သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၃)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၃)

"ဒီအိမ်က လူတွေက ပစ္စည်း လိမ်ရောင်းလို့ပါ"
"ဘာပစ္စည်းလဲ"
"သံစားကျောက် အတုရောင်းလို့"
"ဟာ ဒါတွေတော့ ကျုပ်နားမလည်ဘူး ဟေ့ ကိုရွှေသီး(အမည်လွဲ) လာပြီး ရှင်းအုံးလေ"
(အိမ်ရှင်လူလိမ်က ခပ်တည်တည်ပဲ လူကြီးဆီသွားပါတယ်)
"ဥက္ကဌကြီးရေ သူတို့ဘာသာ အရောင်းအဝယ် လုပ်တာဗျ ကျုပ်လည်း ဘာမှ သိတာ မဟုတ်ဘူး"
"ဟေ့ လူ ဗြောင်မလိမ်နဲ့ ခင်ဗျား အိမ်ပေါ်မှာ ငွေပေးလိုက်ရတာ "
"အေးလေ ခင်ဗျားတို့က လမ်းဘေးမှာ စာချုပ် မချုပ်ချင်ဘူး ဆိုလို့ ကျုပ်က စေတနာ နဲ့ ကျုပ်အိမ်ခေါ်လာပေးတာ"
"ဒါဆို ပစ္စည်းရှင်ရော "
"ကျုပ်မသိဘူး မောင်နိုင်ခေါ်လာတာ "
"မောင်နိုင်က ဖားကန့်သွားပြီ မနေ့ညက ထောက်ခံစာ လာယူသွားတယ်"
(ဥက္ကဌက ဝင်ပြောတာပါ)
"ဘာပဲ ဖြစ်ဖြစ် ဒီလူလည်း ပါတယ် သူ့ကို ဖမ်းသွားမယ်"
"သေနတ်တွေနဲ့ ခင်ဗျားတို့က ဘာတွေလည်း အစိုးရ အရာရှိတွေလား"
"တို့က ငြိမ်းချမ်းရေး ယူထားတဲ့ KNU က ကွ"
"ဒါဆိုလည်း တရားစွဲပေါ့ဗျာ ဒီအတိုင်း ခေါ်သွားလို့ ဘယ်ရမလဲ"
အဲဒီလို ပြောဆိုနေတုန်းမှာပဲ ရွာထဲက လူတွေ တဖြေးဖြေး များလာပါတယ် ။ ဖုန်းတွေနဲ့ video တွေရိုက်သူက ရိုက် နဲ့ လုပ်နေကြပါတယ် ။ KNU ဆိုသူတွေလည်း အချင်းချင်း တိုးတိုး တိုးတိုးပြောပြီး ရွာကလူတွေကြည့်ကာ ပြန်သွားကြပါတယ် ။
ကျနော်တို့လည်း အံ့သြမိပါတယ် ။ ဒီလူလိမ်တွေဟာ ဘာဖြစ်လို့များ ဒီလောက်ရဲတင်း အတင့်ရဲနေသလဲ စဉ်းစားစရာပါပဲ ။ လူတွေ ပြန်သွားမှ အိမ်ရှင် လူလိမ်ကိုရွှေသီးကို မေးကြည့်ပါတယ် ။
"ဆရာကြီး ပိုင်လှချည်လားဗျ"
"ရိုးနေပါပြီဗျာ"
"ရွာလူကြီးက မသိဘူးလားဗျ"
"သိတာပေါ့ သူတင်မကဘူး ဒီနားက အပိုင်ရဲစခန်းကလည်း သိတာပဲ"
"ဗျာ သူတို့က ဘာမှ မလုပ်ဖူးလား"
"ပွဲတပွဲ အောင်ရင် သူတို့လည်း ဝေစုရတယ်လေ ဒီတော့ ဒီနယ်မှာ အေးအေး ဆေးဆေးပါ"
(2013. ခုနှစ်ထိ ဒီအတိုင်းပါပဲ ယခုတော့ မသိပါဘူး)
ကဲ ဒီရွာရဲ့ ထူးခြားချက်က အဲဒီလိုဗျ ။ တနေ့ ကိုသိန်းတင် ဆိုတဲ့ လူလိမ်က ကိုရွှေသီးဆီ အလည်လာရင်း ပိုက်ဆံ ၃၀၀၀၀ိ/ ပေးသွားတယ်ဗျ ။ ဝိုင်းထဲက ကလေး လူကြီး အကုန်လုံးကိုလည်း တစ်ထောင်စီ နှစ်ထောင်စီ လူကြည့်ပြီး ပေးသွားပါတယ် ။ ကျနော်မေးကြည့်တော့ ကိုရွှေသီးကပြောပါတယ် ကိုသိန်းတင် ပွဲအောင်လို့တဲ့ မုန့်ဖိုး လည်ပြီး ပေးနေတာဆိုပဲ ။
လိမ်လို့ရတဲ့ အထဲကနေ မုန့်ဖိုးသဘော ကလေးလူကြီး လိုက်ပေးနေတာဗျ ။ အဲဒီရွာမှာ အဓီက လိမ်တဲ့ အဖွဲ့ ၈ ဖွဲ့ ရှိပါတယ် ။ ( အခုဆို ပိုပြီး များနေရောပေါ့ ) ဒီတော့ ဆွေမျိုးသားချင်းတွေချည်း ဖြစ်နေတာပေါ့ ။ အလိမ်ခံရသူလာပြီး ပြဿနာ ရှာပြီဆိုရင် တရွာလုံးထွက်ပြီး ရပ်တည်ပေးတယ်ဗျ ။
ဥပမာတခု ပြောပြမယ် လူလိမ်တယောက်က လိမ်သွားလို့ ဒီရွာကို လိုက်လာပြီး စုံစမ်းကြည့် ။ အဲဒီလူလိမ်ရဲ့ နာမည်ကို မေးကြည့် သုံးနှစ်သား ကလေးကနေ သေခါနီး အဖိုးကြီး အဖွားကြီးတွေအထိ အဲဒီလူကို မသိဖူး မရှိဖူးပဲ တညီတညာတည်း ဖြေပါတယ် ( ထွေထွေထူးထူး ပိတ်ထားတာ မဟုတ်ဖူးနော် သူတို့ရဲ့ ပင်ကိုယ် အသိ ကိုယ်စီ ကိုက ကြောက်စရာကောင်းတာ)
ဒီပြဿနာ ပြီးတော့ ၅ ရက်လောက်အကြာမှာ ကိုလင်းက နောက်တယောက် ထပ်ခေါ်ပါတယ် ။ (သူက လူခေါ်ပေးလေ ကျနော်တို့ကို ဖူးဖူးမှုတ်လေပေါ့ နောက်ပြီး ကျနော်က ဝေစုမပေးပါနဲ့ ပညာပဲ ပေးပါဆိုတော့ ပိုပြီး သဘောကျတာပေါ့) ။ ဒီတခါ လူတိုင်း သိနေတဲ့ မိုးကြိုးသွားပါ ။
မိုးကြိုးသွားရဲ့ အစွမ်းတွေက အများသိထားသလို လျှပ်စစ် ( AC / DC) ပြတ်ရမယ် | ရေနွေးပွက်ပွက်ဆူထဲ မိုးကြိုးသွားကိုင်ပြီး လက်နှိုက်ရင် မပူရဘူး | ရေခွက်ထဲမှာ ရေတဝက်ပဲထည့်ပြီး မိုးကြိုးသွားထည့်လိုက်ရင် ရေအပြည့်ဖြစ်လာတာမျိုးတွေ ရှိပါတယ် ။ သူတို့က သုံးမျိုးစမ်းပြပါတယ် ။ ဓါတ်မီး ပြတ်ရမယ် | TV ပြတ်ရမယ် | ရေနွေးထဲလက်နှိုက်ပြမယ် ဒီသုံးမျိုးနဲ့ စမ်းပါတယ် ။
အိမ်မှာပဲ အတုကို ပြင်ဆင်ကြပါတယ် ။ ဓါတ်မီးငြိမ်းဖို့ နည်း ၃ ခု ရှိပါတယ် ။
ဓါတ်ခဲကို ပြုပြင်ထားခြင်း
ဓါတ်မီးဖင်ပိတ်ကို ပြုပြင်ထားခြင်း
ရီမုကွန်ထရိုးဖြင့် မီးပြတ်စေခြင်း (ဒီနည်းက မီးကို တဖြေးဖြေး မငြိမ်းစေပါဘူး မီးခလုတ်ပိတ်သလို ဖျက်ကနဲ ငြိမ်းသွားလို့ ဝယ်သူအကြိုက်နည်းပါတယ်)
အများဖြင့် အဝယ်တွေမှာ ကိုယ်ပိုင်ဓါတ်မီး ပါလာတတ်ပါတယ် ။ အဲဒီဓါတ်မီးကို လူလိမ်တွေက မယုံဘူး စစ်ဆေးမယ် ဘာညာ နဲ့ ဂွင်ဖန်ပါတယ် ပြီးမှ လက်လှည့်သမားက ဓါတ်ခဲ ခြင်း လဲပါမယ် ။ ဓါတ်ခဲက အမျိုးအစား အစုံရှိပါတယ် ။ ဘယ်လိုမှ ရှာမရတဲ့ ရှားပါးဓါတ်ခဲဆိုရင် ဖင်ပိတ်လဲပါ့မယ် ။ ( ကျားခေါင်းဓါတ်မီးနဲ့ ရှေးခေတ်ဖန်သီးသုံးတဲ့ ဓါတ်မီးနဲ့ပဲ စမ်းကြပါတယ် LED မီးသီး မသုံးပါဘူး ဒီတော့ ကျားခေါင်း ဖင်ပိတ်ဆိုတာ အားလုံး ဆိုဒ်အတူတူ ဖြစ်နေပါတယ်)
နောက်ရေနွေးကတော့ သူတို့ ဆီမှာ ပေါင်းအိုးရှိတယ်ဗျ ။ အဲဒီမှာ ထည့်ပြီး ရေနွေးကြိုရင် ချက်ခြင်းပဲ ရေနွေးက ဆူပွက်လာပါတယ် ။ အငွေ့တထောင်းထောင်းနဲ့ ပွက်ပွက်ဆူနေပေမယ့် ရေနွေးက နွေးယုံလေးပဲပူပါတယ် ။ (ကျနော့်အထင် အမြင့်ပေ သောင်းချီမြင့်တဲ့ တောင်တွေမှာ လေဖိအားနည်းတတ်ပါတယ် အဲဒီဒေသတွေအတွက် သုံးတဲ့ ပေါင်းအိုးလို့ ထင်ပါတယ် ဂတ်နဲ့ အပူပေးတာပါ)
TV ကတော့ ပြောမနေပါနဲ့ ဆိုင်ကယ်တောင် ရပ်အောင် လုပ်နိုင်တဲ့ သူတွေပါပဲ ။ လမ်းဘေးဆိုင်မပြောပါနဲ့ ရွာလူကြီးနဲ့ ရဲတောင်မှ စည်းရုံးနိုင်သူတွေပါ ။
မိုးကြိုးသွား တကယ်ရှိသလား ? ဘယ်နေရာ သုံးသလဲ ? မေးလာပါ့မယ် ။ တကယ်ရှိပါတယ် ဘယ်သူတွေက ဘယ်နေရာမှာ သုံးဖို့ ဘယ်စျေးပေးပြီး ဘယ်လိုစနစ်နဲ့ ဝယ်သလဲ ဆိုတာ ကျနော့်ရဲ့ မိတ်ဆွေဆရာ နဲ့ တွေ့ပြီးမှ သိခဲ့ရပါတယ် ။ သက်ဆိုင်ရာ အခန်းရောက်မှ ရှင်းပြပါမယ် ။
လိမ်ဖို့ ချိန်းထားတဲ့ ရောက်ခါနီးမှာ သူတို့ အဖွဲ့ထဲက ရှေ့ထွက်မင်းသားနဲ့ အမြန်လမ်းဘေးက လဖက်ရည်ဆိုင်မှာ လဖက်ရည်သောက်ကြပါတယ် ။ စကားပြောရင်း သူကပြောပါတယ်
"ကိုမျိုးရေ လိမ်ရတာလည်း သူ့အကန့်နဲ့သူ ပီပြင်မှဗျ"
"အင်း ပြောပါအုံး"
"ပစ္စည်းစမ်းပြပြီဆိုရင် လက်လှည့်ဆရာကအခရာ"
"ဟုတ်ပါ့ နောက်ကော"
"အဲဒီ လိမ်ရမယ့်ပစ္စည်း ရလာဖို့ နည်းပညာကလည်း လိုတယ်"
"ဟုတ်တယ်ဗျ"
"နောက်ဆုံး ယုံအောင်ပြောရတဲ့ လူလဲလိုတယ်"
"အဲဒါ ခင်ဗျားမို့လား"
"ဟုတ်ပါ့ ရုပ်ရှင်မင်းသားတွေကို သနားတယ်လို့ ပြောရလောက်အောင် သရုပ်ဆောင်ရတတ်ရမယ်ဗျ"
"လျော့ပါအုံး ကိုယ့်ဆရာရယ်"
"တကယ်ပြောတာဗျ မယုံရင်ကျနော်ပြောပြမယ်"
ထားဝယ်သံ | ကရင်သံ | ချင်းသံ | အညာသားလေသံ | အောက်ပြည်သားလေသံ အားလုံး စုံနေအောင် ပြောပြပြီး ထပ်ပြောပါတယ် ။
"အဲဒါ လေသံအမျိုးမျိုးဗျ ရုပ်ခံပြမယ် ပညာတန်ဖိုးထားတဲ့ အနေနဲ့ ငါးရာတော့ ပေးဗျာ"
(ကျနော် ငါးရာပေးလိုက်ပါတယ် ငွေလည်း ယူပြီးရော မျက်နှာလေးက ချက်ခြင်း ညှိုးငယ်သွားပြီး ကျနော်ကို စေ့စေ့ကြည့်ပြီး ပြောပါတယ်)
"ဆရာကြီးကူညီပါဗျာ ဒီပစ္စည်း ဘယ်လောက်တန်တန် ကျနော်လယ်လေး ပြန်ရွှေးနိုင်ရင်တော်ပါပြီ အခုလည်း အဖေက ဆေးရုံပေါ်မှာ အခြေအနေမကောင်းပါဘူး ဆေးဖိုးလည်း လုံးဝမရှိတော့ဘူးဗျာ ပစ္စည်းစစ်ပြီးရင် ဆေးဖိုး ၅ သိန်းလောက် ပေးပါခင်ဗျာ ။ နောက်တခါ ပစ္စည်း လာဝယ်တဲ့အခါ ပြန်နှိမ်ပေါ့"
ပြောရင်းနဲ့ မျက်ရည်ဝဲနေပါပြီ ။ အံမယ် ချက်ခြင်းကြီး ထိုင်ခုံအောက်ဆင်းပြီး
"ပစ္စည်း အမြန်စစ်ပြီး အဖေ့အသက်ကယ်ဖို့ ၅ သိန်းတော့ ပေးခဲ့ပါဗျ"
ပြောပြီး ရှိုက်ကြီးတငင်ငိုနေလိုက်တာများ မျက်ရည်တင်မကဘူး နှပ်တွေပါ ထွက်အောင်ငိုတာဗျာ ယုံနိုင်စရာ မရှိပါဘူး ။ ခုနကပဲ စကားကို ကောင်းကောင်းကန်းကန်း ပြောနေရင်း ချက်ုခင်း ငိုပြနိုင်တာ ( ပရုတ်ဆီ ပွတ်စရာမလို) အကယ်ဒမီမင်းသားတွေကို သနားတယ်လို့ ပြောခဲ့တာ အမှန်ပဲဗျ ။ (ပြောတိုင်းယုံရင် ကုန်တတ်တယ်)
နောက်တနေ့ သွားကြပါတယ် ။ ညနေမှာ ပြန်လာကြတယ်ဗျ အဆင်ပြေတယ် မနက် ရွာကို လိုက်လာမယ်လို့ ပြောပါတယ် ။ သူတို့ ပြောတဲ့ အတိုင်း ဝယ်သူတွေဟာ နောက်တနေ့ လိုက်လာကြပါတယ် ။
အိမ်ထဲက လူတွေနဲ့ မိတ်ဆက်ပေးတော့ ကျနော့်ကို သစ်လာပို့တဲ့သူ ဧည့်သည်အဖြစ် မိတ်ဆက်ပေးပါတယ် ။ လာပြီးဝယ်တာ တရုတ်တွေဗျ ။ ပစ္စည်း နောက်တကြိမ်စစ်ချင်တယ် ပြောကြပါတယ် ။ စစ်ပေါ့ဆိုပြီး ထုံးစံအတိုင်း လိမ်ပြီးပြပါရော ။ ဒီတော့ တရုတ်က သူတို့နဲ့ လိုက်ခဲ့တဲ့ ရန်ကုန်ရောက်တော့ ပစ္စည်းရောင်းပြီး ငွေပေးမယ်လို့ ပြောပါတယ် ။
ကျနော်က ဘယ်စျေးလဲ မေးတော့ သိန်း ၅၀၀ တဲ့ ပွဲခ မနုတ်တော့ဘူးတဲ့ တရုတ်က ဖြေပါတယ် ။ သူတို့လည်း သိန်း ၁၀၀၀ ပဲ ရမှာလို့ပြောပါတယ် ။
(အမှန်က တစ်ကျပ်သားကို သိန်း ၃၅၀၀၀ အနည်းဆုံးရတယ်ဗျ တရုတ်ကလည်း တောသားတွေဆိုပြီး လိမ်တာပဲ)
ဒီတော့ ဘာပြန်ပြောသလဲ ဆိုရင် ရန်ကုန်ရောက်မှ ငွေမပေးရင် ဘယ်နဲ့လုပ်မလဲ ဘာညာနဲ့ ပြောကြပါတယ် ။ ဒီလိုနဲ့ နောက်ဆုံး ရွာမှာ သိန်း ၃၀ ပေးခဲ့ပြီး လူတယောက် ခေါ်သွားပါရော ။
တရုတ်နဲ့ လိုက်သွားတဲ့သူဆီက ဖုန်းလာပါတယ် ။ ရန်ကုန်ရောက်ပြီးမှ သူလစ်လာပြီ လုပ်စရာရှိတာ လုပ်ထားပါတဲ့ ။ ညနေစောင်းတော့ ကိုရွှေတရုတ်တို့ ဗိန်းဗောင်းတီးဖို့ ပြည်သူ့ရဲတွေနဲ့ လာပါပြီ ။ အံမယ် ကိုရွှေသီးက အေးဆေးပဲ သူ့ဝါ သူ့သဘာ လာပါပြီ ရဲတွေနဲ့ တရုတ်တွေကို ခပ်တင်းတင်းကြည့်ပြီး အင်မတန် တင်းမာ ခက်ထန်တဲ့ မျက်နှာပေးနဲ့ ပြတ်သားကျယ်လောင်စွာ အော်ပြီး ပြောလိုက်တာက .............!

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)