သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၁)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၁)

အက်ဆစ်ရိုင်းနံ့တွေ မွှန်နေတဲ့ နေရာမှာ ခပ်မဲမဲ ကျောက်တန်းတခုကို တွေ့ရပါတယ် ။ ဒါနဲ့ လေတင်ဖက်ကို ရွှေ့ပြောင်းကြရပါတယ် ။ အန္တရာယ်များတယ်ဗျ ။ ဒါနဲ့ ဘေးနားက အစွန်းကို တူနဲ့ ရိုက်ချိုး ပါတယ် မရပါဘူး အတော်လေး မာပါတယ် ။ နောက်မှ တယောက် တလှည့် စို့နဲ့ ရိုက်လိုက် ပြန်ပြေးလာလိုက် လုပ်ရပါတယ် ။
အဲဒါ တနာရီခွဲလောက် မနေမနား ထုမှ ၃ ပိဿာလောက် အတုံးရပါတယ် ။ ကျနော်လည်း အဲဒီအတုံးကို ကျွတ်စထဲ ထည့်ပြီး လေလုံအောင် ထည့်ထားပါတယ် ။ နောက် ကျောက်တန်းကြီး ပေါ်မှာ လေးလက္မသံချောင်း သွားထားခဲ့ပါတယ် ။ အတော်ဝေးဝေးကနေ ကြည့်နေပါတယ် ။ တုတ်တုတ်မလှုပ်ပါဘူး ။
တနာရီထိ ဘာမှ မထူးပါဘူး ဒါနဲ့ ဘရိတ်ဒါး တချောင်း သွားတင်လိုက်ပါတယ် ။ သူလည်း ဘာမှ မထူးပါဘူး ။ နောက် သံချောင်းရော ဘရိတ်ဒါးရော သွားယူခဲ့ပါတယ် ။ အဲဒီမှာ ဘရိတ်ဒါးကို ကြည့်မိတော့ မီးကင်ထားတဲ့ သစ်ရွက်လို ဖြစ်နေပါတယ် ။ ချေလိုက်တော့ ကြေသွားပါတယ် ။
ကျနော်တို့လည်း ပြန်လာပါတယ် ။ တကယ်တန်း စျေးကွက်ဝင် ပစ္စည်းရဲ့ ကွာလတီ မရှိပါဘူး ။ မောလာတာပေါ့ဗျာ ။ ဒါပေမယ့် မုဆိုးက နောက်တနေရာ ရှိသေးတယ် ဆိုတော့ အားတက်ပြန်ပါတယ် ။ နောက်နေ့ စောစော ထသွားရမယ်တဲ့ ခြေလျှင်ပဲ သွားရမယ်လို့ ပြောပါတယ် ။
ဘုန်းကြီးကျောင်းပြန်ပြီး နားကြပါတယ် ။ ကျောင်းထဲမှာပဲ ဆရာတော်ရဲ့ အိုးခွက်တွေနဲ့ ကိုယ့်ဘာသာ ချက်ပါတယ် ။ စားသောက်ပြီး ကျောင်းပေါ်တက် အိပ်ယာလေးတွေ ခင်းထားရပါတယ် ။ ဘတ္ထရီကုန်မှ ပြန်တဲ့ ချင်းတွေကြားထဲ နေရာ ဦးထားရတာပါ ။ မောမောနဲ့ ၈ နာရီ သတင်းလာတော့ အိပ်ပျော်ကြပါပြီ ။ ရပ်စောက်မြို့က ပေ ၃၀၅၀ ပဲ မြင့်တာပါ ။ ယခု ချင်းတောင်ကတော့ ပေ ၆၀၀၀ ကျော် မြင့်ပါတယ် ။
မနက်စောစော မုဆိုးလာခေါ်ပါတယ် ။ ဒါနဲ့ ချမ်းပေမယ့် အနွေးထည်မဝတ်ပဲ သွားကြပါတယ် ။ တောင်တက် တောင်ဆင်းနဲ့ ချွေးထွက်လာမှ သိနေလို့ပါပဲ ။ ရွာကထွက်ပြီး မိနစ် ၂၀ လောက် ကြာတော့ တောင်ခါးပန်း ခြုံတွေကြားထဲက နွားနောက်တကောင် ထွက်လာပါတယ် ။ ကျနော့် နောက်က တယောက် ရှိပါတယ် ။
နွားနောက်က တရှုးရှုးနဲ့ နှာမှုတ်ပြီး ကြည့်နေပါတယ် ။ ကျနော်က ရှေ့က လူတွေကို နွားနောက်ကြီးဟေ့ လို့ လှမ်းအော်တော့ ဘာမှ မဖြစ်ဖူးတဲ့ ရှေ့ ဆက်လျှောက်ပါတဲ့ ။ အဲဒါ ဆက်လည်း လျှောက်ရော ရှုးဆိုပြီး သုတ်သုတ် သုတ်သုတ်နဲ့ ပြေးလာပါရော ဒါနဲ့ အရိပ်အကဲ ကြည့်နေတဲ့သူဆိုတော့ ပြေးလိုက်တာ တန်းနေတာပဲ ။ အဲလို နေတုန်း ကျနော်တို့ ပြေးတဲ့ ဖက်က နွားနောက် ပေါက်စလေးက လာနေပါရော ။ သူ့ကျော်ပြေးတော့ နွားနောက်မကြီး လိုက်မလာတော့ဘူးဗျ ။ သူ့ကလေးရှိလို့ မြင်နေကြမဟုတ်တဲ့ ကျနော်တို့ ဝတ်စားပုံကြည့်ပြီး သူ့ကလေးကို စိုးရိမ်လို့ လိုက်လာတာကိုး ။ မိခင်မေတ္တာများ လေးစားစရာပါပဲ ။
တောင်ခါးပန်းမှာ ရှေ့လူ နင်းသွားတဲ့ ခြေရာအတိုင်း ကပ်သီးကပ်သပ် နင်းသွားရပါတယ် ။ တနေရာရောက်တော့ ကျနော်အနင်းမှာ မြေက ပဲ့သွားပြီး လျှောကျပါတယ် ။ သစ်ပင်ပေါတော့ မှီရာအပင်ကို ဖတ်ကနဲ ဆွဲထားနိုင်ပါတယ် ။ ရပ်စောက် ကိုစိုးက ကျနော် လျှောသွားတာ မြင်တော့ ချက်ခြင်း ခုန်ဆင်းပြီး ဆွဲဖမ်းဖို့ အားထုတ်ပါတယ် ။ ကျနော်က ဘာမှ မဖြစ်ဖူး သူက ချောက်ထဲ ကျတော့ မလို့ ကံကောင်းလို့ နောက်ဆုံးအပင် သူဆွဲမိလို့ တာပဲ ။ သူ့ကို ပြန်ဆွဲတင်ပြီး ခရီးဆက်ကြပါတယ် ။
လျှိုထဲ ဆင်းပြီး ပြန်အတက်မှာ အတော် တက်ယူရပါတယ် ။ အတက်အဆင်း အကျော်အခွတွေဆိုရင် ဂျင်းဘောင်းဘီဟာ အတော် ဒုက္ခပေးပါတယ် ။ ကျပ်နေပြီး စိတ်တိုင်းကြ ခြေထောက် မြှောက်မရပါဘူး ။ ရင်ညွှန့်လောက် ကျောက်တုံးကိုပဲ မနည်း တက်ရပါတယ် ။ ခြေကုန် လက်ပန်းကျလု နီးပါး သွားတော့ ရောက်သွားပါတယ် ။
ဒီနေရာကတော့ မြေပြိုပြီး ဘာမှ မမြင်ရတော့ပါဘူး အနံ့ကတော့ ရှိနေပါတယ် ။ ဒါနဲ့ မြေကြီးတွေကို ရတတ်သရွှေ့ ဖယ်ကြပါတယ် ။ ပေါ်လာတဲ့ ကျောက်အပေါ် တင်ကြည့်တော့ ဘရိတ်ဒါး ပဲ ကြွပ်သွားပါတယ် သံမစားပါဘူး ။ ဒီနေရာဟာ ပထမနေရာထက် နီးစပ်ပါတယ် အောက်ထိအောင် တူးဖေါ်နိုင်ရင် အဆင်ပြေနိုင်ပါတယ် ။ GPS ဖတ်ပြီး ပြန်လာခဲ့ရပါတယ် ။
မူလလမ်း အတိုင်း မပြန်ပါဘူး ။ တောင်းခါးပန်းတခုကို မတ်စောက်စောက် တချက် အားထည့် တက်လိုက်တာ တောင်ခါးပန်းပေါ်က ကားလမ်းကို ချက်ခြင်း ရောက်သွားပါတယ် ။ ကျနော်လည်း ကိုစိုးသေမလို ဖြစ်ခဲ့တဲ့ လာလမ်းကို ပြန်မြင်ယောင်ပြီး ချင်း မုဆိုးကို မေးမိပါတယ်
"နေပါအုံး မုဆိုးကြီး အလာတုန်းက ဒီအထိ ဆိုင်ကယ်နဲ့ လာပြီးမှ အခုလို ဆင်းလိုက်ရင် လူတွေ မသက်သာဘူးလားဗျာ"
"ဆရာတို့ ဓါတ်ဆီ ကုန်မှာ စိုးလို့ပါ"
ကိုင်း စိတ်တိုစရာဗျာ ။ တောင်ကြီး ရှမ်းပြည်နယ်ကနေ ဆိုင်ကယ်နဲ့ ချင်းတောင်တန်းထိ လာခဲ့သူတွေကို ဓါတ်ဆီကုန်မှာ စိုးလို့ ဆိုတော့ စိတ်တိုလိုက်တာဗျာ ။ အဲဒီကနေ ကားလမ်းအတိုင်း ဖြေးဖြေးချင်း လျှောက်ပြန်ရတာပေါ့ ။ ရွာပြန်ရောက်တော့ လှုပ်တောင် မလှုပ်နိုင်တော့ပါဘူး ။
နောက်တနေ့ ပြန်လာကြပါတယ် ။ ကမ္မကိုစိုးရဲ့ မိတ်ဆွေပြောသလို မဟုတ်ပါဘူး ။ သံတွေ ချက်ခြင်း အရည်ပျော်တယ်ဆိုတာ မဟုတ်လို့လဲ ကျနော် ဒီစာ ရေးနေနိုင်တာပါ ။ တကယ် ဟုတ်နေရင် သေဖို့ များပါပြီ ။
သံစားကျောက်ဆိုတာ တကယ်တန်းကြတော့ ယူရေနီယံ သတ္တုပါပဲ ။ မသန့်စင်ရသေးတဲ့ သတ္တုဆိုပေမယ့် သူ့စွမ်းရည်က မသေးလှပါဘူး ။ အဲဒီ လို သတ္တုမပြောနဲ့ ဝူဖရန်လို သေနတ်ပြောင်း အမြောက်ပြောင်း လုပ်တဲ့ သတ္တုတောင် တရားဝင် ထုတ်ခွင့် မပေးမှတော့ တကယ် ရောင်းဝယ်တယ်ဆို အစိုးရ သိတာနဲ့ အဖမ်းခံရမှာ ကျိန်းသေပါပဲ ။
နောက်မှ သိခဲ့ရတာပါ ။ စွမ်းရည်ပြည့်တဲ့ သံစားကျောက်ဟာ အလွန်မာပါတယ် ။ ဖြတ်တောက်ဖို့ နည်းပညာနဲ့ လက်နက်တွေလိုပါတယ် ။ နောက် ဖြတ်တောက်ပြီး အတုံးကိုလည်း သီးခြား သေတ္တာနဲ့ ထည့်ရပါတယ် ။ ဒါမှ သူ့ရဲ့ ကွာလတီဟာ ပျက်ပျယ်မသွားမှာ ဖြစ်ပါတယ် ။ ဖြတ်တောက်စဉ်မှာလည်း ဓါတ်ရောင်ခြည် မသင့်စေဖို့ အကာအကွယ်ပေးနိုင်တဲ့ ဝတ်စုံလိုပါတယ် ။ ဝတ်စုံကတော့ ကွာလတီ အမျိုးမျိုး နဲ့ လာပါတယ် စျေးနှုံးကလည်း အမျိုးမျိုးပါပဲ ။ သိန်း ၂၀၀ တန် မြင်ဖူးပါတယ် ။
မျက်ကန်းတစ္ဆေမကြောက် လျှောက်လုပ်တာ ကံကောင်းလို့ မသေခဲ့တာပါ ။ ဒီသဘော သဘာဝတွေကို နောက်မှ တွေ့ခဲ့တဲ့ ဒီပညာရပ်တွေရဲ့ တကယ့်ပညာရှင်က သင်ပေးခဲ့လို့ သိရတာပါ ။ နောက်အခန်းတွေ ပါလာပါမယ် ။ အသေးစိတ်ပြန်ရေးပေးပါမယ် ။
အားလုံးပြန်လာပြီး ပေါက်မြို့နယ်ထဲက လချေး သယ်နေတာ သင်္ဘော နှစ်စီးရတော့ အော်ဒါ ပြည့်သွားလို့ နားလိုက်ရပါပြီ ။ သူဌေးက တောင်ကြီးရောက်နေပါတယ် ။ သူ့ကို ယောနယ်က အကြောင်း နဲ့ ချင်းတောင်တန်းပေါ်က အကြောင်းတွေ ပြောတော့ ရီနေပါတယ် ။ နောက်ပြီးတော့ ကျနော့်ကို ကျောက်မီးသွေး ရှာခိုင်းပါတယ် ။
တောင်ကြီးကနေ ရပ်စောက် ပြန်ရောက်တော့ ကိုစိုးအသိ ပလောင်တောင်ပေါ် ရွာဆီ သွားကြပါတယ် ။ ရပ်စောက် အကြပ်ကြီးနဲ့ အရာခံသင်တန်းကျောင်း (ရကသ) အခြေကနေ ညာဖက်အတိုင်း ဝင်သွားရတာပါ ။ ပလောင် တောင်ပေါ်ကို ကွေ့ကောင် တက်သွားရပါတယ် ။ လမ်းကတော့ ပေါက်ပြားလမ်းအဆင့်ပါပဲ ။
ကိုစိုးပြောတာကတော့ အခု သွားတဲ့ အိမ်က ပလောင် ၁၁ ရွာရဲ့ သူကြီးအိမ်ကိုပဲတဲ့ ။ ဟုတ်လောက်ပါတယ်ဗျာ အင်မတန်ကြီးတဲ့ ပလောင် အိမ်အကြီးကြီးဆီ ရောက်ခဲ့ပါပြီ ။ သူကြီးမရှိပါဘူး သူ့သားပဲ ရှိပါတယ် ။ ကိုစိုးကို အားရဝမ်းသာ နုတ်ဆက်ပါတယ် ။
သူကြီးသားက အိမ်ရှေ့ အရိပ်ထဲမှာ အလွန်းခါးတဲ့ ရေနွေးသောက်နေတာပါ (ခါးဆို ရေနွေးကြိုက်တဲ့ ကျနော်တောင် မသောက်နိုင်ပါဘူး) ။ သူကသာ အရိပ်ထဲ ရေနွေးသောက်နေတာ သူ့မိန်းမက ကလေးလေးကို ကျောပိုးပြီး လက်ဖက်ခြောက်တွေ နေလှန်းနေလေရဲ့ ။ အဲဒါ အတင်း ထမင်းချက်ခိုင်းပါရော တားလို့ကို မရပါဘူး ။
ချက်ပြုတ်နေတုန်း အိမ်ကြီးထဲကို ကိုစိုးက လိုက်ပြပါတယ် ။ ကျနော်မြင်ဖူးသမျှ သစ်နဲ့ ဆောက်ထားတဲ့ လူနေအိမ်ထဲမှာတော့ အကြီးဆုံး အိမ်ကြီးပါပဲ ။ မီးဖိုချောင် လုပ်ထားတဲ့ အဆောက်အဦးက အညာက လေးပင်အိမ်အရွယ်ဗျာ တွက်သာ ကြည့်ပေတော့ ။
အံသြစရာတခု ထပ်တွေ့ပါတယ် ။ အမြင့် ၅' အလျှား ၁၀' အနံ ၈' ရှိတဲ့ သေတ္တာကြီး တလုံးပါပဲ ။ အပေါ်အဖုံးတွေ ပတ္တာတွေ သော့တွေ နဲ့ဗျာ ။ ဒါကြီးက ဘာထည့်တာလည်း ဆိုတော့ စပါးထည့်တာတဲ့ ။ ရှာရှာဖွေဖွေပါဗျာ ။
နေ့လည်စာ စားပြီးတော့ သူကြီးသားက ပြောပါတယ်
"ကျောက်မီးသွေးက သွားယူခိုင်းပေးမယ် ဒီကပဲစောင့်ပေါ့ ကိုစိုး"
"ကောင်းတာပေါ့ များများယူခိုင်းနော် မီးပေါင်စမ်းမှာ "
"ရတယ် ခဏစောင့် "
သူထွက်သွားပြီး ပြန်လာပါတယ် နောက် ကိုစိုးကို ပြောပါတယ်
"ကိုစိုး အခု စောင့်ရင်း ကျနော် ပြောတဲ့ နေရာ သွားကြည့်မလား"
"အေး ကောင်းသားပဲ ကိုမျိုး စိတ်ဝင်စားဖို့ ကောင်းတယ် သွားမလား"
"ဘာလဲဗျ ပြောအုံးလေ"
"ဒီရွာမှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကထိ နွားတွေ ခဏခဏ ပျောက်တယ်ဗျ"
"အင်း ဒီတော့"
"ရွာထဲက မုဆိုးတွေ တိုင်ပင်ပြီး ကင်းစောင့်နေတုန်း ညမှာ နွားတကောင် အော်တော့ ချက်ခြင်း လိုက်ကြပါရော"
"အင်း ဘာဆက်ဖြစ်လည်း "
"နွားကို ဆွဲခေါ်သွားတဲ့ စွတ်ကြောင်းကြီးက ဂူတခု ရဲ့ အဝမှာ ပျောက်သွားတယ် "
"အင်း ဒီတော့"
"အဲဒီဂူပေါက်ကို လင့်စင်ထိုးပြီး ရွာထဲက အကောင်းဆုံးတူမီး နှစ်လက်ကို အပြင်းဆုံးယမ်း အများဆုံး ခဲတွေ ထည့်ပြီး အလှည့်ကျ မုဆိုး နှစ်ဦးဆီ စောင့်နေကြတယ် "
"အင်း စိတ်ဝင်စားစရာပဲ"
"အဲဒါ တလလောက်ကြာတော့ ညမိုးချုပ်စမှာ ဂူထဲက အကောင်ထွက်လာသံ ကြားရသတဲ့"
"အင်း အစာရှာပြီ ထင်တယ်"
"အဲဒါ လရောင် မှိန်မှိန်အောက်မှာ အကောင်လည်း ခေါင်းကြီးထွက်လာရော အသင့်စောင့်နေတဲ့ မုဆိုးတွေက ခေါင်းကို တပြိုင်နက် ပစ်လိုက်တယ်တဲ့"
"ဘာကောင်လည်းဗျ"
"အတွင်းပြန်ဝင်သွားတယ် ဘာကောင်မှန်း သေသေချာချာ မမြင်လိုက်ပေမယ့် မြွေကြီးနဲ့ တူတယ်လို့ သူတို့ မှန်းကြတယ် မနက်လင်းတော့ အခြား ကျား တို့ ဝံတို့ ခြေရာ လုံးဝ မတွေ့ရပဲ သွေးစတွေ နဲ့ စွတ်ကြောင်းကြီးရယ် လူးလိမ့်ထားတဲ့ အရာတွေပဲ တွေ့ရသတဲ့ "
"အဲဒါနဲ့ အခုသွားမယ့်နေရာက"
"အဲဒီဂူပဲ အခု ၁၅ နှစ်ရှိပြီ နွားလည်း မပျောက်တော့ဘူး နောက်ဂူထဲကို လူဝင်သွားတာ ရိပ်ကနဲ မြင်သူ ရွာသားတွေ သုံးလေးဦးရှိတယ်ဗျ"
"လူဆိုလည်း တရားကျင့်တဲ့ သူတော်စင် နေမှာပါ"
"အဲဒါ သူက အဖေါ်ကောင်းရင် ဝင်ကြည့်ချင်သတဲ့ ရွာသားတွေက အဖေါ်ညှိမရဘူးတဲ့"
"လက်နက်တွေ ဓါတ်မီးတွေ ရှိရဲ့လား"
"ရှိတယ်လေ"
"ဒါဆို အားနေတာပဲ သွားကြည့်ကြစို့"
(စပ်စုချင်တဲ့သူလေ ဘယ်ရမလဲ )
သူကြီးသားက တူမီးနဲ့ ကျနော်တို့က ဒါးရှည် တလက်စီ ဓါတ်မီး ဖယောင်းတိုင် ၁၀ ' လောက်ရှိတဲ့ ဝါးတလုံး ထင်းရှုးဆီမီးတုတ်တွေနဲ့ သုံးယောက်သားသွားပါတယ် ။ နာရီဝက်လောက် သွားတော့ ရောက်ပါပြီ ဂူက တောင်ခါးပန်းမှာပါ ။တောင်ကျ ရေစီးဝင်ထားတဲ့ ရေလမ်းလေးလည်း တွေ့ရပါတယ် ။
ဝင်သွားတော့ ခြေလှမ်း ဆယ်လှမ်းလောက်လည်းရောက်ရော တွင်းလိုလို ချိုင့် ကြီး ဖြစ်နေပါတယ် ။ ဓါတ်မီးနဲ့ ထိုးကြည့်တော့ လူတော့ ချောင်ချောင်လေး ဆင်းရပါတယ် အနက်က ငါးပေသာသာပါပဲ ။ တယောက်ပြီး မှ တယောက်ဆင်းလို့ရပါတယ် ။ ထုံးစံအတိုင်း သူရဲကောင်း ကျနော်က နောက်ဆုံးကပေါ့ ။
ရေဝင်လမ်းကြောင်းတလျောက် အမိုက်တွေပွနေပါတယ် ။ ဂူက အတွင်းမှာ တဖြေးဖြေးကျယ်လာပါတယ် ။ တနေရာရောက်တော့ လူတွေ သန့်ရှင်းရေးလုပ်ထားသလို ဖြစ်နေတဲ့ ဖျာတချပ်စာ နေရာ ပြောင်ပြောင်လေး တခု တွေ့ရပါတယ် ။
အနားကို ကပ်ကြည့်တော့ ကျနော်တသက် မတွေ့ဖူးသေးတဲ့ ဖားကြီး နှစ်ကောင် တွေ့ရပါတယ် ။ ထမင်းစား တိုက်ပန်းဂံအရွယ် ဖားကြီး နှစ်ကောင်ပါ ။ နောက် အရောင်ကလည်း အဖြူတွေဗျ ။ ဝမ်းဗိုက်တွေ ပိန်လိုက် ဖောင်းလိုက်နဲ့ ကျနော်တို့ကို အကဲခတ်နေဟန်ပါပဲ ။ ပြေးလည်း မပြေးပါဘူး ။
အဲဒီဖားတွေ ကြည့်နေတုန်း ကိုစိုးက လက်ကုပ်ပြီး တနေရာကို လှမ်းပြလို့ ကြည့်လိုက်တော့ ဓါတ်မီးရောင် အောက်မှာ ပြိုးပြိုးပျက်ပျက် အရောင်တွေ တောက်ပနေတဲ့ ...........!
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ