သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၃)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၃)
ကျနော်တို့ အပြင်သွား လက်ဖက်ရည်သောက်နေတုန်း ပစ္စည်း ရောက်လာတော့ သူတို့ချည်း စမ်းသပ်ပါတယ်တဲ့ ။ နားမလည်ပဲ မီးသွေးမီးဖို ပေါ်ကို စတီးပုဂံထဲထည့်ပြီး တင်ပါသတဲ့ ။ ခဏနေတော့ ပြဒါးတွေ ယိုလာပါတယ် ။ အဲဒါကို အယိုမရပ်မချင်း မီးသွေးတွေ ထည့်ထိုးသတဲ့ ။ ကြာတော့ အရုပ်ရဲ့ အောက်ခံခုံ အရည်ပျော်မှ ရပ်ပစ်တယ်တဲ့ ။
နားမလည်သူတွေအတွက် သိသလောက်ရှင်းပါရစေ ။ ယခု ပရဆေးဆိုင်တွေမှာ ရောင်းနေတဲ့ ပြဒါးဟာ ယနေ့ ပေါက်စျေး ၁ ကျပ်သားကို ၁၅၀၀ ကျပ် ဝန်ကျင်ရှိပါတယ် ။ အဲဒီအထဲမှာ ခဲတွေ ပါနေပါတယ် ။ အလွန်သန့်စင်တဲ့ အိန္ဒိယ ပြဒါးဆိုရင် စျေးက ဆယ်ဆမကကွာသွားပါတယ် ။
အဂ္ဂိရပ်ဆရာတွေ အဆိုအရ ပြဒါးဟာ နေရာအနှံ့ ရေ မြေ လေ အားလုံး နဲ့ သက်ရှိသက်မဲ့ တွေအတွင်းမှာလည်း တည်ရှိနေပါသတဲ့ ။ ယခု ဝယ်နေတဲ့ ပြဒါးယို အရုပ်တွေဟာ အာကာသ ပြဒါးလို့ ခေါ်တဲ့ လေထဲက အလွန်သန့်စင်တဲ့ ပြဒါးကို ဖမ်းယူဖြည့်တင်းနိုင်ရန် ရှေး အဂ္ဂိရပ်ဆရာများ ဖန်တီးထားတဲ့ အရုပ်ဖြစ်ပါတယ် ။
ဒီအရုပ်ဟာ လေထဲက ထိပ်တန်းပြဒါးကို ဖမ်းယူပြီး အပူပေးလိုက်ရင် ချွေးထွက်သလို ပြဒါးတွေ ထွက်လာပါတယ် ။ ထွက်လာတဲ့ ပြဒါးဟာ ထွက်ရပ်ပေါက်ပဲ ထိုးထိုး | ရွှေဖြစ် ငွေဖြစ်ပဲ ထိုးထိုး သာမန် ပြဒါးတွေထက် အာနိသင် ပိုးကောင်းပါတယ်တဲ့ ။ ပြဒါးသေအောင် သတ်ချင်သူများအတွက် လွယ်ကူပါသတဲ့ ( သိပ်မလျော့တော့ပါဘူး )
နောက်မှ ထပ်ပြီး ပြဒါးသေ တဆွေဝတဲ့ အကြောင်း ရေးပါ့မယ် ။ အခုတော့ အရုပ် ပျက်သွားပြီလားမသိပါဘူး ။ ထွက်လာတဲ့ ပြဒါးကလည်း မီးဒဏ်ကြောင့် အငွေ့ပျံကုန်လို့ နည်းနည်းပဲ ကျန်ပါတယ် ၂ ကျပ်သားလောက်ပဲ ကျန်နေပေမယ့် အတော်ကောင်းတဲ့ ပြဒါး ဖြစ်ပါတယ် ။ ထပ်ပြီး စမ်းမရတော့ပါဘူး အလွန်နှမျှောစရာ ကောင်းလှပါတယ် ။
ကျနော်တို့ ပြန်ခါနီးမှာ 1804 အမေရိကန်ငွေဒင်္ဂါးပြား လာပြပါတယ် ။ ဒီအကြောင်းလည်း ပြောချင်ပါတယ် ။ သူ့ရာဇဝင်ကတော့ ချင့်ချိန်ယုံနိုင်ပါတယ် ဒီလိုပါ ။
အမေရိကန် ပြည်တွင်းစစ်ဖြစ်တော့ တောင်ပိုင်းက သူဌေးတွေက စစ်ရှုံးခါနီးမှာ သူတို့ပိုင် ရတနာတွေကို လှို့ဝှက်စွာ နေရာတခုမှာ သိမ်းထားပါသတဲ့ ။ အဆင့်ဆင့် သိမ်းဆည်းထားပြီး သူဌေးတွေထဲက သစ္စာဖောက်ပြီး မယူနိုင်စေရန် တည်နေရာကို ယခု 1804 ငွေင်္ဒါးပြားတွေမှာ စာလုံး တလုံးစီ ထည့်ထားပါသတဲ့ ။ နောက်ဒီအက္ခရာ ABC ကို ဘယ်လိုစီရမယ် ဆိုတဲ့ ကုတ်ကိုလည်း ဒင်္ဂါးပြားတွေမှာ ဝှက်ထားပါသတဲ့ ။
အားလုံးက တယောက်တပြားစီပဲ ခွဲဝေသိမ်းခွင့် ရထားပါသတဲ့ ။ စစ်ပြီးတော့ အားလုံး တကွဲတပြားဖြစ်သွားပြီး နောင် နှစ်ပေါင်းများစွာ ကြာမှ အမေရိကန် အစိုးရက သိပါသတဲ့ ။ ကမ္ဘာအရပ်ရပ်က အမေရိကန် သံရုံးတွေကို တရားဝင် ရှာခိုင်းလိုက်ပါသတဲ့ ။
ရှေ့က ပုံပြင် ဟုတ်မဟုတ် မသိပေမယ့် အမေရိကန်သံရုံးက ရှာနေတာတော့ သေချာပါတယ် ။ အစစ်အမှန်ဆိုရင် $ 2 သန်းထိ ပေးဖို့ တရားဝင် ကြေငြာထားပါတယ် ။ တကမ္ဘာလုံး ပတ်ရှာနေတဲ့ အမေရိကန်တွေ မြန်မာပြည်မှာ ဒုက္ခရောက်နေပါတယ် ။ သံရုံးက ကြေငြာထားတဲ့ ဒင်္ဂါးမှာ ပါတဲ့ အချက်တွေကို တုပပြီး 1804 တွေ အတုထွက်လာတာ အပြားရေ သောင်းချီနေပါပြီ ။ သံရုံးက စစ်ဆေးပြီး ပြန်ပေးနေရတာ ဒီနိုင်ငံ အများဆုံးပါပဲ ။ တရားခံကတော့ လက်မှုပညာထွန်းကားလှတဲ့ အင်းလေးကန် အနောက်ဖက်ခြမ်းက ကျားသွန်ရွာကနေ တရကြမ်း ထွက်နေတာပါပဲ ။
မိတ်ဆွေများ နားမလည်ပဲ မဝယ်စေလိုပါဘူး ။ မြန်မာပြည်မှာ ရှိဖို့တောင် မလွယ်လှပါဘူး ။ အတုဖြစ်ဖို့ ၉၉.၉၉ လို့ အကြံပေးပါရစေ ။ လောဘနခမ်းသတ်နိုင်ပါစေ ။
ကျနော်တို့ ပြန်လာပါတယ် ။ သူဌေးကို ပြောတော့ ရီပါတယ် ကိုင်း ငါမပြောဘူးလားတဲ့ ။ မင်းကို ရီစရာပြန်ပြော အုံးမယ် ဆိုတော့ ကျနော်က
"ပြောပါအုံး"
"မင်းယူလာတဲ့ ကျောက်မီးသွေးတွေ မှတ်မိလား"
"မှတ်မိတာပေါ့"
"ငါက လေးလို့တောင် ပြောသေး မင်းဘာပြန်ပြောသလဲ မှတ်မိလား"
"မှတ်မိတာပေါ့ လေးမှ မီးပေါင်မြင့်တာလို့ ပြောခဲ့တာလေ"
"အေးကွ မင်းပြောတာ ဟုတ်တယ် မီးပေါင်က မှန်းတောင် မရဘူး "
"ဗျာ ဘယ်လို မှန်းမရတာလည်း"
"ဘယ်လိုမှန်းမရတာလည်းဆိုတော့ မင်းယူလာတာ ကျောက်မီးသွေး မဟုတ်ပဲ သင်ပုန်းကျောက်တွေ မို့လို့ပဲကွ"
"ဗျာ ဟုတ်လား ကျနော်လည်း လေးတယ်လို့တော့ ထင်သားပဲ"
"အေးလေ မင်းပဲ လေးလေ ကောင်းလေဆို"
"ဟဲ ဟဲ မှားတဲ့ အခါလည်း မှားပေမပေါ့ "
"အေးပါ မင်းလည်း စုံစီနဖာ ဘယ်သိမလဲ ငါတောင်မသိတာကို ထပ်ရှာကွာ ဒီဖက်မှာ ငါကတိပေးထားလို့ "
"ရတယ် ရှာပေးမယ် နုတာ ရင့်တာ မသိဘူး တွေ့မှာ သေချာတယ် "
"အေးပါ မင်းလည်း စုံစီနဖာ ဘယ်သိမလဲ ငါတောင်မသိတာကို ထပ်ရှာကွာ ဒီဖက်မှာ ငါကတိပေးထားလို့ "
"ရတယ် ရှာပေးမယ် နုတာ ရင့်တာ မသိဘူး တွေ့မှာ သေချာတယ် "
"အေး ဘီလူးကျွန်းမသွားပဲ ကျောက်သင်ပုန်းရတာပေါ့ကွာ "
"ဒီတခါ ရပါပြီ ကျနော့် သမိုင်းမှာ နှစ်ခါ ပြန် မမှားစေရဘူး"
"ယုံပါတယ်ကွာ ကဲ ဒါပဲနော် "
"ဟုတ်ကဲ့ "
ကိုင်း ကြားတဲ့ အတိုင်းပဲ ။ ကိုယ့်ကိုကိုယ် လည်လှပြီ မှတ်နေတာ ပလောင်နဲ့ တွေ့မှ သင်ပုန်းကျောက် မီးပေါင် ချိန်ခိုင်းတဲ့ ဘဝ ရောက်တော့တာပဲ ။ ကိုစိုးပြောတော့ သူလည်း ရီနေလေရဲ့ ။
ဒါနဲ့ ကျိုးစားရှာလိုက်တော့ ရခဲ့ပါတယ် ။ ဒီတခါသေချာအောင် မီးမွှေးကြည့်တော့ ကတ္တရာစော် နံ့လိုက်တာ ထော်င်းလမောင်းထ သွားတာပဲ ။ ဘယ်နေရာကလည်း ဆိုတော့ ရပ်စောက်နဲ့ ပင်းတယကြား ထဲကရွာကပါ ။
ပင်းတယမြို့ အရှေ့ဖက်ကနေ ညောင်ပင်ကြီးတွေ အောက်မှ ရပ်စောက်ကလာရင် ညာဖက်ပေါ့ ကွေ့သွားရပါတယ် ။ အတော်လေးကြီးမားတဲ့ ရေကန်ကြီးတခု တွေ့ရပါတယ် ။ ကျနော်အထင် ဗုတ်တလုပ်ကန် နီးပါး ကြီးပါတယ် ။ ရေကန်ကြီးကို ကျော်သွားပြီး အရှေ့မြင် အနောက်မြင် တောင် နားက ရွာကလေးတရွာမှာ တွေ့ရတာပါ ။
အရှေ့မြင် အနောက်မြင် တောင်ဆိုတာ ဒီနယ်ထဲမှာ အမြင့်ဆုံးတောင်ပါပဲ ။ တောင်ထိပ်ကနေ ကြည့်ရင် ကျောက်ဆည် | မန္တလေး တို့ကို မြင်ရပါတယ် ။ အဲဒီမှာ ကျောက်တမျိုး တွေ့ရပါတယ် ။ အဲဒီကျောက်က သစ်မျာလိုပဲ လွှနဲ့ ခွဲစိတ် ဖြတ်တောက်လို့ ရပါတယ် ။ ကျိုးခြင်း ပဲ့ခြင်း မရှိပါဘူး ။
ဘာကျောက်မှန်းမသိပါဘူး ။ ပရိဘောဂ ကောင်းကောင်းလုပ်လို့ ရပါတယ် ။
ဒီတခါ ရန်ကုန်ကို ကျောက်မီးသွေးပို့ပြီးတော့ အဖြေက မီးပေါင် ၆၀၀၀ ပဲ ရှိပါတယ် ( ၁၀၀၀၀ ကျော်မှ စျေးကွက်ဝင်ပါတယ် ) ထပ်ရှာ ခိုင်းပါတယ် ။ ဒါနဲ့ အင်တော ကျောက်ဂူဖက် သွားရှာပါတယ် ။ မပင်ပန်းပဲ အသင့်တူးပြီးသား လူဆီကနေ ရလာပါတယ် ။ မီးပေါင်လည်း ၁၁၀၀၀ ရှိပါတယ်တဲ့ ။ တာဝန်တခုတော့ အေးသွားပြန်ပါပြီ ။
တောင်ကြီးက အဘ ဆင်းလာပါတယ် ။ သူ့မိတ်ဆွေကျန်းမာရေးမကောင်းလို့ ဆေးလာပေးတာပါ ။ ဘယ်ကလည်းဆိုတော့ ကောင်းဘိုဖက် သွားတဲ့ လမ်းမှာ ရွေပုဇွန် စိုက်ပျိုးရေး ခြံရှိပါတယ် ( ရပ်စောက်နယ်ထဲမှာ ကျနော်သိတာ ရွှေပုဇွန်ခြံ ၃ ခြံရှိပါတယ် ) အဲဒီ ခေါင်းရင်းကနေ သွားရတဲ့ ရွာလေးပါပဲ ။ ရေချာင်းကိုဖြတ်ပြီး ရောက်သွားပါတယ် ။
ရွာထဲရောက်တော့ စကားစမြီပြောရင်း အဘက အီကုတ်ရသလားတဲ့ ။ ( မြေကြီးအလုံးလေးထဲက ပိုးကောင်) ။ ကျနော်က အရင်တုန်းကထင်ခဲ့တာ ဖိုးလမင်းလို အကောင်ထင်နေတာ မဟုတ်ဖူးကိုး ။ အီကုတ်ဆိုတာ နွားချေးပိုးထိုး အကောင်ပေါက်လေးကို ပြောတာကိုး ။ အံမယ် ရွှေရောင်အကောင်ပေါက်ဆို တကောင်း သိန်းချီ ပေးဝယ်တယ်ဗျ ။ တောင်ကြီးက တရုတ်သူဌေးတွေ အလွန်ကြိုက်ဆိုပဲ ။ ကျနော်ကတော့ ပျို့တောင် ပျို့တယ် ။
အဘက သူပြန်ခါနီး ရွှေဝါ ဆပ်ပြာလို ဝါညစ်ညစ် အခဲလေးပြပါတယ် ။ နောက် သွေးထားတဲ့ အရောင်တောက်နေသော အဝါခဲကို ပြပါတယ် ။ ပြားရည်ကျောက်တဲ့ ။ ဒီနယ်မှာ ရရင် ဝယ်ချင်ပါသတဲ့ ။ ကျနော်စုံစမ်းကြည့်တော့ တကောင်းဖက်မှာ ထွက်ပါသတဲ့ ။
ဒါနဲ့ အဘကို သတင်းပေးတော့ နောက်တနေ့ တရုတ် နှစ်ယောက်နဲ့ ရောက်လာပါတယ် ။ ကျနော်လည်း အဲဒီဖက်မှာ သစ်လုပ်နေတဲ့ မိတ်ဆွေ ဆီကို အဘနဲ့ တိုက်ရိုက် စကားပေးပြောလိုက်ပါတယ် ။ လိုအပ်တာမေးမြန်းပြီး ဖုန်းချလိုက်ပါတယ် ။ အဘက မေးပါတယ်
"မင်းလူက စိတ်ချရသလား"
"အဲဒါကတော့ စိတ်ချ သူက မလိမ်တတ်ဖူး"
"ငါက ဒီနှစ်ယောက်ကို တာဝန်ခံ ခေါ်သွားရမှာ "
"သူက ဘာပြောသလဲ အဘ "
"သူကိုယ်တိုင် လိုက်ပို့မယ်တဲ့"
"ဒါဆို သွားပါအဘ ဆိုခဲစေ မြဲစေဆိုတဲ့ လူမျိုးပါ ကျနော်အာမခံတယ် "
"အေး မင်းစကားဆို ယုံပါတယ် အဆင်ပြေတော့လည်း အားလုံး အတူတူပေါ့ကွာ မင်းကော လိုက်ခဲ့လေ"
" အဲဒီလောက် အဝေးကြီး မလိုက်တော့ဖူးအဘ"
"အေးကွာ ဒါဆို ငါတို့ချည်း သွားမယ် မင်လူကို ဖုန်းဆက်ပေးထား သူ့ဖုန်းလည်း ပေးလိုက်"
"ဟုတ်ကဲ့ အဘ"
အဘတို့ သွားကြပြီး နောက်တနေ့မှာ အေးသာယာက ဖုန်းဆက်ခေါ်ပါတယ် ။ ကျောက်ပုပ်ရည် လိုချင်လို့တဲ့ ။ ကျောက်ပုပ်ရည်ဆိုတာ အလွန်နံတဲ့ အရည်ပါပဲ ။ သူ့ကွာလတီက ငွေဒင်္ဂါးကို စိမ်လိုက်ရင် ရွှေရောင် ပြောင်းသွားရပါတယ် ။ ကြေးချောင်းကို စိမ်လိုက်ရင် ငွေရောင်ပြောင်းပါတယ် ။ ကြက်တောင်မွှေး အနက်စိမ်ရင် ဖြူသွားပါတယ် ။ အဖြူကိုစိမ်ရင် နက်သွားရပါတယ် ။
အာနိသင်အလိုက် အရောင်စွဲပါတယ် ။ သဘာဝအရည်ပါ ။ ကျနော့်မိတ်ဆွေဆီမှာ မကွေးဖက်က ယူထားတဲ့ အရည်တွေ ရှိပါတယ် ။ ဒါနဲ့ နမူနာ ယူပြီး ပို့လိုက်တော့ ကြိုက်တယ် ယူခဲ့ပါတဲ့ ။
ဒါနဲ့ ကျနော်တို့ နှစ်ယောက် အေးသာယာ နည်ပညာတက္ကသိုလ် ရှေ့နားက စာတိုက်ဆီကို လာခဲ့ပါပြီ ။ စာတိုက်ရှေ့မှာ ထွက်ပြီး မျှော်နေသူက ..........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment