သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၂)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၂)

"ဆရာကြီးက အလုပ်သမားလားဗျ"
"ဟင် ခင်ဗျားလည်း အတူတူပဲလား"
"မဟုတ်ပါဘူး ဒါပေမယ့် ဖားတော့ မဟုတ်ဖူး ကျားအဆင့်"
"ဟာ ကျားကျားခြင်း ကိုက်ရင် နှစ်ဖက်လုံး နာမယ်ဗျ"
"မှန်တယ် အခု ပစ္စည်း စစ်နေတဲ့သူက ဖားပဲ ခင်ဗျား ဘာသာ နိုင်အောင်ကပေတော့ ကျနော် ဝင်မနှောက်ဖူး"
"ဟုတ်ကဲ့ ခင်ဗျား ဖုန်းပေးခဲ့ပါ"
ဖုန်းနံပါတ် အပြန်အလှန် ပေးကြပါတယ် ။ ဦးမြင့်ဆွေ ကတော့ အတော်လေး ပျော်နေလေရဲ့ ။ ကိုမျိုးရေ ပွပြီဗျ ပစ္စည်း အမှန်တွေ့ရပြီ တဲ့ ။ လူလိမ်အဖွဲ့ကို နောက်တနေ့ ချိန်းလိုက်ပါတယ် ခရီးစရိတ်ဆိုပြီး ၁ သိန်း ပေးခဲ့လေရဲ့ ။
ကျနော်တို့ကို ပြန်ပို့ပြီး လူလိမ်တွေက နောက်နေ့မှာ သူဌေးကို ခေါ်ပြီး စစ်ဆေးဖို့ ပြောပါတယ် ။ တပ်ကုန်းပြန်ရောက်တော့ ဦးမြင့်ဆွေက အားပါးတရ ပစ္စည်းမှန်ကြောင်း ပြောပါတယ် ။ ကျနော်က မေးလိုက်ပါတယ်
"ဦးမြင့်ဆွေ ဘယ်ဓါတ်မီးနဲ့ စမ်းသလဲဗျ"
"သူတို့ ဓါတ်မီးလေ"
"ဆိုင်ကယ်ရော "
"သူတို့ ဆိုင်ကယ်လေ"
"အဲဒါကို ပစ္စည်း မှန်ပါတယ်လို့ ဘယ်လို အာမခံနေတာလည်းဗျ"
"ဒီမယ် ငါဒီလိုင်း လုပ်လာတာ နှစ်ပေါင်း သုံးဆယ် ရှိပြီ ဒီလောက်တော့ သိပါတယ်ကွာ"
"နှစ်သုံးဆယ် လုပ်မနေနဲ့ ဒီကောင်တွေ လိမ်နေတာ ခင်ဗျား ငွေတင်ပြီး ခေါ်ရင် ကုန်မှာပဲ"
"နေအုံးကွ ငါ့လူတွေ မေးကြည့်မယ်"
သူဖုန်းတွေ လှည့်ပတ် ဆက်ပါတယ် ။ လေးဦးလောက် ဆက်ပြီးတော့ အဖွဲ့ တဖွဲ့ ရောက်နေပါသတဲ့ ။ သူတို့ စိတ်ဝင်စားတယ် လာခဲ့မယ်တဲ့ ။ ညတွင်းခြင်း လာကြပါတယ် ။ ပရိုဘောက်နဲ့ လာတာဗျ ။
လူသုံးယောက်ပါလာပါတယ် ။ တယောက်က ကိုမောင်ညိုတဲ့ နောက်တယောက်က ကရင်ကြီးတဲ့ (DKBA က) နောက်ဆုံးတယောက်က နာမည်မသိတော့ဘူး မရပ်မြင့်မြင့်နဲ့ စိုးမြတ်သူဇာမောင်လို့ ပြောပါတယ် ။ သူတို့လာတော့ ညှိရပါတယ် ။
ဦးမြင့်ဆွေ က တခါစမ်းပြီးပြီဆိုတော့ ဒီတခါ ထပ်စမ်းပြီး အရောင်းအဝယ် တည်မပေးနိုင်ရင် မကောင်းဘူးဆိုတော့ သူတို့ စိတ်တိုင်းကျ စမ်းပြီးရင် ၅ သိန်းပေးမယ်တဲ့ ။ ဦးမြင့်ဆွေက လူလိမ်တွေဆီ ပြောတော့ သဘောတူပါတယ် ။ နောက်တနေ့ ရမည်းသင်း အနောက်ဖက်နားက စပျစ်ခြံထဲ ခြိမ်းပါတယ် ။
စပျစ်ခြံထဲမှာ ပစ္စည်း စမ်းခါနီးတော့ DKBA က တယောက်ကို လူလိမ်တွေက ရဲ နဲ့ တူတယ် ဘာညာဆိုပြီး ပေးမစမ်းဘူး ။ စိုးမြတ်သူဇာရဲ့ မောင်ရယ် ကိုမောင်ညိုရယ် နှစ်ယောက်ထဲ သွားစမ်းပါတယ် ။ အိမ်ထဲမှာ ဓါတ်မီးစမ်းပြီး ဆိုင်ကယ်ကို စမ်းပြပါတယ် ။
သူတို့အဖွဲ့လည်း အလွန်သဘောကျသွားပါတယ် ။ ဒါနဲ့ တိုတိုပြောရမယ်ဆိုရင် ၅ သိန်းပေးခဲ့ပါတယ် ။ ဘယ်စျေး ပေးသလဲ သိလားဗျ ။ တရုပ်လုံးကို သိန်း ၅၀၀ တဲ့ ။ ပွဲခ ၂၀% နုတ်အုံးမတဲ့ အဝယ်သမားတွေ ပေးတဲ့ စျေးနော် ။ အဲဒီဂုဏ်သတ္တိအမှန်ဆိုရင် တစ်ကျပ်သားကို $ 4 သန်း ရှိပါတယ် ။
စျေးဘယ်လောက်နှိမ်ထားသလဲ ကြည့်နော် ။ ဒါနဲ့ ပြန်သွားကြပါရော ။ လူလိမ်တွေက ကျနော်ကြောင့် ရတယ် ထင်နေကြပါတယ် ( အမှန်က ဦးမြင့်ဆွေ ခေါ်လိုက်တာပါ ကျနော်လည်း ချော်လဲ ရောထိုင် ပြောလိုက်ပါတယ်)
နောက်တရက် စစ်ဆေးမဲ့ ပညာရှင် လာပါပြီ ။ ချိန်းထားတဲ့ နေရာကို အုပ်စုလိုက်သွားကြပါတယ် ။ စပျစ်ခြံ နောက်ထပ်တခြံပါပဲ ။ ပညာရှင်ဆိုသူကို ကြည့်ပြီး ကျနော့်ကို ခေါ်ပြောပါတယ် ။
"ကိုမျိုး ဒီပညာရှင်နဲ့ဆို အဆင်မပြေဘူး"
"ဘာဖြစ်လို့လည်း"
"အရင်တခါ လိမ်ဖူးတယ် "
"ဘယ်လို လုပ်မလည်း "
"ပြန်မယ်ဗျာ ခင်ဗျား ကျနော်တို့ရွာ လာခဲ့လိုက် ရော့ လိပ်စာ ဖုန်းဆက်လိုက်"
လူလိမ်တွေ ဟိုဟာ အကြောင်းပြ ဒီဟာ အကြောင်းပြ နောက်ဆုံး ငွေပြရမယ် ငွေမပြရင် ထပ်ပြီး ပေးမစမ်းတော့ဘူးလို့ ပြောပါရော ။ ဒီလိုနဲ့ သူတို့ အုပ်စုလည်း တိုင်ပင်ကြပါတယ် ။ ပရိုဘောက် ရောင်းပြီး ငွေပြမယ်တဲ့ ။ ကျနော်က တားလိုက်ပါတယ် ။ နောက်မှ ပြန်လာပါ ဒီလူတွေကို ထိမ်းထားပါ့မယ် ဆိုပြီး ပြန်ခိုင်းလိုက်ပါတယ် ။
ဒီရွာကို သွားဖို့ ဦးမိုးနဲ့ တိုင်ပင်ကြပါတယ် ။ ဦးမိုးက ကျနော် တယောက်တည်းလည်း စိတ်မချ သူလည်း မလိုက်နိုင် ဖြစ်နေပါတယ် ။ ဆွေးနွေးနေတော့ ပွင့်ဖြူက ကိုလင်းက သူလိုက်ခဲ့မယ်တဲ့ ။ လေးရက်လောက် အတူနေရတော့ ရင်းနှီးနေပြီလေ ( ဒါပေမယ့် လူလိမ်မှန်း မသိသေးပါဘူး) ။
ဒါနဲ့ ကျနော်တို့ နှစ်ယောက် သူတို့ ပြောတဲ့ ရွာကို သွားကြပါတယ် ။ (ရွာ အမည် လူအမည်တွေ မရေးတော့ပါဘူး ကိုလင်းကလည်း အမည်မှန်မဟုတ်ပါဘူး ကျနော့်အတွက် အန္တရာယ်များလို့ပါ )
ဒီလိုနဲ့ သွားလိုက်တာ အမြန်လမ်းပေါ်က ရွာဆီကို ရောက်ခဲ့ပါတယ် ။ လူလိမ်အုပ်စုဟာ အလွန်လှိုက်လှဲစွာ ကြိုဆိုနေပါတယ် ။ နှစ်ထပ်အိမ်ပေါ်မှာ တည်းကြရပါတယ် ။ ဝိုင်းအကျယ်ကြီးထဲမှာ နောက်ထပ် အဆောက်အဦးအသစ် ဆောက်လက်စရှိပါတယ် ။
သူတို့က အဖွဲ့လိုက်ပဲဗျ ။ အဖွဲ့သားတွေလာပြီး နုတ်ဆက်ကြပါတယ် ။ ထမင်းတွေဘာတွေ ကျကျနန ကျွေးပါတယ် ။ နောက်ပြီးတော့ သူတို့ လိမ်ခဲ့တဲ့ အကြောင်းတွေ ပြန်ပြော ပြပါတယ် ။
ရပ်စောက်အဖွဲ့တွေ အလိမ်ခံရတဲ့ ညာတင်ကုတ်ရယ် မန္တလေးက မိတ်ဆွေကြီး ကိုပေါ အလိမ်ခံရတဲ့ ညာတင်ကုတ်ရယ်ဟာ ဒီအုပ်စုလက်ချက်ပါပဲ ။ လိမ်နည်းကို ပြောပြပါတယ် ။ စပုတ်တံကတော့ ထင်ခဲ့သလိုပါပဲ ဖြတ်ပြီး ပြန်ဆက်ထားတာ နဲ့ လဲတာပါပဲ ။ မီးစွဲအောင် လုပ်တာကလည်း ဆီနှစ်မျိုး စပ်ပြီး လုပ်တာပါ ။ ( မသမာသူတွေ သိမှာစိုးလို့ မရေးပြတာ နားလည်ပေးပါ)
ကျနော်ကသာ မလိမ်ချင်တာဗျ ကိုလင်းကတော့ တကယ်လိမ်ချင်တဲ့ သူဆိုတာ ကျနော် သိလိုက်ရပါပြီ ။ သူ့ရဲ့ အသိတွေဆီကို ဖုန်းတွေဆက်ပြီး ခေါ်ပါတယ် ။ သူတို့တတွေ ကျနော်ရှိနေတုန်း ပထမဆုံး သံစားကျောက်အတု လုပ်တာ တွေ့ရပါတယ် ။
သစ်တုံးတွေမှာ ခဲခြစ်တဲ့ ခဲတံအပြားကြီးကနေ ခဲသားတွေ သီးသန့် ယူပါတယ် ။ နောက် အခြားပစ္စည်းတွေနဲ့ ရောစပ်ပြီး လေးလက္မ သံ အတု လုပ်ထားပါတယ် ။ နောက် အင်္ဂလိပ်ဆေးတွေ ရောကျိတ်ပြီး အမှုံ့လုပ်ပါတယ် ။ ကျောက်တုံးတစ်တုံးကို ဆံပင်နက်ဆေး ဆိုးပြီး မီးဖုတ်ပါတယ် ။
အားလုံး စမ်းသပ်ပါတယ် ကျနော်တို့လည်း လေ့လာရပါတယ် ။ သံတင်မယ့်သူက လက်လှည့်တတ်ပါတယ် သံခြင်း လဲတတ်ပါတယ် ။ လက်ဖဝါးဖြန့်ထားရင်း လေးလက္မသံ ပြုတ်မကျအောင် ထားတတ်ပါတယ် ။ နောက်ကျောက်တုံးပေါ်ကို သံအတု တင်လိုက်ပါတယ် ။
သံအတုဟာ ၂ မိနစ်အတွင်း အရည်ပျော်သွားပါတယ် ။ အနားကပ်မရပါဘူး အင်္ဂလိပ်ဆေးတွေ ရောစပ်ပြီး အမှုံ့လုပ် ဖြူးထားတာ အငွေ့ထွက်ပါတယ် (သံအတုပျော်တဲ့ အချိန်မှာပါ) အဲဒီအငွေ့က ရှူမိရင် အရေပြားမှာ အဖု အပိမ့်တွေ ထွက်လာပါတယ် ( သာမန်အိမ်သုံးဆေးတွေပါ မြန်မာငွေ ၂၀၀ိ/ ဖိုးပဲ ကုန်ကျပါတယ် )
ကဲ ကျနော်တို့ ပထမဆုံး အလိမ်ခံခဲ့ရတဲ့ ဖြူးမြို့က လူလိမ်တွေ ဒီနည်းနဲ့ လိမ်သွားတာပါ ။ သူတို့ ပြင်ဆင်ပြီး ရမည်းသင်းကို ထွက်သွားကြပါတယ် ။ ကျနော်တို့ကို မခေါ်ပါဘူး ပိပိရိရိ လိမ်ရမှာဆိုတော့ ဆရာကြီးအဆင့်တွေပဲ သွားကြပါတယ် ။
ညနေပြန်လာတော့ အဆင်ပြေကြောင်း နောက်တနေ့ ငွေကျပြီဖြစ်ကြောင်း ပြောပါတယ် ။ ကျနော်က မေးပါတယ် သူတို့ခေါင်းဆောင်ကြီးကိုပေါ့
"မန္တလေး ရန်ကုန် တက်လိမ်ရင် ငွေတွေ အများကြီးရမှာ မသိဘူးလား"
"ကိုယ့်နယ်ကလွဲရင် မသွားဖူးဗျ"
"ဘာဖြစ်လို့လည်း"
"လိမ်လာတာ ကြာပြီဆိုတော့ ဘိမ်ဖူးသူတွေနဲ့ တွေ့ရင် အဖမ်းခံရနိုင်တယ်လေ ဒီနယ်ကတော့ ကိုယ့်နယ်ဆိုတော့ ရှောင်လို့ တိမ်းလို့ ရတယ်လေ"
"ကြာရင် ဘယ်လာရဲမလဲဗျ"
"လောကကြီးမှာ လူအမကုန် လူကုန်မအ တဲ့ဗျ"
"အဓိပ္ပါယ်က"
"လောကမှာ ကျုပ်တို့လိမ်ဖို့ လူအတွေ မကုန်နိုင်အောင် ရှိတယ် ဒီလိုပဲ ကုန်သွားတဲ့ လူဆိုရင်တော့ မအတော့ဘူးလေ "
"သြော် ဒါလည်း ဟုတ်တာပဲ "
"ဒီမယ် ကိုမျိုး ကျုပ်တို့နဲ့သာ ပေါင်းလုပ်စမ်းပါ အရင်ကုန်ထားတာတွေ ပြန်ရပါမယ်"
"အေးဗျာ စိတ်ဝင်စားပါတယ်"
"ခင်ဗျား ရုပ်နဲ့ဆို လုပ်စားလို့ အလွန်ကောင်းတယ်ဗျ "
"အေးဗျာ ခင်ဗျားတို့ ပညာက ယုံကြည်လောက်ရင် ပူးပေါင်းတာပေါ့ ကျနော့်ဆီမှာ ဂန်ကြောင် သူဌေးတွေ အများကြီးပါ"
"အေးဗျာ ကျုပ်တို့ လုပ်ကွက်တွေ ပြပေးပါ့မယ် "
"ကဲ ဗျာ မနက်ဖြန် အောင်မြင်ပါစေ အိပ်ကြစို့"
နောက်တနေ့ ရွာရဲ့ အနောက်ဖက် ကုန်းပေါ်မှာ အလုပ် လုပ်ကြပါတယ် ။ အဝယ်က ဘယ်သူတွေလည်း ဆိုတော့ KNU ကလို့ ပြောပါတယ် ။KNU တွေက သူတို့ဘာသာ သူတို့ တော့ လည်တယ် မိုက်တယ် ထင်မှာပဲဗျ ။ ဒီလူလိမ်တွေက ပိုမိုက်တယ်ဗျာ ။ ကျနော်တည်းတဲ့ အိမ်ပေါ်မှာပဲ သိန်း ၅၀ လက်ခံရဲတယ်ဗျ ။
ပြဿနာ တက်ရင် ဘယ်လို လုပ်မလဲ ဆိုတော့ အေးဆေးပါတဲ့ ။ နောက်တရက်မှာပဲ မနက်အစောကြီး အိမ်ဝိုင်းထဲကို ကားနှစ်စီး နဲ့ လူ ၁၅ ယောက် ဝုန်းဒိုင်းကြဲ ပြီး ဝင်လာပါတယ် ။ လူသုံးယောက်က သေနတ်တွေ ကိုင်ထားပါတယ် ။ နောက် အလွန်အရပ်မြင့်တဲ့ လူက အော်ပြောပါတယ်
"ဟေ့ လူလိမ်တွေ ထွက်ခဲ့စမ်း"
ကျနော် နဲ့ ကိုလင်း ချွေးပြန်နေပါပြီ ။ အဲဒီအချိန်မှာပဲ ရွာလူကြီးရောက်လာပါတယ် ။ သူက အေးအေးလူလူ ပဲ မေးပါတယ်
"ဘာဖြစ်တာလည်း ကျုပ်က ရွာ ဥက္ကဌပါ"
"အတော်ပဲ ဒီလိုဗျ..........!"

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)