သတ္တုလောကနဲ့ သရဲဖမ်းနေသူများ (၁၉)
သတ္တုလောကနဲ့ သရဲဖမ်းနေသူများ (၁၉)
တကယ်တော့ ဒီဓါတ်လုံးဟာ ဘာမှ မစွမ်းလှပါဘူးဗျာ ။ အဂ္ဂိရပ်လောကကို မူလတန်း အလယ်တန်း အထက်တန်း နဲ့ ဘွဲ့ရ ရယ် ပါရဂူရယ် ဆိုပြီး အဆင့်ခွဲထားလိုက် ။ အထက်တန်း အဆင့်ဆိုရင် လုပ်တတ်ကြပါတယ် ။
အချို့ ပယောဂဆရာတွေ မြွေဆေးကု ဆရာတွေ လူအထင်ကြီးအောင် လုပ်ပြလေ့ ရှိပါတယ် ။ ကျနော့်ရဲ့ ထီးခမ်းက မိုးကြိုးသွား အတုလုပ်တဲ့ အဂ္ဂိရပ် ဆရာဆိုရင် အဲဒီဓါတ်လုံးကို တလုံး တသိန်း နဲ့ ထိုးပေးနေတာ များလှပါပေါ့ ။ ဘာမှ မစွမ်းပါဘူး ဓါတ်သားထဲက မတည့်သောဓါတ်က ပြာအဖြစ် ကန်ထွက်လာတာပါ လက်ဝါးနဲ့ ပူရုံပွတ်ရင် ထွက်ပါတယ် ။ အပူရှိန်များသွားရင်လည်း ရပ်သွားပါတယ် ။
သူဌေးကို ရှင်းမပြပါဘူး ပြောလည်း လက်ခံမယ်မထင်နဲ့ သူဌေးဆိုတာ သူတို့လောက် ဘယ်သူမှ မသိဘူးထင်တဲ့ စိတ် ရှိတတ်တယ်ဗျ ။ ဒါနဲ့ ပုဂံညောင်ဦးကို ရောက်ခဲ့ရပြန်ပါတယ် ။ ညောင်ဦးက ရွှေစည်းခုံ ဘုရားရဲ့ အရှေ့ဖက်နားက ဘုန်းကြီးကျောင်းကို သွားရပါတယ် ။
ဘုန်းကြီးက ဓါတ်လုံးပေးပြီး ရှေးဟောင်း ပိုက်ဆံတွေ ပြပါတယ် ။ နောက်ဆုံးမှ သူ့ဆီမှာ အလွန်တန်ဖိုးကြီးတဲ့ ငွေစက္ကူတွေ ရှိသတဲ့ ။ ဘယ်မှာ လဲရမှန်းမသိလို့တဲ့ ။ ဘယ်လောက်တန်လဲ ဘုရား ဘယ်နိုင်ငံက ပါလဲ မေးတော့ အင်္ဂစာ မတတ်လို့ မသိပါဘူးတဲ့ တရွက်က တိုးရစ်တယောက်က လှူသွားတာပါတဲ့ ။ နောက်တရွက်က ဒကာတယောက်ဆီက ၁၀၀၀၀ိ/ နဲ့ ဝယ်ထားလိုက်တာတဲ့ ။ ပြပါအုံးဘုရား ဆိုတော့ ယူပြီးပြပါတယ် ။
တရွက်က ၁၀ သန်းတန် ဗျ ။ နောက်တရွက်က သန်းတစ်ထောင်တန် ( သုံညတွေ များလွန်းလို့ ချရေးပြီး မနည်းတွက်ရတယ်ဗျာ) ဟ ဘယ်လိုငွေတွေပါလိမ့်ပေါ့ ဒါနဲ့ နိုင်ငံကြည့်လိုက်တော့ ၁၀ သန်းတန်က ဇင်ဘာဗွေ နိုင်ငံက ( ဟုတ်တာပေါ့ ပေါင်မုန့် တလုံး ၅ သိန်းတို့ ကြက်ဥ တကပ် အလုံး ၃၀ ကို ၁၅ သိန်းတို့ ဖြစ်နေတဲ့ နိုင်ငံကိုး) ။
ကဲ နောက်တရွက် ကြည့်လိုက်တော့ BANk OF THE DEAD
ဟိုက် ဘာလဲဟ ပေါ့ ။ နောက် စေ့စေ့စပ်စပ်ပြန်ကြည့်တော့ တရုတ်စာ သေးသေးလေးတွေ ပါတယ် ။ သြော် ဟုတ်ပြီ တရုတ် အသုဘတွေမှာ မီးရှို့တဲ့ ပိုက်ဆံအတု ။
ဆရာတော်ကို ရှင်းပြတော့ ရီလိုက်တာ ခွက်ထိုး ခွက်လန်ဗျာ ။ ငါ့ မှာ တသောင်း နဲ့ မနည်း တောင်းတောင်းပန်ပန် ဝယ်ထားရတာ တရုတ် အသုဘ ပိုက်ဆံကိုးကွ တဲ့ ။ ကျနော်တို့ကိုလည်း နောက်လာရင် သူ့ကျောင်းမှာပဲ တည်းဖို့ ပြောပါတယ် ။ ဆရာတော်ကို ကန်တော့ပြီး ပြန်လာပါတယ် ။ ရီစရာဓါတ်လုံးလေး ကို ကားဂိတ်က မပို့နဲ့တဲ့ ရန်ကုန်လာမှ လူကိုယ်တိုင် ယူခဲ့တော့တဲ့ ။
ဒါနဲ့ ဦးတည်ခရီးဖြစ်တဲ့ လချေးကျောက် ရှိရာကို သွားကြပါတယ် ။ ပုဂံညောင်ဦးကနေ ဧရာဝတီကို စက်လှေ ပေါက်စလေးနဲ့ ကူးလာပါတယ် ။ လူတွေ ဆိုင်ကယ်တွေ နဲ့ မြစ်ပြင်ကျယ်မှာ အသဲတယားယားသွားရပါတယ် လေကလည်း ထန်နေတာကိုး ။
အသဲတယားယားနဲ့ တဖက်ကမ်းကို ရောက်ပါပြီ ။ သဲပြင် တမျှော်တခေါ်ကြီး ပေါ်မှာ စိုက်ခင်းတွေကလည်း စိမ်းစိုနေပါတယ် ။ စိုက်ခင်းတွေကြားထဲက သဲလမ်းလေးမှာ ဆိုင်ကယ်စီးတော့ ရှမ်းပြည်တခွင် ပြဲပြဲစင်အောင် လျှိုကြားချောက်ကြား တောင်ပေါ် တောလမ်း သရဲမရဲ စီးလာတဲ့ ရပ်စောက်သား ကိုစိုး တယောက် ဒယိမ်းဒရိုင် နဲ့ သဲကြမ်းဆွဲခေါ်ရာ ကို လူးလူးလိမ့်လိမ့် စီးနေရပါတယ် ။
ဒီတော့မှ အညာသားတွေ ဖြစ်တဲ့ ကျနော်နောက်က ကိုစိုးကို တက်စီးစေပြီး ကိုထွန်းဝေကို တစီး စီးစေပြီးမှ လျှင်မြန်စွာ ခရီးရောက်ခဲ့ရပါတယ် ။ ပူပြင်းတဲ့ နေဒဏ်အောက်မှာ ကိုစိုးကတော့ အတော် လူးလဲနေရှာပါတယ် ။ ဒီလိုနဲ့ ကမ္မသွားရာ ကတ္တရာလမ်းပေါ် ရောက်လာပါတယ် ။
အရှိန်နဲ့ စီးနေတဲ့ ဆိုင်ကယ်တွေဟာ အလွန်အရိပ်ကောင်းလှတဲ့ ထနောင်းပင် တွေအောက်က အအေးဆိုင်လေးမှာ ရပ်နားလိုက်ကြပါတယ် ။ အညာလက်ဖျော် မန်ကျည်းဖျော်ရည် စစ်စစ်လေးတွေ မှာသောက်ပြီး စကားပြောကြတာပေါ့ ။ ကိုထွန်းဝေက မေးပါတယ်
"ကိုစိုး ကျနော် နောက်က ကြည့် ကြည့်နေတာ ဆိုင်ကယ်စီးရင်း ဘာဖြစ်လို့ ခြေထောက်ကို အပေါ် မြောက် မြောက် သွားတာလည်း မြွေမြင်လို့လားဗျ ကျနော်တော့ ဘာမှ မမြင်ပါဘူး "
"ဟာ မြွေမဟုတ်ဖူးဗျ ကျုပ်လည်းမေးမလို့ "
"အင်း ဘာတွေ့လို့လဲ"
"ရေကွက် တွေဗျ ဒါပေမယ့် ဆိုင်ကယ် ရောက်သွားရင် မရှိပြန်ဖူး အဲဒါ ဘယ်လို ဖြစ်တာလဲ "
"ဟာ ကိုစိုးကလည်း အဲဒါ ရေ မဟုတ်ဖူး တံလျှပ်ဆိုတာပဲ အပူငွေ့တွေ ပေါ့"
"သြော် တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှား ဆိုတာ ဟုတ်တာပေါ့ သမင်တင် မဟုတ်ဖူး ကျုပ်ဆိုလည်း မှားမှာပဲ"
ကျနော်တို့ ရီမောခဲ့ရပါတယ် ။ မိမိကျင်လည်ရာ ရေ မြေ သဘာဝ နဲ့ ကွဲပြားတဲ့ နေရာတွေ ရောက်တိုင်း သတိရမိတဲ့ ကိုစိုးဆီက သင်ခန်းစာပေါ့လေ ။ ( နေရာတကာ ငါသိ ငါတတ်ဆိုတာ နယ်ပယ်တခု မျှသာ လို့ ဆင်ခြင်မိတော့ မာနတွေ ဘဝင်တွေ မကြီးတော့တာပေါ့ဗျာ)
ကမ္မသွားတဲ့ လမ်းက ရွာတရွာရဲ့ နာမည်က အဆန်းဗျ ။ ကျန်တဲ့သူတွေကို စော်ကားထားတဲ့ နာမည်ပဲ ။ ရွာက ကျပ်ပြည့်ရွာတဲ့ ကိုင်း ကျန်တဲ့ လူတွေက ကျပ်မပြည့်သလို ပဲလေ ။
ကမ္မရောက်တော့ ကိုထွန်းဝေ အိမ်ကို သွားရတာပေါ့ ။ ပြည့်ပြည့်စုံစုံပါပဲ ဗျာ ။ အုံးပင်တွေ အများကြီးနဲ့ ခြံအကျယ်ကြီးထဲမှာ နံကပ်တိုက်လှလှလေးနဲ့ နေတာပါ ။ ညနေခင်း ရေချိုးပြီးတော့ ရွာတောင်ပိုင်းက သူဌေးတယောက်ဆီ သွားကြပါတယ် ။
သံပုရာပင်တွေ အများကြီးနဲ့ ခြံအကျယ်ကြီးပါပဲ ။ ဂျစ်ကားတစီးလည်း ရှိပါတယ် ။ သူ့ဆီက လချေး နမူနာတွေ ရပါတယ် ။ သူ့နာမည်က ကိုတင်မြင့် ထင်ပါရဲ့ ။ ကြိုးဖုန်းလည်း ရှိပါတယ် ။
အဲဒီလချေးတွေ ယူလာပြီး ကိုထွန်းဝေ အိမ်ပြန်ရောက်တော့ သူ့ရဲ့ ငယ်သူချင်း ကိုစိုး( ကိုစိုး နှစ်ယောက် ဖြစ်သွားပြီ) ဆိုတဲ့လူ ရောက်နေတာ တွေ့ရပါတယ် ။ သံစားကျောက်ရှိတဲ့ နေရာကို ကမ္မကိုစိုးရဲ့ အသိက လိုက်ပြမယ်လို့ ပြောပါတယ် ။
ကမ္မကိုစိုးက အထည်ကြီးပျက်ဗျ ။ သူ့မိဘတွေက အတော် ချမ်းသာခဲ့တယ်ဆိုပဲ ( သူ့ရဲ့ ဟောင်းနွမ်းနေပေမယ့် တန်ဖိုးကြီးတဲ့ အသုံးအဆောင်တွေကတော့ ဟုတ်မှန်ကြောင်း သက်သေပြနေသလိုပါပဲ) ။ သူ့ဆီက တောက်တဲ့ နဲ့ ပါတ်သပ်တဲ့ ပညာ တစိတ်တပိုင်းရခဲ့ပါတယ် ။
ကျနော်တို့ သူ့အိမ်ကို အလည်သွားတော့ ဗန်းလေးထဲမှာ တောက်တဲ့ အသေတွေ ရင်ခွဲပြီး နေလှန်းထားတာ တွေ့ရပါတယ် ။ ဒါနဲ့ ဘာလုပ်ဖို့လဲ ဆိုတော့ ရှင်းပြပါတယ် ။
သူများတွေ တောက်တဲ့ အရောင်းအဝယ် ခေတ်ထနေတော့ နားမလည်ပဲ လိုက်ဝယ်ပါသတဲ့ ။ တကယ်ဝယ်တာက ၂၂ ကျပ်သား အထက်မှ ဆိုတော့ သူ့အကောင်တွေ အလကားဖြစ်နေပါသတဲ့ ။ ဒါနဲ့ ဘယ်သူ့ ရန်လုပ်လို့ လုပ်ရမှန်း မသိတော့ ဝယ်ထားတဲ့ တောက်တဲ့တွေကို သုတေသန လုပ်ပါသတဲ့ ။
တောက်တဲ့ကို ရင်ခွဲကြည့်တော့ ထူးခြားတာ တွေ့ရပါတယ်တဲ့ ။ တောက်တဲ့ရဲ့ ရင်ထဲမှာ အခြား ကလီစာတွေ မရှိပဲ ပါးစပ်ကနေ စအိုထိ အူ တချောင်းထဲပဲ ရှိပါတယ်တဲ့ ( အဲဒီအူကို ယူပြပါတယ်) အူ ရဲ့အလယ်လောက်မှာ မာမာခဲခဲလေးတခု ရှိပါတယ် ။ အဆုတ်တွေ အသဲတွေ မပါပဲ ဘယ်လို အသက်ရှင်နေလည်း မသိပါဘူး ။
ကိုစိုးက လူသတ်မှုနဲ့ ထောင်ကျထားတာ ၂ ခါရှိပြီဆိုပဲ ။ ရွာထဲမှာ ကိုထွန်းဝေတယောက်ပဲ အပေါင်းအသင်း ရှိတာလို့ ပြောပါတယ် ။ သူက ထပ်ပြောပါတယ် ကမ္မမှာ တောက်တဲ့ လိမ်ရောင်းတဲ့ အဖွဲ့ ရှိပါတယ်တဲ့ ။
အဲဒီအချိန်တုန်းက တောက်တဲ့ကို ၂၂ ကျပ်သား ပြည့်မှ ဝယ်တော့ ၁၇ ကျပ်သား ၁၈ ကျပ်သား အကောင်တွေကို ပြည့်အောင် လုပ်ရပါတယ်တဲ့ ။ ပြဒါးထည့်ပြီး ပြည့်အောင် လုပ်ပါတယ်တဲ့ ပထမတော့ ပြဒါးထည့်ထားတဲ့ တောက်တဲ့တွေဟာ ၃ - ၄ ရက်ကြာရင် သေတော့ ပြဿနာ တက်ပါတယ်လို့ ပြောပါတယ် ။ နောက်တော့ နည်းသိသွားပါတယ် ။
ပြဒါးကို ပူစီပေါင်းထဲထည့် ပူစီပေါင်းကို ကြွက်ပေါက်စအား ရင်ခွဲပြီး ဗိုက်ထဲထည့် ပြီးတော့ ကြွက်ကို ပြချုပ်ကာ တောက်တဲ့ ဗိုက်ထဲ ပါးစပ်ကနေ ထိုးထည့်ပါသတဲ့ ။ တောက်တဲ့က ပါးစပ် ဟ ပေးလို့လား ဆိုတော့ ရေသန့်ဗူးကို တဝက်ဖြတ်ပြီး အပေါက်ကို တောက်တဲ့ အား ကိုက်ခိုင်းလိုက်တယ်ဆိုရင် ဒေါသကြီးတဲ့ တောက်တဲ့က မလွတ်တမ်း ကိုက်ခဲနေပါသတဲ့ ။ ကန်တော့လို ဖြစ်နေတဲ့ ရေသန့်ဗူး တပိုင်းပြတ်ကနေ ကြွက်ကို ထိုးထည့်ရပါတယ် ။ ( ဒါက အလေးချိန်နဲ့ လိမ်နည်း အခု အရှည် နဲ့ ဝယ်နေပါတယ် ၁၈" ပြည့်ရင် ဝယ်သတဲ့ အဲဒီလိမ်နည်း သူ့အခန်း ရောက်မှ ထပ်ပြောပါမယ်)
ကမ္မကနေ ရေပြာ ရေပြာကနေ ပေါက်ကို သွားကြပါတယ် ။ ပခုက္ကူရေကြီးတုန်း ချောင်းထဲ တံတားတွေ ပါသွားတာ မှတ်မိမှာပါ ။ အဲဒီတံတားကြီး ဘေးနားက သွားရတာပါ ။ ယာယီတံတား လုပ်ထားပါတယ် ။ လက်မောင်းလောက် မျှောတိုင်လေးတွေ အပေါ်မှာ အညာက ဝန်းထရံအကြမ်းတွေ တင်ထားပါတယ် ။ အပေါ်က သဲအစိုတွေ ထပ်ခင်းထားပါတယ် ။ အိမ်စီးကားတွေထိ ဖြတ်လို့ရပါတယ် ။ ဆိုင်ကယ် ၅၀၀ ကား ၁၀၀၀ ပေးဖြတ်ရပါတယ် ။
ပေါက်မြို့နားရောက်တော့ ရွာတရွာကို ဝင်ပါတယ် ။ အဲဒီရွာမှာ ထူးဆန်းတဲ့ ပစ္စည်း နှစ်မျိုး တွေခဲ့ရပါတယ် ။ အဲဒီ ပစ္စည်းတွေကတော့ ..........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment