ့ကျတော့ ကလောမှာ ဒိုးဆီ ရောက်နေတယ် ဆိုပြီး မိတ်ဆွေတယောက် ဆင်းသွားပါတယ် ။ သူစစ်ပြီး ပြီ မှန်တယ်တဲ့ နောက်က လိုက်ခဲ့ပါ ဆိုတာနဲ့ လိုက်သွားပါတယ် ။ သူဌေးလည်း ရောက်နေပါပြီ ။ ဒီပွဲကတော့ ပွဲကြည့် ပရိတ်သပ် အဆင့်ပါပဲ ။
သူတို့ စကားပြောနေတုန်း စောင်ပုခက်ကြီး ထမ်းလာပါတယ် ။ ဖြူရော်ဖြူဖက် အဖိုးကြီး တယောက် ဒဏ်ရာတွေ ဗရပွနဲ့ ပါလာပါတယ် ။ သူတို့ခြင်း ရှမ်းလိုပြောနေပါတယ် ကျနော်တော့ နားမလည်ပါဘူး ခဏနေတော့ ပစ္စည်းရှင်ထဲက တယောက်က သူဌေးကို ပြောပါတယ်
ဘာပြောသလဲဆိုတော့ ............!

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)