သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၀)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၀)
ပစ္စည်းတခုက ကျောက်တုံးလေးပါ ။ အဲဒီကျောက်တုံးလေးထဲနေ ဝါဂွမ်းလို အဖြူရောင်လေးတွေ ဆွဲနုတ်ယူလို့ ရနေပါတယ် ။ ထူးခြားတာက အဲဒီဝါဂွမ်းကို မီးရှို့ရင် မီးမလောင်တာပဲ ဖြစ်ပါတယ် ။ ကျနော်တို့ စာသင်ဖူးတဲ့ ကျောက်ဂွမ်း ဆိုတာများလား ( ကိုယ်တိုင်လည်း တိတိကျကျ မသိပါဘူး) သေချာတာက အဲဒီဂွမ်းစကို ချည်ငင်ပြီး အဝတ်အစား ချုပ်ထားရင် တော်ရုံမီး မလောင်နိုင်တာ သေချာပါတယ် ( မီပေါင် ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာကိုတော့ စနစ်တကျ သုတေသန ပြုမှ သိနိုင်ပါမယ် ကျနော် စိတ်ကူးမိပါတယ် မိုက်ကာ(လချေး) ပြားကလည်း စက္ကူလောက်ပါးတာတောင် ဖယောင်းတိုင်မီးနဲ့ရှို့တာ မလောင်ဘူးဆိုတော့ ဒီကျောက်ဂွမ်းက မိုက်ကာ ပေါင်းပြီး အဆင့်မြင့် မီးသတ်ဝတ်စုံ ထုတ်လို့ ရလောက်တယ်ပေါ့ ။
နောက်ထပ် ထူးဆန်းတာက ကျနော်တို့ ပြောပြောနေတဲ့ ကျောက်ခဲ ရေပေါ် ဆိုတဲ့ စကားဟာ အမှန်တကယ် ရှိကြောင်း သိခဲ့ရပါတယ် ။ သိပ်တော့ မကြီးပါဘူး ။ အခွံမချွတ်ရသေးတဲ့ ဒညင်းသီးလောက်ရှိတဲ့ ၁၂ ကျပ်ခွဲသား လေးသော ( ချိန်ကြည့်ပြီးမှ စမ်းတာမို့ သိတာပါ) ကျောက်ကလေးဟာ ရေထဲ ချကြည့်တော့ နစ်မြှပ်မသွားပါဘူး ။
ဖေါ့တုံး တခုလို အားလုံး ရေပေါ် ပေါ်နေတာလည်း မဟုတ်ပါဘူး ။ တဝက်မြှပ်နေပြီး တဝက်က ရေပေါ်ရောက်နေတာပါ ။ တွဲလဲခိုနေတဲ့အဆင့်လည်း မဟုတ်ပါဘူး ။ သဘောင်္လို သဘောပါပဲ ။ နာရီဝက် ထားပြီး ရေကို လှုပ်ကြည့်တယ် သူက သစ်သားတုံးလို ရေထဲ မျောနေတာပဲ ။ ပြန်ဆယ်ယူပြီး ချိန်ကြည့်တော့လည်း ၁၂ ကျပ် ခွဲသားအတိပဲ မရော့ဘူး မတိုးဘူးဗျ ။
ယောချောင်းဖက်က ရလာတာတဲ့ ၈၅ ကျပ်သားရှိတဲ့ အတုံးကတော့ လူတယောက်က ၁၅ သိန်းနဲ့ ဝယ်သွားသတဲ့ ။ အဲဒီကျောက်ကို သွေးပြီး မျက်စိနာ လိမ်းပေးတော့ ပျောက် လို့ ချန်ထားတာ မရောင်းတော့ဘူးတဲ့ ။ အခုထိ ရှိပါသေးတယ် ။ နောက်မှ ရေးပြပါ့မယ် အဲဒီရေပေါ်ကျောက် အရောင်းအဝယ်အကြောင်းကို ( အံမယ် မြန်မာ လူလိမ်များ တော်လျက် အဲဒီ ရေပေါ်ကျောက် အတုကို ဖြစ်အောင် လုပ်တယ်ဗျ ) ။ လုပ်နိုင်စွမ်းမရှိတဲ့ ပစ္စည်းတွေမို့ ထားခဲ့ရပါတယ် ။
ကမ္မကိုစိုးတွေ့ဖို့ သွားတဲ့လူက ခရီးထွက်နေပါတယ် ။ လချေးကျောက်ဘယ်နေရာက ထွက်တယ်ဆိုတာ သိခဲ့ရပါပြီ ။ ကမ္မကိုစိုးနဲ့ ကိုထွန်းဝေ ပြန်သွားပါတယ် ကျနော် လုပ်ငန်းစီစဉ်ပြီးမှ ထပ်သွားဖို့ ချိန်းထားပါတယ် ။
နောက်လချေးကျောက် ပင်ရင်းထွက်ရာ ရောက်အောင်သွားပြီး ညှိနှိုင်းရပါတယ် ။ အဓိက သယ်ယူပို့ဆောင်စရိတ် တွက်ဆရတာပါပဲ ။
ကားခ ဘယ်လိုမှ ညှိမရပါဘူး ဒါနဲ့ ကျနော်စုံစမ်းကြည့်တော့ ရေကြောင်းက အတော်လေး သက်သာတာ တွေ့ရပါတယ် ။ ဒါနဲ့ သူဌေးနဲ့ တိုင်ပင်တော့ သဘောတူပါတယ် ။ မြစ်ကြောင်းအထိ သယ်ဖို့ မြေသယ်ကား ၂ စီး လွတ်ပေးပါတယ် ။ ဆိပ်ကမ်းမှာ စုပုံထားပြီး သင်္ဘောတစီးစာ ပြည့်မှ သယ်ပါတယ် ။ ကျနော့်အလုပ်က ဖုန်းတလုံးနဲ့ စာရင်းပို့ယုံပဲ ရှိပါတော့တယ် ။ သားသား သွားချင်ရာ သွားလို့ရပါပြီ ဖုန်းလိုင်းမိဖို့ပဲ လိုပါတော့တယ် ။
ကိုထွန်းဝေတို့ နှစ်ယောက်ကို ခေါ်ပြီး ဂန္ဘီရခရီး ဆက်ထွက်ကြပါတယ် ။ ကမ္မကိုစိုးရဲ့မိတ်ဆွေကိုတွေ့ပါပြီ သူနဲ့အတူခရီးဆက်ခဲ့ရပါတယ် ။ ပေါက်ကနေ ယောနယ်ဖက်ကို သွားရတာပါ ။ လမ်းမှာ ထမင်းစားတော့ ဆိုင်က လာမေးတာ ထူးဆန်းနေပါတယ် ။ ဘာမစားတာ ရှိလည်း တဲ့ ( ဘာနဲ့ စားမှာလည်း မေးတာမဟုတ်လို့ မျက်စိလည်သွားတယ် ) ကိုထွန်းဝေက ပြောတယ် ဒီနယ်က ထမင်းဆိုင်တွေက ဆိုင်မှာ ရှိတဲ့ ဟင်း အကုန်လုံးချပေးတာတဲ့ ။ မစားတဲ့ဟင်း ပါနေမှာစိုးလို့ ဘာမစားတာရှိလည်း မေးတာပါတဲ့ ။ အကုန်စားတယ်ဆိုတော့ ချလိုက်တဲ့ ဟင်းတွေ မြင်မကောင်းပါဘူး ။ ကြက်သားတမျိုးထဲကို အကျော် အသုတ် ဆီပြန် ကြက်မြစ်ကြက်သဲ ငါး ပုဇွန် အစုံပါပဲ ။ နွားနောက်သားကို စပြီး စားဖူးခဲ့ပါတယ် ။
အချိုပွဲတွေ ဘာတွေနဲ့ စားသောက်ပြီးတော့ ငွေရှင်းပါတယ် ။ တယောက် ၁၅၀၀ိ/ ပဲယူပါတယ် ။ လမ်းတလျှောက်က သာမန်ထမင်းစျေးပါပဲ ။ ရောက်ခဲ့ရင် စားသင့်တဲ့ ဒေသပါပဲ ။ ဒါနဲ့ ဆက်သွားတော့ ကိုထွန်းဝေရဲ့ မိန်းမ အမျိုးတွေ ရှိတဲ့ ကျီးရွာဆိုတဲ့ ရွာကြီးကို ရောက်ခဲ့ပါတယ် ။
ဧည့်သည်လာတယ်ဆိုတာနဲ့ ဟိုအိမ် ဒီအိမ် ရေနွေးသောက် ခေါ်လို့ လိုက်နေရပါတယ် ( သိသိ မသိသိ လာခေါ်နေတာဗျ အံ့သြစရာ) ။ ဒါနဲ့ ၂ နာရီလောက် အချိန်ဖြုန်းပြီး ခရီးဆက်ခဲ့ရပါတယ် ။
ယောကို ရောက်တော့ ညနေစောင်းနေပါပြီ ။ ခဏနားပြီး ယောချောင်မှာ ရေသွားချိုးကြပါတယ် ။ ပြန်လာတော့ တည်းမယ့်အိမ်ရဲ့ တောင်ဖက်က အိမ်ထဲထဲမှာ ဆူဆူညံညံကြားလို့ လှမ်းကြည့်မိတော့ လူလေးယောက် ထန်းပင်ပေါ်မှာ လင့်စင်ထိုးပြီး ထန်းရည်သောက်နေတာ တွေ့ရပါတယ် ။
ထန်းပင်က ကျနော်တို့ အညာကထန်းပင်တွေလို အလွန်မမြင့်ပေမယ့် ရှိသင့်သလောက်တော့ မြင့်ပါတယ် ။ လှေခါးကလည်း ကျနော်တို့ ဂူထဲဆင်းခဲ့တဲ့ ဝါးတလုံးလှေခါးလေးပါပဲ ။ လူမှန်းမသိအောင် သောက်မိရင်တော့ သေချာပေါက် ပြုတ်ကျမှာပါပဲ ။
အလွန်အကျွံသောက်မှာစိုးလို့ လက်ဆင့်ကမ်း ထိမ်းသိမ်းလာတဲ့ ယဉ်ကျေးမှုလို့ ပြောပါတယ် ။ နောက်ထူးခြားတာက မြန်မာပြည် သိန်းတန် ဆိုခဲ့တဲ့ ယောသူတို့ရွာ သီချင်းထဲကလို ကျောက် ဖန်က ပေါ ယောသူတို့ရွာ ဆိုတာကို သတိရလာမိပါတယ် ။ ဖန် ဆိုတာ မတွေ့ခဲ့ပေမယ့် ကျောက်ကတော့ အလွန်ပေါပါတယ် ။ တရွာလုံး ကျောက်ချည်းပါပဲ ။ ဧရာဝတီမြစ်ဆုံက ကျောက်တွေ မြင်ယောင်ကြည့်ပါ ။ အဲဒီကျောက်တွေ အပေါ် ရွာတည်ထားတာပါပဲ ။
အဲဒီရွာမှာ တညအိပ်ပြီး နာမည်ကျော် နတ်မတောင်ထိပ်ဆီကို ခရီးဆက်ခဲ့ကြပါတယ် ။ ရှမ်းပြည်နယ် နဲ့ မတူတဲ့ သဘာဝရှုခင်းတွေကို လေ့လာရပါတယ် ။ တောင်ပေါ်က သစ်တွေဟာ ကြီးကြီးမားမား မရှိတော့ပါဘူး ။ ပေါင်လုံးလောက် အပင်သေးသေးလေးတွေပဲ တွေ့ရပါတယ် ။ အပင်ကတော့ ခပ်စိပ်စိပ် တွေ့ရပါတယ် ။
ဒီလိုနဲ့ တောင်တန်းတခုပေါ်က ချင်းရွာကို ရောက်ခဲ့ပါတယ် ။ ကျောင်းဆရာတယောက်က လိုက်ပြမယ် ပြောပါတယ် သူ့ကို နေ့တွက်ခ ပေးရမယ်တဲ့ ။ ကျနော်လည်း သူ့လိုနယ်ခံ ကျောင်းဆရာကို အားရဝမ်းသာ ခေါ်ခဲ့မိပါတယ် ။
နောက်ထပ် တောင်တွေကျော်ပြီး ရွာနှစ်ရွာကို ဖြတ်လာကာ တတိယမြောက် ချင်းရွာမှာ ညအိပ်ကြပါမယ် ။ အဲဒီရွာမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိတယ်တဲ့ ။ တောင်တန်းသာသနာပြု ဆရာတော် အစောဆုံး သာသနာပြုခဲ့တဲ့ ချင်းရွာ ဖြစ်ပါသတဲ့ ။ ( ယုံချင်ယုံ မယုံချင်နေပါ ။ ကျနော် တိုင်းရင်းသား အတော်များများနဲ့ ဆက်ဆံဖူးပါတယ် ။ ယခု ကျနော်ရောက်ခဲ့တဲ့ ချင်းတွေရဲ့ သဘောထားနဲ့ ဗုဒ္ဓဘာသာရဲ့ အနေအထားကို မြင်ခဲ့တဲ့ အတိုင်း ရိုးသားစွာ ရေးပြပါ့မယ်)
ဘုန်းကြီးကျောင်းမှာ ဆရာတော်ကို အကျိုးအကြောင်း ပြောပြီး နားကြပါတယ် ။ ဆရာတော်ကတော့ အတော်လေးကို ပျော်ရွှင်နေပုံပါပဲ ။ သူက ဧည့်သည်မျှော်နေတာကိုး ။ ပါလာတာလေးတွေ လှူဒါန်းပြီး ရွာထဲက မုဆိုးအိမ် အလည်သွားပါတယ် ။
ခေါင်ရည်သောက်မလားဆိုတော့ ကိုယ့်လူတွေက သောက်မယ်တဲ့ အိမ်ရှင် ချင်းမုဆိုးက ပြောတယ် ဒါဆို ၃၀၀၀ိ/ပေး ဝယ်လိုက်မယ်တဲ့ ။ ခေါင်ရည်က အိုးကြီးထဲ ထည့်ထားတာကို ကျူရိုးနဲ့ စုတ်ယူရတာပါ ။ ရပ်စောက်ကိုစိုးက မုဆိုး အိမ်ဝိုင်းထဲက ကျွဲကောသီး ခူးယူပြီး ခွဲစားပါတယ် ။ အဲဒါ မုဆိုးက ကျွဲကောသီးဖိုး တောင်းပါတယ် ။ (ငွေနှမျှောတာ မဟုတ်ဖူး လူမှုရေးကို ပြောပြတာပါ)
ညစာအတွက် တခုတည်းသော အိမ်ဆိုင်လေးကို ဆန်တပြီချက်ရယ် ကြက်တကောင်ရယ် ငါးသေတ္တာဗူးကြီးတဘူးရယ် ချက်ခိုင်းလိုက်ပါတယ် ။ အိမ်ဆိုင်က မိသားစု သုံးယောက်အတွက်ရော ပိုချက်ခိုင်းတာပါ ။ သူ့ဆိုင်ကပဲ ဆီ ဆန် ဆား လိုတာ အကုန်ဝယ်ပေးခဲ့ရပါတယ် ။ စားပြီးတော့ ထမင်းချက်ခ ထပ်တောင်းလို့ ပေးခဲရပြန်ပါတယ် ။
ညအိပ်တော့ ဘုန်းကြီးကျောင်းပေါ်မှာ ရွာကချင်းလူမျိုးတွေ အကုန်နီးပါး ရောက်နေပါတယ် ။ ဘာလာ လုပ်တာလည်း ဆိုတော့ တရွာလုံးမှာ တခုတည်းရှိတဲ့ ဆိုလာ နဲ့ ပြသော TV လာကြည့်ကြတာပါ ။
ကျောင်းအောက်မှာ ဆရာတော်နဲ့ စကားပြောကြည့်ပါတယ်
"ဆရာတော် ငယ်ငယ်လေးနဲ့ ဒီလိုနေရာမှာ သာသနာပြုနေတာ ချီးကျူးပါတယ်ဘုရား"
"သိပ်မချီးကျူးသေးနဲ့အုံး"
"ဘာဖြစ်လို့ပါလဲ ဘုရား"
"သာသနာ့တက္ကသိုလ်က ဘွဲ့လိုချင်ရင် ကျောင်းပြီးတာနဲ့ ဒီလို တောင်တန်းဒေသတွေမှာ ၃ နှစ် သာသနာ ပြုပြီးမှ ဘွဲ့ကပ်တာ ဒကာကြီး အဒါကြောင့် လာနေရတာ"
"သြော် မသိပါဘူး ဘုရား ဒါနဲ့ ဇာတိက ဘယ်ကလဲဘုရား"
"ဝဲလောင် သိသလား ဒကာကြီး"
"တိုက်တိုက်ဆိုင်ဆိုင်ပါလားဘုရား တပည့်တော်က မြင်းခြံကပါဘုရား"
"ဟေ တမြေထဲ ဒေသတခုတည်းက ပါလား"
"တင်ပါ့ ဘုရား ဒီမှာ အဆင်ကော ပြေပါသလားဘုရား"
"သူများထက်စာရင် မဆိုးဘူး ပြောရမယ် ကားလမ်းပေါက်လို့ "
"ရွာက မလှူဖူးလားဘုရား ကျောင်းပေါ်မှာတော့ လူအပြည့်ပါပဲ"
"ဒကာကြီးရေ ဒီနယ်က လူတွေက ဘုန်းကြီးကျောင်းမှ မဟုတ်ဖူး ချက်ကျောင်းလည်း မလှူဘူးဗျာ "
"ဟင် အရှင်ဘုရား ဘာနဲ့ ဘုန်းပေးနေရသလဲ"
" သာသနာ တည်တံ့ပျံ့ပွားရေး ဌာနကနေ တပတ်တခါ ဆန် ဆီ ဆား နဲ့ လိုအပ်တာတွေ ထောက်ပံ့နေလို့ပေါ့"
"ကိုယ့်ဘာသာ ချက်စားရတာလား"
"ရွာထဲက ဒကာမ တယောက်က လာပြီး ချက်ပေးပါတယ်"
"တော်သေးတာပေါ့ဘုရား"
"ဟုတ်တယ်ဒကာ အရှေ့ဖက် တောင်ကျောက ရွာမှာ သတင်းသုံးတဲ့ ကိုယ်တော်ဆိုရင် ကားလမ်းမပေါက်တော့ ဒီအထိ လာပြီး ယူရတာ တနေကုန်နီးပါး အချိန်ကုန်တယ် ဒကာရေ"
"ကျောင်းကတော့ လူစည်သားပဲ တရားဟောရတာ အဆင်ပြေလား ဗမာလိုကော နားလည်ကြသလား"
"တရားဟောဖို့ အသာထား ကျောင်းထဲ လူလာအောင် မနည်းလုပ်နေရတယ် "
"နားမလည်ဘူးဘုရား"
"နေ့ခင်းဖက် ကလေးတွေ လာအောင် သူတို့ကစားတဲ့ ဒိုးဆက်ဝယ်ပေးရတယ် ကာလသားတွေ လာအောင် လက်တောက်ခုံ ထားရတယ် ညဆို TV ပြရတယ် "
"ကျောင်းလာပြီး မလှူတာ ခက်တာပေါ့"
"သူတို့က လှူဖို့နေနေသာသာ ဘုန်းကြီးဆီလာပြီး ရွာအတွက် ရေသွယ်ဖို့ ပိုက်အလှူခံရတာနဲ့ ခရစ်ယံဘုန်းကြီးဆီ ရေကန်အလှူခံရတာနဲ့ ပြောင်းပြန်ဖြစ်နေတာဗျ ကဲ ကျောင်းပေါ် ခဏတက်အုံးမယ် "
"တင်ပါ့ဘုရား"
ခဏနေတော့ ကိုစိုးတို့က အိပ်ချင်ပြီပြောပါတယ် ။ ကျောင်းပေါ်မှာ လူကအပြည့် နေရာမရှိဘူး ။ ဇာတ်လမ်းက မင်းသမီးက သက်မွန်မြင့် သူကရောဂါသည် ။ သူသေရင် ပြီးပြီ ဒါနဲ့
"ခဏနေပါအုံး သက်မွန်မြင့်သေရင်ပြီးပါပြီ"
"အင်း သေခါတော့ နီးပါပြီ အသက်ငင်နေပါပြီ"
ဒါတောင် ၁၀ မိနစ်လောက် ကြာသေးတယ် ။ ကိုယ်အလွန်ကြိုက်တဲ့ မင်းသမီးကို မြန်မြန် မသေလို့ သေပါစေ ဆုတောင်းဖူးတာ အမှန်ပါပဲဗျာ ။ ကဲ သေပြီ ပြီးပြီ ဒါပေမယ့် လူတယောက်မှ ဆင်းမလာသေးဘူး ။ ကဲ ဘုန်းကြီးကို မေးမိတော့ ရွာကချင်းတွေဟာ ဘတ္ထရီကုန်မှ ပြန်တာပါတဲ့ ။ ကဲလာ လာ အိပ်ချင်နေရင်ဆိုပြီး နောက်နားက လူတွေ ရှေ့ကပ်ထိုင်ခိုင်းပြီး နေရာပေးမှ တိုးခွေ့ အိပ်ခဲ့ရတာ မမေ့နိုင်စရာပါပဲ ။
နောက်တနေ့ ချင်းမုဆိုးနဲ့ သွားကြပါတယ် ။ တောင်ခပန်းအတိုင်း ဆွေးမြေ့နေတဲ့ ဝါးရုံတွေဖြတ်ပြီး ငှက်ပျောရိုင်းတွေ အများအပြား ပေါက်နေတဲ့ လျှိုထဲကို ဆင်းသွားပြီး လျှိုတလျှောက် ရေညှိတက်နေတဲ့ ကျောက်တုံးတွေကို ကျော်ခွသွားနေတုန်း တချက် တချက် လေထဲမှာ အက်ဆစ်အရိုင်းနံ့တွေ ရလာပါပြီ ။ ရှေ့ဆက်အသွား အကွေ့တခု အလွန်မှာ ထောင်းကနဲ နံစော်လှတဲ့ ပုပ်အဲ့အဲ့ အက်ဆစ်ရိုင်း အနံ့နဲ့ အတူ တွေ့လိုက်ရတာကတော့ ...............!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment