သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၄)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၄)
"ဟေ့ တရုတ် ငါ့တူဘယ်မှာလဲကွ"
"မင်းတူ ထွက်ပြေးတယ်လေ မင်းတို့ ပေးလိုက်တဲ့ မိုးကြိုးသွားက အတုကြီး မင်းတို့ လူလိမ်တွေ"
"ကဲ ကဲ ဖြစ်စဉ်လေး ပြောပါအုံး"
(ပါလာတဲ့ ရဲက ပြောတာပါ)
"ဒီတရုတ်က မိုးကြိုးသွား လာဝယ်ပါတယ်"
"အင်းပြောဗျာ ဒီတော့ ဘာဖြစ်လည်း"
"သိန်းငါးရာ ပေးမယ်ပြောတယ် "
"အင်း ဆက်ပြော "
"တခြားမှာ သုံးကြိမ်စမ်းတယ် နောက်တနေ့ ဒီအိမ်မှာ သုံးကြိမ်ထပ်စမ်းတယ် အိမ်နားကလူတွေ အားလုံး သိတယ်"
(အားလုံးက ဟုတ်မှန်ကြောင်း တယောက်တပေါက်ထောက်ခံကြပါတယ်)
"ကဲပါဗျာ ဆက်ပြောပါ"
"အဲလို စမ်းပြီးမှ ရန်ကုန်ကို ပစ္စည်း ယူသွားပြီး ရောင်းပြီးမှ ငွေချေမယ်လို့ ပြောတယ်ဗျ"
"ဒီတော့ "
"သူ့လည်း မယုံလို့ စရံတောင်းတော့ သိန်း ၃၀ ပေးပြီး ကျုပ်တူပါ ခေါ်သွားတယ်လေ"
"အင်း ဘာဆက်ဖြစ်လဲ"
"ကျုပ်တူဆီ ဖုန်းဆက်တာ မရတော့ဘူး ဒီတရုတ် လူသတ်ပြီး ပစ္စည်းယူထားသလား စိုးရိမ်နေတာ"
"ဟုတ်ပြီ ကဲ ကိုတရုတ်ပြော"
"သူပြောတာ အမှန်ပဲ ဒါပေမယ့် မိုးကြိုးသွားက အတုကြီး ဒီမှာကြည့်"
(မိုးကြိုးသွားကို ထုတ်ပြပါတယ်)
"သူ့တူကရော"
"မသိဘူး ရန်ကုန်ရောက်တော့ ဟိုတယ်ပို့ထားရာက ပျောက်သွားတာပဲ"
"ကဲ ဒါ ခင်ဗျား ရောင်းလိုက်တဲ့ မိုးကြိုးသွားလား"
"ဒါမျိုးကို ဘယ်နေရာပဲ လုပ်လုပ် အလွယ်တကူ လုပ်ရတာလေ ဘယ်သိမလဲ သူ့ကို မျက်စိပိတ်ပြီး ရောင်းလိုက်တာ မဟုတ်ဖူး ကျုပ်တူ သတ်ပြီး ပစ္စည်း အပိုင်စီးချင်လို့ လုပ်တာဖြစ်မယ် ဟေ့ကောင် တရုတ် ငါ့ မိုးကြိုးသွားအစစ် ပြန်ပေး ရော့ မင်း သိန်း ၃၀ "
ပါလာတဲ့ ရဲလည်း အူချာပေါက်သွားပါပြီ ။ တရားလို တရုတ်လည်း တရားခံ ပြန်ဖြစ်ပါပြီ ။ အံမယ် ရွာ လူကြီး အပါအဝင် ရွာသားတွေက တရုတ်ကို ဖမ်းပြီး စစ်ပေးဖို့ ရဲအရာရှိကို တောင်းဆိုကြပါတယ် ။ ကိုရွှေသီးကို ရွာဥက္ကဌက တာဝန်ယူ အာမခံပါသတဲ့ ။ ကိုင်း ပြဿနာ လာရှာတဲ့ ကိုတရုတ်ကို သူငွေပေး ခေါ်လာတဲ့ ရဲကပဲ ပြန်ဖမ်းရမလို ဖြစ်သွားပါတော့တယ် ။ ရဲအရာရှိက တောင်းတောင်းပန်ပန်နဲ့ တရုတ်ကို ပြန်ခေါ်သွားရပါတယ် ။
ဟဲ ဟဲ အဲဒီလူလိမ်တွေ ပြောပေါက်ဆိုပေါက် နဲ့ အထာကျပုံကြည့်ပြီး အထင်မကြီးပါနဲ့ ။ စာမတတ်တဲ့သူ အများကြီး ပါ ပါတယ် ။ နေ့တဒူဝ လိမ်ဖို့ ကောက်ဖို့ ကြံစည်နေသူတွေဆိုတော့ သူတို့ ဦးဏှောက်ကိုက အမြဲ သွေးနေတဲ့ ဒါးတွေလို ထက်နေတာဗျ ။
နောက်နေ့ မနက် ရန်ကုန်ပါသွားတဲ့လူ ပြန်ရောက်လာပါတယ် ။ ထုံးစံအတိုင်း ရွာထဲမှာ အောင်ပွဲ ခံနေကြလေရဲ့ ။ လူတွေက အများကြီး ခွဲယူကြတာ ဆိုတော့ တယောက် တယောက် ဘယ်လောက်မှ မရကြပါဘူး ။ ထမင်းစားနေရယုံပါပဲ ။ အမြဲလို ငွေ မရှိဖြစ်နေတာလည်း ကံ ကံ၏ အကျိုးလို့ ဆိုရမယ်ဗျ ။ ကိုရွှေသီးဆီက ဒဿန တခု ရပါသေးတယ် ။ သူနဲ့ စကားပြောရင်း မေးမိတာပါ
"ကိုရွှေသီး ဒီပစ္စည်းတွေ ဘယ်လောက်တန်တယ် ဆိုတာ သိလားဗျ"
"လေနဲ့ ဝယ်နေတာကတော့ သိန်းပေါင်း သောင်းချီနေတာပေါ့ သိပါတယ်"
"အခု ခင်ဗျားတို့ တောင်းလိုက်ရင် သိန်း ၅၀၀ ထက် ပိုမတောင်းဘူးနော်"
"ဒါမှ တောသားတွေ ဘာမှ နားမလည်ဘူး ထင်မှာပေါ့"
"အခု တရုတ်ကို ဘာလို့ ၃၀ ပဲ တောင်းလိုက်တာလဲ ၁၀၀ ဆိုလည်း မဖြစ်မနေ ပေးမယ့်သဘော ရှိပါတယ်"
"လူကဲခတ်ပြီး ရိုက်ရတာဗျ"
"အင် ဘယ်လို လူကဲခတ်တာလဲ"
"ခင်ဗျားကြားမှာပါ တလောတုန်းက ခိုင်သင်းကြည်ဆီက ကိုသက်တို့ အုပ်စု ၂၀၀ ရိုက်သွားတာ"
"သိတယ်ဗျ"
"အဲဒီမင်းသမီးက ၂၀၀ လောက်ကို လူသိမခံပဲ ကြိတ်ပြီး ခံနိုင်တဲ့ အတန်းဗျ သူက သူဌေးမင်းသမီးလေ အဲဒီနေရာမှာ လူကြမ်း နိုင်လူသာ ဖြစ်ကြည့် ၃၀ ထက် ပိုမရိုက်ဖူး သူက ၂၀၀ ဆို ဘဝပျက်ပြီး ရမ်းတော့မှာလေ ဒီလိုကြည့်ရတယ်ဗျ"
"ဒါဆို မနေ့က တရုတ်ကို ဘာကြည့်ပြီး ၃၀ ပဲ ရိုက်တာတုန်း"
"စီးလာတဲ့ ကားကြည့်လေ ငှားစီးလာတာဗျ ကျုပ်က ဒရိုင်ဘာကို မေးပြီးသား ၁၀၀ တန် ကားမစီးနိုင်တဲ့သူဆီက ၁၀၀ လိမ်ရင် သူလည်း ဘဝပျက် ကိုယ်လည်း မလုံခြုံတော့ဘူးလေ"
ကဲ ဒီလို လူတွေဆီက ဒါမျိုး အတွေးအခေါ်တွေ ရှိနေတာ အံ့သြစရာပဲ ။ ဒါကြောင့်လည်း ဒီလူတွေ နှစ်ပေါင်းများစွာ လိမ်စားလို့ ရနေတာပေါ့ ။
ဒီပြဿနာ ပြီးတော့ ရွာထဲက ကျန်တဲ့ အဖွဲ့တွေကလည်း မိတ်လာဆက်ပါတယ် ။ သူတို့အတွက်လည်း ဖားဆွဲပေးဖို့တဲ့ ။ သံဝေဂ ရစရာတွေ တွေ့ရပါတယ် ။ ဒီလောကမှာ ရနိုးနိုးနဲ့ ကျင်လည်နေရင်း မိသားစုနဲ့ တကွဲတပြားတွေဖြစ်တဲ့ သူတွေရယ် စားရမဲ့ သောက်ရမဲ့နဲ့ ဒီလို လူလိမ်တွေနဲ့ စိတ်ရောကိုယ်ပါ ပေါင်းသင်းပြီး လိမ်မှ စားနေရတဲ့ လူလိမ်နောက်မှီးဆွဲ ဘဝ ရောက်နေရတဲ့ တချိန်က လူရိုးလူကောင်းများစွာကို တွေ့ရတာပါပဲ ။ ( ကျနော်ရေးရတဲ့ ရည်ရွယ်ချက်က အဲလို လူတွေ မဖြစ်ပေါ်စေရေး ရည်ရွယ်ပါတယ်)
ဖားဆွဲဆိုတာ မိမိကို ယုံကြည်သော မိတ်ဆွေတွေကို ဘယ်နေရာမှာ ဘာပစ္စည်းတွေ့ခဲ့တယ် ။ သူကိုယ်တိုင်စမ်းပြီးသား ပစ္စည်း မှန်တယ် လိုက်ပြီး စိတ်တိုင်းကျစမ်း မှန်ပြီဆိုမှ စရံငွေ ချ စျေးကလည်း မုန့်ဖိုး ပဲဖိုးနဲ့ ရမှာဆိုပြီး ကျုံးသွင်း ပေးရသူပါ ။ (သတိထားရမှာ အဲလိုလူတွေပါ )
ဒီလိုနဲ့ နေလာရင်း စလင်းဖက်က ဖားဆွဲတယော ညွှန်လို့ဆိုပြီး ကြေးနက် ဝယ်ချုတဲ့သူတယောက်က ဆက်သွယ်လာပါတယ် ။ ကြေးနက်အတွက် ပြင်ဆင်ကြပါတယ် ။
ဆန်ကပ်ရမယ် ဓါတ်မီးငြိမ်းရမယ် ဖယောင်မီး ငြိမ်းရမယ်တဲ့ ။
ဆန်ကပ်ဖို့အတွက် တစ်ဆယ်ဆီ ( ထရန်စဖာ ထဲ ထည့်သောဆီ) ရပါပြီ ။ ဓါတ်မီးကတော့ အဆင်သင့်ပါပဲ ။ ဖယောင်းတိုင်မီး ငြိမ်အောင် မလုပ်တတ်ပါဘူး ဒါပေမယ့် ဂါတ်မီးခြစ်ကို အောက်ကထားပြီး ဖယောင်းတိုင်မီး ထွန်းရင် ဂါတ်ကုန်သွားအောင် လုပ်တတ်ကြပါတယ် ။ အဲလို စမ်းမယ်ဆိုတော့ ဝယ်လက်ကလည်း ရတယ်တဲ့ ။ နောက်ဆုံး အရေးကြီးတဲ့ အရုပ် လိုပါပြီ ။
ပုဂံညောင်ဦးတို့ အင်းလေးတို့မှာ လမ်းဘေးချရောင်းနေတဲ့ ကြေးရုပ်တွေ ရှိပါတယ် ။ အဲဒီကြေးရုပ်ယူလာပါတယ် ။ ခက်တာက ကြေးက အနက်မဟုတ်ဖူး ကြေးနီ ဖြစ်နေတယ် ။ အံမယ် ကိုယ်ကသာ ခက်တာပါ ကိုယ်တော်ချောတွေက အေးအေးဆေးဆေး ပါပဲ ။
အဲဒီ အရုပ်ကို ကျွန်းသားမီးမှာ ကျွတ်စရှို့ပြီး မှိုင်းတိုက်ပါတယ် ။ သဘာဝကြေးအနက်လို နက်သွားပါတယ် (ဆေးသုတ်လို့ နက်တာ ခွဲခြားရပါတယ် ယခုနည်းက ဒါးနဲ့ ခြစ်မကြည့်ရင် မသိပါဘူး)
ကဲ ပစ္စည်း စုံပါပြီ ချိန်းတဲ့ ဆီသွားပြီး ပစ္စည်း အစစ်ခံပါတယ် ။ ပညာမစုံတဲ့ လောဘသားတွေကို လွယ်လွယ်ပဲ လိမ်ခဲ့ ကြပါတယ် ။ လာစစ်ဆေးတဲ့ ကြားပွဲစားက သူတို့ကို စောင့်နေပါဆိုပြီး ငွေ ငါးသိန်း နဲ့ သူ့လူတယောက် ထားခဲ့ပါတယ် ။ သူက ရန်ကုန်ကို တက်ပြီး ဝယ်မဲ့ သူဌေးကို ငွေ သိန်း ၂၀ တင်ပြီး ခေါ်လာပါတယ် ။
ကိုရွှေသီးဆီ ဖုန်းဝင်လာပါတယ် ။ မေးကြည့်တော့ အဆင်ပြေပြီတဲ့ လာမယ့် ပညာရှင်က သူ့လူတဲ့ ထပ်ရိုက်မယ်လို့ ပြောပါတယ် ။ ကဲ အရောင်း နဲ့ အဝယ် ကြားမှာ လောဘအိုး ကြားပွဲစား ဘယ်လို ညှပ်မလဲ တချက် ကြည့်ကြပါစို့ .......!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment