သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၅)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၅)

ပြဒါးငုပ်ကို စမ်းတော့ ပြဒါးထဲကို စွပ်ကနဲ ငုပ်တယ်ဗျ ။ နောက်မှ သံလိုက်နဲ့ ကပ်လိုက်တော့ ချပ်ကနဲ လာကပ်ပါတယ် ။ ပြဒါးငုပ်က
သံမလိုက်ရ. | ပြဒါးမကပ်ရ. | ပြဒါးငုပ်ရမည် | မှတ်တင်မခံရ (ရွှေဖြစ်မှာစိုးလို့ စျေးက ရွှေထက် အဆ ၂၀ လေ) | ကြေးတမျိုးမျိုး ဖြစ်ရမယ် ( ဓါတ်သားရောင်မရပါဘူး. ကြေးနီ ကြေးဝါ ကြေးဖြူ ကြေးနက် ရပါတယ် ဓါတ်သားရောနေသော အဖြူ အစက်ပျောက်များ ပါ၍မရပါ )
ကဲ ဒီလူဟာ လူလိမ်ပါပဲ ။ ဆိုင်ကယ်တွေ လိမ်သွား ငွေတွေလိမ်သွားနဲ့ သတင်းတွေ ကြားရပါတယ် ။ မူလတုန်းကတော့ လူကောင်းပါတဲ့ နောက်တော့ ဒီပစ္စည်းတွေ နောက်ကို လိုက်ရင်း မွဲသွားတော့ ကြံရာမရ ဖြစ်ကာ လူလိမ်ဖြစ်သွားတာပါ ။ တွေ့နိးတွေ့နိုးပေါ့လေ ။
သူလည်းပြန်သွားပါတယ် ။ ဒီလိုနဲ့ နောက်တရက်မှာ ကယားက ကိုတိုးက လွိုင်ကော်မှာ ပိတောက်စကွဲယားတုံး ဝယ်ချင်တယ် ရှိသလားတဲ့ ။ သူ့မိတ်ဆွေ သစ်ပွဲစား တရုတ်သူဌေးခေါ်ပြီးမှ သစ်က မရှိတော့လို့ မျက်နှာပျက်စရာ ဖြစ်နေလို့ ကူညီပါတဲ့ ။
ဒါနဲ့ ကျနော်လည်း ဖုန်းတလုံးနဲ့ ဟိုချိတ် ဒီချိတ် ချိတ်လိုက်တော့ ရှိပါတယ် လာခဲ့ပါဆိုတော့ သွားလိုက်ပါတယ် ။ ရပ်စောက်က ဂန္ဘီရ ကျွမ်းကျင်တဲ့ သူဌေးမိတ်ဆွေ နဲ့. ဖြူးမှာ အလိမ်ခံရတဲ့ ကိုရဲတို့ကလည်း လိုက်ချင်တယ်ဆိုလို့ မိတ်ဆွေရဲ့ ကားနဲ့ စမတ်ကျကျ သွားရပါရော ။
ကားပေါ်မှာ ဖုန်းက နားကို မနားရပါဘူး အဝယ်ပွဲစားက ဘယ်ရောက်ပြီလည်း တတွတ်တွတ်မေးလို့ တောက်လျှောက်ဖြေလာရတယ် ။ ပင်လောင်းမှာ ထမင်းစားနားတော့ ထမင်းဆိုင်က ဖုန်းအားတောင် အသွင်းမခံဖူး အံ့သြစရာ ( နောက် ဘယ်တော့မှ အဲဒီဆိုင်မှာ မစားတော့ပါဘူး)
လွိုင်ကော်ကို ညနေမှ ရောက်ပါတယ် ။ ပွဲစားနဲ့ မြို့ထဲမှာ တွေ့ပါတယ် ။ စျေးက ၈ သိန်း ပေးပါတယ် ။ ရောင်းမှာက ၇.၅ သိန်းပါ ။ ဒါနဲ့ နောက်တနေ့ ချိန်းခဲ့ပါတယ် ။
ကိုတိုးအိမ်မှာ သုံးယောက်လုံးတည်းပါတယ် ။ ရပ်စောက်သားတွေဆိုတော့ အားလုံး အကြောင်းသိတွေပေါ့ ။ ကိုတိုးက သပိတ်အကြောင်းတွေပြောတော့ ရီရသေးတယ် ။ ကျနော့မိတ်တွေ ဦးမိုး( အမည်လွဲ) က ၈၈ တုန်းက ရန်ကုန်ရောက်နေပါသတဲ့ ။ ရန်ကုန်မှာ သပိတ်မှောက်တာတွေ ကြည့်ပြီး ပြန်လာတာပေါ့ ( နယ်မြို့တွေ မကူးစက်သေးပါဘူး)
ရပ်စောက်ပြန်ရောက်တော့ မကြာခင်မှာပဲ သပိတ်ကူးစက်လာပါသတဲ့ ။ ဒါနဲ့ ဘယ်လို သပိတ်မှောက်ရမလဲဆို ရန်ကုန်သပိတ်ကို မြင်ခဲ့ဖူးတဲ့ ဦးမိုးက တွေ့ခဲ့ မြင်ခဲ့တာ ရှင်လင်းပွဲ လုပ်ပေးပါဆိုတော့ ပြန်ပြီး ပြောပြတာပေါ့ (ဦးမိုးကလည်း ရှားရှားပါးပါး Eco ဘွဲ့ရဗျ ၂၀၁၅ မှာ သူအရွေးမခံလို့ ရပ်စောက်မှာ NLD ရှုံးရတာ လို့တောင် တချို့က ပြောကြသေးတယ်) ။
အဲဒါ သပိတ်လည်း ပြီးရော ခေါင်းဆောင်တွေကို ဗထူးတပ်မြို့ထဲ ခေါ်ပြီး အပရိက စစ်ပါသတဲ့ ။ တကယ့်ကို ထဲထဲဝင်ဝင်လုပ်တဲ့ တယောက်ရယ် ဦးမိုးရယ် နှစ်ယောက်ပဲ ဖမ်းပြီး အားလုံး ပြန်လွှတ်သတဲ့ ။ ဦးမိုးက ကံဆိုးတာတဲ့ သူက သပိတ်မှာလည်း မပါခဲ့ဖူးတဲ့ ။ သူ့ပြစ်မှုက ရန်ကုန်သပိတ် အတွေ့အကြုံရှင်းပြတာရယ် စစ်တပ်ကလာခေါ်တော့ သူ့မိန်းမက အနွေးအင်္ကျီလဲပေးလိုက်တာ ရန်ကုန်က ပါလာတဲ့ လက်ကမ်းစာရွက်တွေ ပါလာလို့တဲ့ ။ တလလောက် ဖမ်းထားပြီးမှ နှစ်ယောက်လုံးပြန်လွှတ်လိုက်ပါသတဲ့ ။
နောက်တနေ့ သစ်သွားကြည့်ပါတယ် ။ သစ်ပိုင်ရှင်တွေက လက်နက်ကိုင်အဖွဲ့တွေပါ ။ သူတို့က တခုကောင်းတယ် စျေးကို တခွန်းမှ မပြောဘူး ကိုမျိုး နဲ့ လုပ်တော့ဆိုပြီး သစ်ပုံ လိုက်ပြပြီး တနေရာ သွားတော့တာပဲ ။ အဝယ်သမားက စျေးဆစ်လို့ ၇.၉ သိန်းနဲ့ စျေးဖြတ်ပြီး တိုင်းပါတယ် ။
တိုင်းပြီး မသယ်သေးပါဘူး သိန်းအစိတ် စရံပေးခဲ့ပါတယ် ။ သစ်ပိုင်ကို စရံသွားပေးတော့ လက်မခံဖူးဗျ ပြီးမှ အကုန်တွက်ပြီးမှ သစ်သယ်ပြီးမှ ပေးတော့တဲ့ ။ ရောင်းတာက ကယောနီအဖွဲ့ ၊ ဝယ်တာက. နဂါးအဖွဲ့က တာဝန်ခံဝယ်ပေးတာ ။ ( ကယားမှာ လက်နက်ကိုင်အဖွဲ့ ကယားချည်း ငါး ဖွဲ့လောက်ရှိပါတယ် ) သူတို့ ကြားမှာ ရပ်စောက်ကနေ ပွဲစားလာလုပ်ပေးတာ တွေးကြည့်တော့ ရီစရာပါပဲ ။ ဦးမိုးဆို အခုထိ ပြောတုန်းပါပဲ ။
နောက်တနေ့ သစ်တွေရွှေ့ ငွေချေလုပ်ကြပါတယ် ။ သစ်တွေရွှေ့နေတော့ ဘောလုံးကွင်းထဲမှာ ပြည်နယ်အဆင့်ပြိုင်ပွဲအတွက် ကွင်းဖွင့်ပွဲ လုပ်နေပါတယ် ။ တိုင်းမှူးကိုယ်တိုင် လာဖွင့်တဲ့ ပွဲပါ ။ ထူးခြားတာက NCA ထိုးမထားတဲ့ ကယားလက်နက်ကိုင်တွေ လုံခြုံရေးယူထားတဲ့ ကြားထဲတိုင်းမှူးလာဖွင့်တာပါ ။ ( ကယားမှာ ကိုထွန်းကျော် အဖွဲ့ပဲ ငြိမ်းချမ်းရေးယူထားတာပါ )။
သစ်ရောင်းတဲ့ အဖွဲ့တွေထဲက ပြောပြောနေတဲ့ ဗိုလ်ချစ်ဆိုတဲ့ သူတို့ အလွန်လန့်နေတဲ့ အတွင်းရေးမှူးရှိပါတယ် ။ ဘာပဲ လုပ် လုပ် ဗိုလ်ချစ် ဗိုလ်ချစ်နဲ့ သတင်းပို့ပြီးမှ လုပ်ကြရတာ သတိထားမိပါတယ် ။
ဒီအချိန်မှာ ဦးမိုးဆီကို ဖုန်းဝင်လာပါတယ် ။ ဒိုးဆီ ကို အပင်မှာပဲ ရှိသေးတယ် မဖြုတ်တတ်လို့ ဘယ်လိုလုပ်ရမလည်းတဲ့ ။ Viber ကနေ ပုံတွေ ပို့ပေးပါတယ် ။ ဒါနဲ့ သေချာအောင် ဒီကနေ့ထုတ် ဂျာနယ် တမျိုးမျိုးနဲ့ video ရိုက်ပို့ပါဆိုတော့ ပို့ပေးလာပါတယ် ။
ဒါနဲ့ အညှာကနေ ဖြတ်ပြီး လေအဝင်အထွက်မရှိအောင် ပြန်စီးထားဖို့ ၊ နောက် နှမ်းဆီစိမ်ထားတဲ့ ဝက်ဝံပုဆိုးနဲ့ ထုတ်ထားဖို့ အဲဒါကို ဒိုးဆီရှိရာ မြေနဲ့ မံထားပြီး ပုံးထဲထည့်ပြီး အလုံပိတ်သယ်ခဲ့ဖို့ ပြောပါတယ် ။ သူတို့လည်း လုပ်ပုံ တခုခြင်းကို video နဲ့ တခါတည်းပြပြီး တဆင့်ခြင်းကို မှန်မှန်ကန်ကန် လုပ်ခဲ့ပါတယ် ။
သူတို့ကို မန္တလေးမှာ ချိန်းလိုက်ပါတယ် ။ ကျနော်တို့လည်း မန္တလေးကိုဆင်းခဲ့ပါတယ် ။ သစ်က ရတဲ့ ပွဲခက ခရီးစရိတ် အရင်းပေါ့လေ ။ ဒီနေရာမှာ ကြည့်ပါ အင်မတန် ရိုးရှင်းပါတယ် ။ ပစ္စည်းပိုင်ရှင်က ရောင်းချင်တယ် အကျိုးဆောင်က ရောင်းပေးနိုင်တယ် နည်းပညာပေးနိုင်တယ် ။ နှစ်ဖက်လုံး အဖြောင့်အတိုင်း လုပ်တော့ ကလိမ်ကကျစ် တောင်းဆိုမှု တခုမှ မပါဘူး ။
မန္တလေးကို ရောက်ပါပြီ ။ ပစ္စည်းကိုလည်း တွေ့ရပြီ ( ပထမဆုံး ဒိုးဆီ အစစ်ကို တွေ့ဖူးတာပါ ) ။ ကျနော်တို့ တိုင်ပင်ပါတယ် အားလုံးက ကြားဖူးနားဝ ပဲ ရှိတာ တခါမှ လက်တွေ့ မလုပ်ဖူးသေးဘူး ။ ဒီတော့ ကျွမ်းကျင်တဲ့သူ ပညာရှင်ကို ခေါ်ရမယ်လို့ တိုင်ပင်ပါတယ် ။ ( ဒိုးဆီဟာ ကွာလတီကောင်းရင် တပိဿာကို သိန်းပေါင်း ၃၅၀၀၀ အထိ ပေးပါတယ် ။ အမှားမခံရဲပါဘူး)
ဒီတော့ ပညာရှင် ဦးကျော်သောင်းဆီကို အကူအညီတောင်းတော့ ခရီးစရိတ် တစ်သိန်းတောင်းပါတယ် ။ OK ရပါတယ် ခေါ်လိုက်ပါပြီ ။ မန္တလေးတနေရာက လေးထပ်တိုက်ပေါ်မှာ တကယ့် ပကတိ အကြံအဖန် မပါသော သဘာဝဒိုးဆီအိတ်ကို ဒိုးဆီ ပညာရှင် ကိုကျော်သောင်း ဘယ်လို စစ်ဆေးမလဲ ကြည့်ရပါမယ် ။
ဒိုးဆီအိတ်ကို လုံခြုံတဲ့ ပုံးထဲကနေ ဆွဲထုတ်ယူလိုက်ပါတယ် ။ ဆီစိမ်ထားတဲ့ ပုဆိုးကို ဖြေချပြီး ဒိုးဆီ အလုံးကြီးကို ထုတ်ယူလိုက်တော့ ဒိုးပင်အမြစ်ရဲ့ ထူးခြားတဲ့ အနံ့က ထောင်းကနဲ ထွက်လာပါတယ် ( အတုဆို ဘာအနံ့မှ မရပါဘူး) ။ ကိုကျော်သောင်းက လက်မ ထောင်ပြပါတယ် ။
နောက်တဆင့် ဒိုဆီအိတ်ကို စားပွဲပေါ်မှာ တယုတရ တင်လိုက်ပါတယ် ကျနော်တို့ဖြင့် အသက်တောင် ပြင်းပြင်းမရှူရဲပါဘူး ။ ကိုကျော်သောင်းလည်း သူအိတ်ထဲက လေးလက္မသံ အသစ်တချောင်းကို ထုတ်ယူပြီး သံလိုက်နဲ့ ကပ်ကြည့်ပါတယ် ။ နောက် အဲဒီသံနဲ့ ချစ်စွာသော သားသမီးကို ဆေးပြန်ကုနေရတဲ့ ဆရာဝန်လို သံချောင်းကို ဒိုးဆီထဲ ညင်သာစွာ ထိုးလိုက် ချိန်မှာ ..................!

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ