သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၆)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၆)

ကိုကျော်သောင်း ယုယုယယ နဲ့ သံချောင်းလည်း ထိုးပြီးပြော သူ့ဖုန်းက ထမြည်ပါရော ။ သူ့ဘော့စ်က အခြေအနေ လှမ်းမေးတာ ။ အပြင်ဗန်း အခြေအနေကတော့ ပစ္စည်း အမှန် ဖြစ်ကြောင်း ယခု သံ နဲ့ စမ်းနေပြီ ဖြစ်လို့ ၁ နာရီလောက် စောင့်ပြီးမှ သိရမယ် ဖြစ်ကြောင်း ပြောပါတယ် ။
နာရီဝက်မှာ သံနုတ်ကြည့်ပါတယ် ။ သံက မီးဖုတ်ထားသလိုပူရုံပဲ ပူတယ်ဗျ ပျော့မနေသေးဘူး ။ ထပ်ပြီး ထားလိုက်ပါတယ် ။ နောက်နာရီဝက် ရှိတော့ စုစုပေါင်း တနာရီအကြာ ပြန်ထုတ်တယ် ။ မရပါဘူး ပူတာကတော့ လက်အိတ်နဲ့ ကိုင်ရင်ကို အတော်ပူပါတယ် ။ သံလိုက်လဲ နဲနဲ လိုက်နေပါသေးတယ် (သံဓါတ်ကို လုံးဝ ကုန်အောင် ဓါတ်မပြုနိုင်တဲ့ သဘောပါပဲ) ။
ဒိုးဆီကို အချိန်မကျမှီ ယူခဲ့ မိတဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ် ။ မူလ နေရာမှာ ပိုက်ပျော့ အစားထိုးပြီး ဖြတ်ယူလာတဲ့ အမြစ်နဲ့ အမြစ်နဲ့( ရေပိုက် ဆက်သလို) ပြန်ဆက်ထားပြီး ၄/၅ နှစ် စောင့်ကြည့် ပါလို့ ပြောပါတယ် ။
ဟုတ်ကဲ့ ပညာရှင်ကို တစ်သိန်း နဲ့ ခရီးစရိတ် ၂ သိန်း စုစုပေါင်း ၃. သိန်း ကုန်ခဲ့ပါတယ် ။ ဒိုးဆီအစစ် မြင်တွေ့ခဲ့ရခြင်း နဲ့. ဂန္ဘီရလောက မှာ မြင်တွေ့ရခဲသော အရိုးခံ မန္တလေးသားမိတ်ဆွေ နှစ်ယောက်နဲ့ သိခဲ့ရလို့ ဒီ ၃ သိန်းဟာ တန်ပါတယ် ။
ဒီ မန်းသား နှစ်ယောက်ဟာ ရိုးသားတယ် ဒါပေမယ့် လူအတွေ မဟုတ်ဘူး ဒီလောကရဲ့ အထာကို အများကြီး နားလည်တယ် နှံ့စပ်တယ် ။ ဆိုလိုတာက လယ်ဝယ်ပြီး ရိုးသားတယ် မန်းမှာ သူတို့နဲ့ ပါတ်သပ်ရင် စိတ်ချရပါတယ် ။ သူတို့ နှစ်ယောက်က ကိုညီ နဲ့ ကိုစိုင်းတဲ့ ( နာမည်တူတွေ အများကြီးပါ ဒါပေမယ့် ဒီနှစ်ယောက်က အတွဲလိုက် ပါ )
ဟံမြင့်မိုရ်ကနေ အရှေ့ဖက် မြို့ကြီးကနေတဆင့် ရွာငံဖက်ကို ကားနဲ့ တက်လာတော့ ဦးမိုးက လမ်းကောင်းလို့လားတဲ့ ။ ကျနော်လည်း အကြိမ်ကြိမ်ဖြတ်ဖူးနေလို့ အာမခံလိုက်ပါတယ် ။ ဟံမြင့်မိုရ်ကနေ ရွာငံထိ ဦးသိန်းစိန် လက်ထက်မှာ လမ်းအသစ် ခင်းပေးပါတယ် ။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ကတ္တရာလမ်းအသစ်တွေ ဖြစ်လာပါတယ် ။ ငါးနှစ်အတွင်း ရပ်စောက်မှ ဟံမြင့်မိုရ်ထိ ကတ္တရာလမ်း ဖြစ်သွားပါပြီ ။ ယခုထိ လမ်းချဲ့တဲ့ အလုပ်နဲ့ နှမ်းဖြူးတဲ့ အလုပ်များအား လုပ်ကိုင်နေဆဲဖြစ်ပါတယ် ။
ကျနော်ကျင်လည်ခဲ့တဲ့ လမ်းတလျှောက် ရပ်စောက်မြို့ကို နမူနာ ထားပြီး ပြောရမယ်ဆိုလျှင် ရပ်စောက် ရွှေညောင် ၃၆ မိုင် ယခင် ကားလမ်းဟာ ချိုင့်အပြည့်နဲ့ မို့ ဆိုင်ကယ်တောင် အရှိန်နဲ့ မောင်းမရပါဘူး ယခု လမ်းကွာလတီ မကောင်းသော်လည်း အချိန်မကုန် အရှိန်မပျက် စီးလို့ရတဲ့ လမ်းဖြစ်သွားပါတယ် ။
နောက် ပင်းတယ ရပ်စောက်လမ်း (၃၆ မိုင်ပါပဲ)ကတ္တရာလမ်း ဖြစ်သွားပါတယ် ။ ရပ်စောက်မှ အင်တော ကျောက်ဂူ နောင်ချိုအထိ(မိုင် ၁၀၀ ခန့်) ကတ္တရာလမ်း ဖြစ်သွားပါတယ် ။
တောင်ကြီးမှ လွိုင်ကော်ထိ ဆီဆိုင်လမ်း (၉၆ မိုင် ) ကတ္တရာလမ်း ဖြစ်သွားပါတယ် ။ ညောင်ရွှေမှ ပင်လောင်းထိ အင်းလေးကန် အရှေ့ဖက်အခြမ်း မှာ ကတ္တရာလမ်း ဖြစ်သွားပါတယ် ။ လွိုင်ကော် မှ ဖားဆောင်းထိ လမ်းကောင်းသွားသလို လွိုင်ကော်မှ တောင်ငူအထိ သံတောင်ကြီး ကိုဖြတ်လျှက် ကတ္တရာလမ်း ဖြစ်နေပါတယ် ။ အခြားဒေသများမှာလည်း ဒီလိုနေမှာပါပဲ ။ မကွေးတိုင်း စေတုတ္တရာ နယ်မှ ချင်းတောင်တန်း အခြေအထိ ကားလမ်းများ ဖောက်နေပါတယ် ။
ကျနော်သွားနေကြ ဒေသ အတွင်းမျှသာဖြစ်ပါတယ် ။ ရပ်စောက်ပြန်ရောက်ပါပြီ ။ မကြာပါဘူး တကောင်းကိုသွားတဲ့ အဘ က အားရင် တောင်ကြီး လာခဲ့ပါဆိုလို့ တက်သွားလိုက်ပါတယ် ။ အဘဆီရောက်တော့ အဘကို ခေါ်ပြီး မြို့မစျေးမှာ စျေးဝယ်ကာ လမ်းအတိုင်း ဆိုင်ကယ်စီးလာတော့ မြို့အလယ်မှာ တပ်ထိန်းတွေ မသင်္ကာတဲ့ ဆိုင်ကယ်တွေကို ဖမ်းပြီး စစ်ဆေးနေပါတယ် ။ (မကြာပါဘူး နှစ်ရက်လောက်နေတော့ မြို့မစခန်း ဗုံးပေါက်ပါရော တရားခံက မေမေ့ အချစ်တော်တွေပါ )
အဘက တကောင်း အကြောင်း ပြောပြပါတယ် ။ ပစ္စည်းတွေ အများကြီးတွေ့ခဲ့ရကြောင်း လူတွေလည်း ရွာလုံးကျွတ် တူးယူ ရောင်းချနေကြောင်း ။ နေရာကတော့ တကောင်း နီကယ် စက်ရုံစက်ရုံသွားတဲ့ လမ်းကနေ တက်သွားရကြောင်း ပြောပြပါတယ် ။ ယခု တရုတ်ပြည်ကို အချိန် ၅၀ လောက် ယူသွားပြီ ပြောပါတယ် ။ တပိဿာကို လေးသောင်း ( အတုံးကြီးမှ) ပေးဝယ်ခဲ့ရကြောင်း ပြောပါတယ် ။
အကြမ်းထည်မှာ သိပ်မလှပေမယ့် အချောသွေးထားပြီဆိုရင် အလွန်လှပါတယ် ။ သူဌေးဆီ သတင်းပို့တော့ အင်း တို့တိုင်းပြည်က သယံဇာတက ဒီလိုနဲ့ ကုန်မှာပါကွာတဲ့ ။
နောက်​ပြီးမှသူဌေးက သူ့မိတ်ဆွေတယောက် ကယားပြည်နယ်မှာ ကလီနာ ထုတ်ချင်လို့ ညှိနှိုင်းပေးပါလို့ ပြောပါတယ် ။ ဒါနဲ့ ကျနော်လည်း ပြန်ပြောလိုက်ပါတယ် သူကိုယ်တိုင် လာညှိမှ ပြီးပြတ်တဲ့ အဖြေရမှာပေါ့ဆိုတော့ အေး သူလည်း လာမှာပေါ့တဲ့ ။ ဒါဆို ဘယ်တော့ လာမလဲဆိုတော့ မင်းသွားတာနဲ့ သူလေယာဉ်နဲ့ လာလိမ့်မယ်တဲ့ ။ ဒါဆို မနက်ဖြန်သွားလိုက်မယ် သူ့ကိုပြောလိုက်ပါသူဌေး ဆိုတော့ အေး တဲ့ ။
ဦးမိုးက လာပြောပါတယ် သူ့လူတွေ မီးပြတ် ကားစက်ရပ်တဲ့ ပစ္စည်းတွေ့ထားလို့ သွားမလို့ လိုက်ခဲ့ပါတဲ့ ။ လင်မယား နှစ်ယောက်ဗျ ပါလာတယ် ။ အသေအချာမေးကြည့်တော့ သူတို့ကိုယ်တိုင် စမ်းလာတာတဲ့ ကားစက်တောင် တဖြေးဖြေး ရပ်သွားတယ်တဲ့ ။ ကျန်တဲ့ အခြား အခြေခံတွေမေးတော့ ဦးမိုးက မေးမနေနဲ့ သူတို့ ဘာမှ နားမလည်ဘူး တဲ့ ။
ကျနော်လည်း လူလိမ်တွေနဲ့ တွေ့ခဲ့တာ ထင်တယ်လို့ ပြောတော့ လင်မယား နှစ်ယောက်စလုံးက ကျနော့်ကိုကြည့်ပြီး မဟုတ်ပါဘူး တွင်တွင်ပြောတယ် ။ လာခေါ်ပြီးပြတာ ကောင်မလေးရဲ့ ဦးလေးအရင်းတဲ့ ။
ကျနော်လည်း ကယားကို မနက်သွားရမှာ ဆိုတော့ ဦးမိုးက နောက်နေ့ ရွှေ့လိုက်ပါတဲ့ သူလည်း လိုက်မယ်တဲ့ ။ ကျနော်က ပြန်ပြောပါတယ် ခင်ဗျားက သူဌေးဗျ ကျနော်က အလုပ်သမားလေ ထမင်းစားနေရတဲ့ အလုပ် ဦးစားပေးရမယ် အာစရိ ဆိုတော့ ဦးမိုးက ဒါလည်း ဟုတ်ပါတယ် ဆိုပြီး ပြောပါတယ် ။ သူတို့ချည်း သွားတော့မယ်တဲ့ ။
ကျနော်လည်း ကယားကို တယောက်တည်း ဆိုင်ကယ်နဲ့ လာခဲ့ပါတယ် ။ ဒီတခါ ဆီဆိုင်ဖက်ကနေ လာခဲ့တာပါ ။ ကယားမှာ အစည်ကားဆုံး ကယားလေးပွဲ ကျင်းပနေချိန်ပါပဲ ။ ယခင် သစ်ရောင်းပေးခဲ့တဲ့ အဖွဲ့က တာဝန်ခံက သူတို့ စီးပွားရေး တာဝန်ခံနဲ့ တွေ့ပေးပါတယ် ။
ကိုယ်လည်း သူ့မြင်ဖူးသလို သူလည်းကိုယ့် မြင်ဖူးသလိုလို ဖြစ်နေတုန်း သူကစပြီး ခင်ဗျား ****** သစ်ကုမ္ပဏီက မန်နေဂျာ မဟုတ်လားတဲ့ ။ အေးဗျ ဟုတ်တယ်ဆိုတော့ သူကလည်း ရပ်စောက်မှာ လာဖူးကြောင်း ကျနော်တို့ ကုမ္ပဏီက ထမင်းကျွေးဖူးကြောင်း ပြောပါတယ် ။ သူပြောမှ ပြန်ပြီးမှတ်မိပါတယ် ငြိမ်းချမ်းရေး ယူဆားတဲ့ ခွန်ဆာရဲ့ MTA အဖွဲ့တွေထဲပါလာတာကိုး ။
သူကလည်း ကိုယ့်ကို သိနေတော့ အဆင်ပြေသွားပါတယ် ။ အကျိုးအကြောင်းပြောပြတော့ ကယားမှာ ကလီနာ လုပ်သူမရှိလို့ အဆင်ပြေတယ်တဲ့ ။ လူကြီးတွေဆီ သူခေါ်သွားမယ်ပြောပါတယ် ။ ဒါနဲ့ ဖုန်းနံပါတ် အပြန်အလှန်ပေးကြပြီး ပြန်လာပါတယ် ။
ရန်ကုန်က လာတဲ့ သူဌေးရဲ့ မိတ်ဆွေက ရောက်နေပါပြီ ။ ညနေရောက်တော့ စီးပွားရေးတာဝန်ခံ ကိုလင်း(အမည်လွဲ) ကို ဖုန်းဆက်ခေါ်လိုက်ပါတယ် ။ သူဌေးနဲ့ အပြန်အလှန် မိတ်ဆက်ပေးပြီး နောက်တနေ့ မှာ ကယားဖက်က ဝန်ကြီးအဆင့် (သူတို့ အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ရာထူးပါ) နဲ့ တွေ့ဖို့ ချိန်းပါတယ် ။
နောက်တနေ့မှာ သွားတော့ ကယားလေးပွဲကျင်းပရာ ပွဲတော်နဲ့ကပ်လျက်နေရာကို သွားကြရပါတယ် ။ ခြံကျယ်ကြီးထဲက တိုက်အသစ်ကြီး ထဲကို သွားရပါတယ် ။ မနေ့ကမှ တိုက်တက် ရုံးဖွင့်ပွဲ ပြီးတာတဲ့ ။
ကိုလင်းဦးဆောင်ပြီး ဝင်သွားပါတယ် ။ ဝန်ကြီးနဲ့တွေ့ရပါတယ် ။ အသားဖြူဖြူ ဥပတိရုပ် အလွန်သန့်နေတဲ့ လူတယောက်ပါပဲ ။ စကားပြောလည်း ချိုသာ ယဉ်ကျေးပါတယ် ။
သူပြောတာကတော့ လုပ်ကွက်လိုချင်ရင် တူးပြီးသား ခဲကြောလိုကြည့်ပါ ။ ကြိုက်ပြီဆိုရင် သိန်း ၁၀၀ ရံပုံငွေထည့်ရမယ် ။ ထွက်လာတဲ့ ခဲရဲ့ ၃၀% ကို အခွန်ပေးရမယ် လို့ပြောပါတယ် ။ သူဌေးက ကျနော့်ကို မေးငေါ့ပြပါတယ် ဒါနဲ့ ကျနော်လည်း
"ဟုတ်ကဲ့ အခွန် ၃၀ % ပေးပြီးရင် တရားဝင်မျှော ပါ ရမှ အဆင်ပြေပါမယ် ခင်ဗျ"
"ဟာ တရားဝင်မျှောပါ ပါရမှာပေါ့ "
"ဒါဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ"
"ကုမ္ပဏီ နာမည်ကတော့ ကယားအမည်ပေါက်နဲ့ပဲ ရမှာနော်"
"အဆင်ပြေပါတယ်ခင်ဗျ"
"ဒါဆို အခု လုပ်ကွက်ဆီ သွားကြည့်ရအောင် ကျနော်မလိုက်တော့ဖူး သူတို့လိုက်ပြလိမ့်မယ်"
"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ"
ကယားပြည်နယ် မှာ ဘယ်သူမှ မလုပ်တဲ့ ကလီနာ လုပ်ကွက်တွင်းက မြေပြိုနေပါပြီ ။ ဘေးက အစအန နမူနာတွေကတော့ အလွန်ကောင်းပါတယ် ။ ဒါနဲ့ တွင်းပြန်ဖေါ်ပြီး ခဲကြောပေါ်လာမှ တခေါက်ထပ်လာဖို့ ချိန်းလိုက်ပါတယ် ။
အဲဒီသူဌေးက ကျနော့်ကို ၂ သိန်းပေးလို့ ကျနော့်သူဌေးဆီ ယူရမှာလား မေးတော့ ရခဲတယ် ယူလိုက်တဲ့ ( တော်ကြာ သူဌေးခြင်း မျက်နှာပျက်စရာ ဖြစ်နေမှာစိုးလို့လေ ကိုယ်တိုင်ကတော့ လိုချင်တာပေါ့)
ရပ်စောက်ပြန်ရောက်တော့ ဦးမိုးက ပြောပါတယ် ။ သေချာတယ်ဆိုပြီး ဝယ်လက်ကိုပါ ငွေတင်ပြီးခေါ်သွားတာ ဟိုရောက်တော့ ပစ္စည်းမပြနိုင်လို့ တင်ကြေးကုန်ပြီးခရီးစရိတ်ပါ ကုန်ခဲ့ပါသတဲ့ ။ သွားလိုက်တာ အဖြူအမဲကွဲသွားတာပေါ့ ။
မကြာပါဘူး ညာတင်ကုတ်ဇာတ်လမ်း ပြန်ပေါ်လာပါတယ် ။ ရွာတရွာမှာ ညာတင်ကုတ်ရောင်းဖို့ ပြောတော့ သွားစမ်းပါသတဲ့ ။ ဦးသန်းဝင်းပါသွားတာပါ ။ စမ်းပြတော့ အောင်ပါသတဲ့ ။ ဒါနဲ့ ဦးသန်းဝင်းတို့ အဖွဲ့ သိန်း ၃၀ နဲ့ အလုအယက် ဝယ်လာပါသတဲ့ ။
အဲဒါ အခု ရပ်စောက်ပါလာပြီ စမ်းသပ်ပြီး ရောင်းပေးပါတဲ့ ။ ဒါနဲ့ အရုပ်သိမ်းထားတဲ့အိမ်ကို ရောက်ခဲ့ပါပြီ ။ ကြိုပြောပြီးသားဆိုတော့ ကျနော်တို့လည်း အိမ်ပေါ်ရောက်ရော ဝိုင်းတံခါး ပိတ်လိုက်ပါတယ် ။ အခန်းထဲက သေတ္တာထဲ ထည့်ထားတဲ့ ညာတင်ကုတ် အရုပ်ကို ထုတ်လိုက်ပါတယ် ။ တမိုက်လောက်မရှိတရှိ နက်မှောင်နေတဲ့ အရုပ်ကလေးတွေ့ရပါတယ် ။
"ကဲ ဖယောင်းတိုင် နဲ့ စပုတ်တံ ယူခဲ့ဗျာ "
"ရော့ အဆင်သင့်"
ဖယောင်းတိုင် မီးညွှန့်လေးဟာ အရုပ်ရဲ့ အောက်ခံခုံနဲ့ ထိနေပါတယ် ။ အရုပ်ကို ဖြေးညှင်းစွာ မယူလိုက်တော့ အပြာရောင် မီးညွှန့်လေးဟာ အစာရှိရာ လာနေတဲ့ မြွေတကောင်ရဲ့ ဦးခေါင်းလေးလို အရုပ်အောက်ခံရှိရာ အပေါ်ဖက်ဆီကို တလက္မခြင်း ပါလာနေပါပြီ ။ တရွေ့ရွေ့နဲ့ သတ်မှတ်ထားတဲ့ ၈" အမြင့်နား ကပ်လာပါပြီ ထပ်ဆွဲလိုက်ပါတယ် ၈" အမှတ်ဆီသို့ ........!

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ