သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၂)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၂)
ကျနော်တို့လည်း ဓါတ်မီးကနေ အရောင်ပြန်တွေနဲ့ လက်နေတဲ့ အရာကို အနီးကပ် သွားကြည့်လိုက်ပါတယ် ။ သဘာဝအတိုင်း ဖြစ်နေတဲ့ ကျောက်ခက်ပန်းဆွဲလို အရာဟာ လူတွေထုဆစ်ထားတဲ့ ပန်းဆိုင်းတွေလို အလွန်လှပတဲ့ ပြဿဒ်သဖွယ် ဖြစ်နေတဲ့ အရာတခုကို တွေ့ရပါတယ် ။
ကျနော်တို့လည်း ရှေ့နား နည်းနည်းပဲ ဆက်သွားပြီး ပြန်တက်ခဲ့ပါတယ် ။ ညနေရောက်တော့ ရွာ ဘုန်းကြီးကျောင်းမှာ အစည်းအဝေးခေါ်ပြီး ပလောင်လို ဆွေးနွေးကြပါတယ် ။ ပြီးမှ ကျနော်တို့ကို ညအိပ်ခိုင်းပါတယ် ။ ဘာဖြစ်လို့လည်း မေးတော့ ဆရာတော်ပါ အဲဒီဂူကို လိုက်ကြည့်မယ် ရွာသားတွေလည်း လိုက်ကြမယ်လို့ ပြောပါတယ် ။
ကျောက်မီးသွေး နမူနာလည်း ရလာပါပြီ ။ မဲတူးနေတဲ့ ကျောက်မီးသွေးဟာ ရေစိုနေပြီး အတော်လေး လေးနေပါတယ် ။ ကိုစိုးကို မေးတော့ လေးလေ ကောင်းလေ မီးပေါင် ပြည့်ပါသတဲ့ ။ ဒါနဲ့ ညအိပ်ပြီး မနက်အစောကြီး ထသွားကြပါတယ် ။
အသက်ကြီးသူတွေ ဆင်းရတာ မလွယ်ပါဘူး ။ ဒါပေမယ့် အတော်များများ ရအောင်ဆင်းကြပါတယ် ။ အတွင်းထဲမှာ ကျနော်တို့ ပြောတဲ့ အတိုင်း တွေ့တော့ ပြဿဒ်လို အရာရှေ့မှာ ကန်ကော့ပွဲတွေ ထားပြီး ဆရာတော်က ပုတီးစိပ် မေတ္တာပို့ အမျှဝေပါတယ် ။ နောက်ပြီး ပလောင်လို ရွတ်ဖတ်ပါတယ် ။ အားလုံးပြီးတော့ အဲဒီပြောင်လက်နေတဲ့ အရာလေးကို ထုံးကျောက်ထဲက တူးယူပါတယ် ။
ရွာကို ယူလာပြီး ဘုန်းကြီးကျောင်းက ဘုရားခန်းထဲမှာ ထားရှိ ပူဇော်ထားပါတယ် ။ ယခုထိ ရှိနေပါသေးတယ် ။ ဂူရဲ့ အတွင်းပိုင်းထိ ထပ်မံ မဝင်ကြပါဘူး အန္တရာယ်ရှိတဲ့ အကောင်ပလောင် ရှိနိုင်ပါတယ် ။
နေ့လည်မှာ ရပ်စောက်ကို ပြန်လာပါတယ် ။ သူဌေးမှာထားတဲ့ ကျောက်မီးသွေး နမူနာ တောင်ကြီးကို သွားပို့ရပါတယ် ။ လိုင်းကားနဲ့လာခဲ့ဆိုလို့ ကားစီးသွားရပါတယ် ။ ဇာတိမာန် ကားဂိတ်ကနေ ဆန်းမင်း ဟိုတယ်ကို တက္ကစီငှါးတာ ၂၅၀၀ ပေးရပါတယ် ( နေ့ခင်းဖက်မှာ တောင်ကြီးက ဆိုင်ကယ်တက္ကစီ မရှိပါဘူး ယခုတော့ မသိပါ) ။ ကျောက်မီးသွေး နမူနာကြည့်ပြီး သူဌေးက လေးတယ်နော်တဲ့ လေးမှမီးပေါင် ပြည့်တာ လို့. ကိုစိုး လေသံနဲ့. ပြောတော့ သူဌေးက ကောင်းတာပေါ့ကွတဲ့ ။
သူကားနဲ့ လာခဲ့လို့ ခေါ်တာ အကြောင်းမဲ့ မဟုတ်ပါဘူး လွိုင်ကော်ဖက်က ရွာတရွာက ကလီနာ ခဲကြော ကြည့်ဖို့ ခေါ်တာပါ ။ ပိုင်ရှင်က ကြိုငွေတောင်းပြီး ထုတ်ပေးမယ်ဆိုလို့ သွားကြည့်တာပါ ။
လွိုင်ကော်မရောက်ခင်ရွာထဲမှာပါ ။ ပိုင်ရှင်က အဓိကလုပ်တာ လမ်းခင်းကျောက် ထုတ်တာပါ ။ ကျောက်ဆောင်နေရာတွေ ဝယ်ပြီး ထုတ်ရတာပေါ့ ။ အဲဒါ ခဲတွေ့လို့ သူဌေးဆီ ချိတ်ဆက်တာတဲ့ ။ ဘယ်လိုချိတ်မိလည်း မသိပါဘူး ။
သူ့အိမ်က လမ်းဘေးမှာပဲ ဖြစ်ပါတယ် ။ သူတွေ့ထားတဲ့ နေရာကို ကတ္တရာလမ်းကနေ ၁၀ မိနစ်လောက် ကားမောင်းဝင်ရပါတယ် ။ ခဲကြောရှိရာ တောင်ကုန်းပေါ်ကို အတော်လေး တက်ယူရပါတယ် ။ အပေါ်ရောက်တော့ ခဲကြောကို တွေ့ရပါတယ် ။ အချင်း ၈" လောက်ရှိတဲ့ ဝိုင်းစက်နေတဲ့ ခဲကြောပါ ။ သူတို့ တူးထားတာကလည်း အကြောအတိုင်း လှိုက်တူးထားတော့ အပေါ်က ဂူဝလို ဖြစ်နေပါပြီ ။ ဆက်တူးရင် ပြိုကျမှာပါ ။
မျက်မြင်ကြည့်ပြီး ပြန်လာပါတယ် ။ ခဲသားကတော့ အလွန်ကောင်းပါတယ် ။ စျေးကလည်း တတန်မှ ၃ သိန်း တန်ပါတယ် ။ ပြဿနာက ကြိုတင်ငွေ သိန်း ၁၀၀ တောင်းနေတာပါပဲ ။ တလ ဘယ်လောက်တူးပေးမှာလည်း ဆိုတော့ ၁၀ တန် ရအောင်တူးမယ်တဲ့ ။ အကြောင်းပြန်မယ်ဆိုပြီး လွိုင်ကော်ဆက်တက်ခဲ့ပါတယ် ။
စားသောက်ဆိုင်မှာ ဆွေးနွေးတော့ သူဌေးက
"ကဲ ဘယ်လို လုပ်မလဲ"
"ဘယ်လိုမှ မလုပ်နဲ့ စိတ်ဆင်းရဲရမယ်"
"ဘာလို့လဲကွ"
"တလ ဆယ်တန် မထုတ်နိုင်ဘူး "
"ဘာလို့လဲ"
"အကြောကို ကြည့်လေ ၈" ပတ်လည်ပဲရှိတယ် ထီးဆန်ကုန်း အကြောတွေလို အပေါ်ဖွင့်ပြီး လူအားနဲ့ တူးလို့ရမယ့် အကြော မဟုတ်ဖူး နောက်ထပ် လေး ငါး တန် ထုတ်ပြီးတာနဲ့ အပေါ်က ကျောက်ဆောင် ပြိုကျမှာပဲ ။ အဲဒီကျောက်ဆောင် ပြန်ဖယ်တာကိုက လချီကြာမှာ "
"အေးကွ ဘယ်လို လုပ်မလဲ"
"ဘယ်လိုမှ မလုပ်နဲ့ ကလီနာက စျေးနဲလို့ ဘယ်သူမှ မလုပ်ကြဘူး ရှာရင် ဒီနယ်မှာ ပေါပါတယ် "
"အေးကွာ ဒါဆိုလည်း မင်းဘာသာ ကြည့်ပြောတော့ ပြန်ရအောင် "
"ဆိုက်ခေါင် ဆီဆိုင်ဖက်က လှည့်ပြန်ရအောင်"
"ဟကောင် လမ်းရော နယ်မြေ အခြေအနေကော ကောင်းလို့လား"
"လမ်းလည်း ကောင်းနေပြီ နယ်မြေလည်း အေးအေးဆေးဆေး တောင်ကြီး လွိုင်ကော် လိုင်းကားတွေတောင် သွားနေပြီ "
"ဒါဆိုလည်း သွားကွာ နီးကော နီးရဲ့လား "
"၉၆ မိုင်ပဲ ရှိတာ နီးတာပေါ့"
"ကဲ သွားရအောင် ငါတခေါက်မှ မလာဖူး ဘူးကွ"
ဒီလိုနဲ့ ထွက်လာခဲ့ရာ ဆီဆိုင် လွိုင်ကော်လမ်း ရဲ့ လွိုင်ကော်အဝင်မှာ ကားလမ်းချဲ့နေပါတယ် ။ စိတ်မကောင်းစရာက လမ်းဘေး ဝဲ/ယာမှာ စိုက်ထားတဲ့ နာမည်ကျော် လွိုင်ကော် ကျွန်းပင် တန်းကို ခုတ်လှဲထားတာ တွေ့ရတာပါပဲ ။
လမ်းရဲ့ ညာဖက်အခြမ်းမှာ ကရင်နီ အဖွဲ့ရဲ့ စခန်းတွေ တွေ့ရပါတယ် ။ ကယားနဲ့ ရှမ်းနယ်စပ်က ပြည်နယ်အဝင်အထွက် ဆိုင်းပုဒ်ကြီးရဲ့ တဖက်မှာ ကယားလက်နက်ကိုင်တွေက တံတားတောင်ဖက် ဆိုင်းပုဒ်ရဲ့ မြောက်ဖက်မှာ ပအို့ဝ် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဟာ နယ်နမိတ် ပိုင်းထားတဲ့ ချောင်းတချောင်းထဲက ရေကို အတူသုံးနေတာ မြင်ရပါတယ် ။
ပအို့ဝ် အစောင့်တဲရှေ့ ခဏရပ်ပြီး ဆိုင်းပုဒ်နဲ့ ဓါတ်ပုံရိုက်နေတာကို ပအို့ဝ် စစ်သားအိုကြီးက ကြည့်နေတာ တွေ့ရတော့ သူဌေးက ကားပေါ်က မုန့်တထုပ်နဲ့ ရေသန့်တကဒ် သွားပေးလေရဲ့ ။ လစာ ဘယ်လောက်ရသလဲ မေးတော့ ပြန်မဖြေဘူးဗျ ။ ကျနော်က ရှမ်းတွေမှ တသောင်းလောက်ရတာ ပအို့ဝ်လည်း ဒီလောက်နေမှာပေါ့ ဆိုပြီး ပြောတော့ သူဌေးက ခေါင်းရမ်းပါတယ် ။ နောက် အဖိုးကြီးကို ငါးသောင်း ထုတ်ပေးတော့ မယူပါဘူးဆိုပြီး ငြင်းရှာပါတယ် ။
ကျနော်က ယူလိုက်ပါအဘ သူဌေးက ဦးနေဝင်းထွန်း သူငယ်ချင်းပါလို့ ပြောမှ ယူပါတယ် ။ တောတောင်တွေထဲမှာ ထမင်းစားကျွန်ခံ ဘဝနဲ့ တော်လှန်ရေး လုပ်နေတဲ့ ဒီလိုလူတွေရဲ့ ဘဝအကြောင်း ခရေစေ့တွင်းကျ သိနေတဲ့ ကျနော် မြို့ပေါ်က လုပ်စား နိုင်ငံရေးသမား တွေကို အထင်မကြီးတာ လွန်သလားဗျာ ။
လမ်းမှာ လွိုင်လင်လေးကို ဖြတ်လာတော့ မေးသေးတယ် လွိုင်လင် နဲ့ နီးပြီလားတဲ့ ။ တခြားဆီ လွိုင်လင်က ကျိုင်းတုံဖက်တက်တဲ့ လမ်းမှာ လို့ ပြောတော့ အေး ငါတောင် မျက်စိလည်သွားတယ်တဲ့ ။
ဆီဆိုင်စျေးနားမှာ လက်ဖက်ရည်သောက်နားပြီး ဆိုက်ခေါင်စျေးမှာ အလွန်နာမည်ကြီးတဲ့ ဆိုက်ခေါင် နာနတ်သီးတွေ ဝယ်ခဲ့ပါတယ် ။ ဟိုပုန်းမှာ ထမင်းစားမယ်တဲ့ တောင်ကြီးရောက်မှ စားပါ မလိုတော့ပါဘူး ဆိုမှ တောင်ကြီးအထိ ဆက်မောင်းပါတယ် ။
ဆန်းမင်းဟိုတယ် မှာပဲ ထမင်းစားပါတယ် ။ စားလည်းပြီးရော မင်းအစီအစဉ်နဲ့ မင်းပြန်တော့တဲ့ ။ ( ကားဂိတ်တောင် လိုက်မပို့တော့ဘူး အတော်ချစ်စရာ သူဌေး) ။ ဒါနဲ့ တောင်ကြီးက အဘဆီကို ဖုန်းဆက်ပြီး ဆန်းမင်းကို လာခေါ်ခိုင်းပါတယ် ။
အဘက မင်းအားသလားတဲ့ ။ ဘာလုပ်ဖို့လဲအဘဆိုတော့ ချောက်မြို့ကို ပစ္စည်းသွားစမ်းမလို့ လိုက်ခဲ့ပါတဲ့ ။ ကားနဲ့ လာခေါ်မယ်လို့ ပြောပါတယ် ။ သူဌေးဆီ ဖုန်းဆက်ပြီး ခွင့်တောင်းတော့ အေး အေး ငွေမကုန်ရင်လိုက်သွား ပြီးရင် ပေါက်ကရ ရီစရာတွေ ငါ့ပြန်ပြောအုံးတဲ့ ။ အဘကို ပြန်ပြောတော့ အေးကွ ဒီလောက ကတော့ ဒီလို ဖြစ်နေကြလိုဆိုတော့ ရီစရာကြီးပေါ့ကွာတဲ့ ။
ညနေ ၅ နာရီလောက်မှ ကားလာခေါ်ပါတယ် ။ ဖြေးဖြေးမောင်း မနက်လင်းမှ ရောက်ရင် ပြီးရောလို့ ပြောရပါတယ် ။ ထုံးစံအတိုင်း ရေယားမှ ညစာ စားကြပါတယ် ။ ပင်ပန်းပြီး အိပ်လာလိုက်တာ ရေနံတွင်းတွေကြားရောက်မှ နိုးလာပါတယ် ။
ဒီလိုနဲ့ ချောက်မြို့ရဲ့ မြို့ထွက်လမ်း လမ်းဘေးက တကွက်ကျော် ကြက်သွန်ဂိုဒေါင် ကြီးရှိတဲ့ ခြံကြီးထဲ ရောက်ပါပြီ ။
ဝါးအလုံးလိုက် တွေကို ခပ်ကျဲကျဲ အခင်း အကာ လုပ်ထားတဲ့ ဂိုဒေါင်ကို တောင်ကြီးသားအဘက ဘာထားတာလည်းတဲ့ ။ ကြက်သွန်နီ ဂိုဒေါင်တွေကို ဒီလို လေဝင်လေထွက်ကောင်းအောင် အခင်းအကာ ကျဲကျဲ ဆောက်ထားရကြောင်း ပြောပြလိုက်ပါတယ် ။
အဲလိုနေတုန်း ဂျစ်ကားတစီးဝင်လာပါတယ် ။ ဆင်းလာတာက ကမ္မက လချေးနမူနာပေးလိုက်တဲ့ ကိုတင်မြင့်ပါ ။ သူလည်းအံ့သြနေတယ် ။
"ဟာ ကိုမျိုး ဘာလည်း မင်းသားကြီး(တောက်တဲ့) က ကိုမျိုးတို့ ပစ္စည်းလား အဲဒါ မလုပ်ဖူးဆို"
"ကျနော်တို့က တခြားကိစ္စပါ ကိုတင်မြင့်က အဲဒါ လာဝယ်တာလား"
"ဟုတ်တယ် ဒီမှာ ချိန်းထားလို့"
"ဟဲ ဟဲ ဟဲ တောက်တဲ့က သူ့ကိုထိရင် ခွာမရအောင် ကပ်ထားတယ်ပဲကြားဖူးတာ အခုလို အဝေးကလူကို ညှို့ဆွဲနိုင်မှန်း မသိဘူးဗျာ"
"အေးပါဗျာ ပြောထားပါ အခု ဘာကိစ္စလည်း"
"အဖေါ်လိုက်လာတာ ဘာပစ္စည်းလည်း အဘ"
"ပြဒါးယို"
"ကဲဗျာ ပစ္စည်းတွေ မလာသေးရင် မနက်စာ သွားစားရအောင် လာမှ ဖုန်းဆက်ပေါ့"
၂ ဖွဲ့ပေါင်းပြီး မြို့ထဲပြန်သွားပါတယ် ။ လက်ဖက်ရည်သောက်နေတုန်း ကိုတင်မြင့်က ပယင်း နဲ့ အင်ကြင်းကျောက် နမူနာ ပေးပါတယ် ။ တနာရီ နီးပါးကြာမှ ခေါ်ပါတယ် ။ ခြံထဲရောက်တော့ တောင်ကြီးထိ လာခေါ်တဲ့ လူရဲ့ လက်ထဲမှာ မဲတူးနေတဲ့ စတီးပန်းကန်တချပ်ရယ် အောက်ခံခုံလေး အရည်ပျော်နေတဲ့ ပုဂံကချေသည်အရုပ်ကလေးရယ် တွေ့ရပါတယ် ။ အရုပ်က ၆" လောက် မြင့်ပါတယ် ။ မူလက ၇၅ ကျပ်သားရှိပါသတဲ့ ။
ဘယ်လို ဖြစ်တာလည်း မေးတော့ မှ သူတို့ပြန်ပြောပါတယ် ။ ကြားလိုက်ရတဲ့ စကားကြောင့် အဘရော ကျနော်ရော ပက်လက်လန်သွားရပါတယ် ။ သူပြောတာက .........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment