သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၅)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၅)

ကြားပွဲစားနဲ့ အဝယ်ပညာရှင်တို့ ချိန်းထားတဲ့ ရောက်လာတော့ ပစ္စည်းထုတ်ပြပါတယ် ။ ပညာရှင်က တခါစမ်းလိုက်ပါတယ် ။ အောင်တယ်ခင်ဗျ ။ (အောင်မှာပေါ့ ညှိထားတာကိုး) နောက်တကြိမ်စမ်းမယ်လုပ်တော့ ( အဝယ်ထုံးစံ ၃ ကြိမ်စမ်းပါတယ်) ပစ္စည်းရှင်က ပြဿနာ ရှာပါပြီ ။
"နောင်ထပ်စမ်းမယ်ဆိုရင် ဝယ်မဲ့ ငွေ ပြပါ စမ်းပြီး ပြန်သွားတာ များလှပြီ ငွေပြမှ ထပ်စမ်းပါ"
"ငွေတော့ ဘယ်ပြမလဲ စမ်းပြီး ၃ နာရီအတွင်း ငွေချေပေးမယ်"
"မရဘူး ခု ပြမှ ယုံမယ်"
"ကဲ ခင်ဗျာတို့ အချင်းချင်း ညှိကြအုံး "
(ပညာရှင်က ပြောတာ ကြားပွဲစားလည်း ပူစပ်ပူလောင်ဖြစ်ရပါပြီ ဘယ်လိုမှ ညှိမရတော့ ပညာရှင်ကို အပူကပ်ပါတယ်)
"ကဲပါဆရာရယ် ဆရာ့ သူဌေးကို ပြောကြည့်ပါအုံး တခါတောင် အောင်ပြီးမှပဲ ဆရာပြောရင် ရမှာပါ"
"ကဲဗျာ သူဌေးဆီ ပြောပါ့မယ် "
(ဖုန်းခေါ်ပြီး လှမ်းပြောနေပါပြီ)
"ဘော့စ် ပစ္စည်းက တခါစမ်းတာတော့ မှန်နေပြီ အဲဒါ ပစ္စည်းရှင်က ငွေပြခိုင်းနေလို့ ပြပေးနိုင်မလား မေးကြည့်တာပါ"
"ဟာကွာ သူတို့က အသေအချာ ပြောမလာဘူးလား ငွေက ပြလို့ မဖြစ်ဖူးလေ ကုမ္ပဏီစည်းကမ်းလည်း မင်းသိရဲ့ သားနဲ့ "
"ဟုတ်ကဲ့ဆရာ ကြားလူတွေ အားနာလို့ပါ"
"အေးကွာ ငွေပါလာရင် ထပ်ပြီး ငွေတင်မှ အဆင်ပြေမယ် နောက်ထပ် ၂၀ တင်မှ ပြမယ် ပြောလိုက်ကွာ "
ဖုန်းကို အားလုံးကြားနေရပါတယ် ။ ကြားပွဲစားလည်း ချွေးပြန်နေပါပြီ ။ နောက်ဆုံး မရ ရတဲ့ဆီက ငွေရှာပြီး သိန်း ၂၀ ထပ်တင်ပါတယ် ။ အချိန်ကလည်း ဘဏ်ချိန်လွန်သွားပါပြီ ။
ထုံးစံအတိုင်း နောက်တနေ့ချိန်းပေါ့ ။
နောက်နေ့လာတော့ ပစ္စည်းရှင် ထွက်မလာတော့ဘူး ။ စာချုပ်ပါအတိုင်း အဝယ်ပညာရှင်ကလည်း အချိန်စေ့တာနဲ့ ပြန်သွားပါပြီ ။ ပြန်ခါနီး ဆေးထိုးသွားပါတယ် ပစ္စည်းက အမှန်ပဲ ရအောင်ပြန်လိုက်ကြည့် ဘာညာပေါ့ ။ ကြားပွဲစားလည်း ပစ္စည်းရှင်ကို ဖုန်းတွေ အကြိမ်ကြိမ်ခေါ်ပြီး ဆက်ပါတယ် ။
အချိန်လွန်သွားမှ ဖုန်းကိုင်ပါမယ် ။ ခင်ဗျားတို့ အဖွဲ့ထဲ မှာ ရဲ ပါလာတယ်ဗျ ဘာညာ နဲ့ လျှောက်ပြောပါမယ် ။ အရိုးရှင်းဆုံး အကြောင်းပြချက်ကတော့ အလုခံရမှာ ကြောက်လို့ပေါ့ ။
ဟဲ ဟဲ လူလိမ်လောကမှာ လူမြင်ရင် ကြောက်ဟန်ဆောင်နေတဲ့ သူ တွေ့ပါလိမ့်မယ် ။ ကြောက်ဟန်ဆောင်နေသူကို တကယ်ကြောက်ကြပါ ။ အဲဒီကောင်က ပညာရှင်အဆင့် သေတ္တာမှောက်တွေပဲ ။ ( ကြောက်နေသူကို ပြန်ကြောက်ပါ)
အားလုံးပြီးသွားတာနဲ့ အဝယ်ပညာရှင်ဆီက ဝေစု လွှဲပေးပါတယ် ။ ဒီနေရာမှာ ပြောချင်တာက မြန်မာတွေ အတာ ယုံလွယ်တာကို ပြောချင်ပါတယ် ။ ဂမ္ဘီရပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီဆိုတာ မြန်မာပြည်မှာ မရှိပါဘူး ။ လူလိမ်တွေနဲ့ ဒီလူတွေရဲ့ စကားကို အဟုတ်မှတ်နေတဲ့ ကြားပွဲစားတွေ ပြောနေတဲ့ စကားတွေပါ ။
မြန်မာ နိုင်ငံ ကုမ္ပဏီများ အင်ဥပဒေအရ ဂမ္ဘီရပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီဖွင့်ခွင့် ခွင့်ပြုမထားသလို ဖွင့်ခွင့်တောင်းဆိုသူလည်း မရှိပါဘူး ။ ( 2014 ထိ ကုမ္ပဏီအမျိုးအစား ၃၃ မျိုးထဲမှာ ဂမ္ဘီရကုမ္ပဏီ မပါ ပါဘူး)
အဲဒီရွာကို ကျောက်တမျိုး ရောက်လာပါတယ် ။ ကျောက်ကို မီးထိုးကြည့်ရင် အတွင်းမှာ အပြာရောင်လက်နေတာ တွေ့ရပါတယ် ။ ကျောက်သားကြည့်တော့လည်း ရိုးရိုး ချောင်းတွေထဲတွေ့ရလေ့ ရှိတဲ့ အသားပါပဲ ။ ဘယ်ကရသလဲဆိုတော့ ချောင်းထဲက သဘာဝအတိုင်း ရတာတဲ့ ။
ကျနော် စဉ်းစားမိတာကတော့ မဖြစ်နိုင်ဘူး လူလုပ်ထားတာပဲ ဖြစ်ရမယ်လို့ တွက်ဆမိပါတယ် ။ ဒါနဲ့
"တော်စမ်းပါကွာ အရည်ထည့်ထားတာပါ ငါသိပါတယ်"
"တကယ်ပြောတာဗျ ကျနော့်ကို ချင်းတွေ လာပေးသွားတာ"
"ဒါဆို ချင်းတွေ လိမ်တာပေါ့ကွာ "
"ဟေ့ကောင် လိမ်မနေနဲ့ အဲဒါ ကိုမျိုးတဲ့ မင်း ဘာလုပ်ချင်တာလည်း တည့်တည့်ပြော"
(ကိုရွှေသီး ဝင်ပြောတာပါ )
"ဟုတ်ကဲ့ ကိုရွှေသီး ခင်ဗျားတို့ ဂွင်ထဲမှာ ထည့်သုံးဖို့ ပေးခိုင်းလိုက်တာပါ"
"ဟ လိုင်းက တခြားဆီကွ မင်းပစ္စည်းက တခါလိမ်မှ ၂ သိန်း ၃ သိန်းရမှာ ဒါတောင် ကျောက်ရူး ရူးနေတဲ့ သူ ရှာရအုံးမှာ မဖြစ်ဖူးကွ"
ကျနော် စိတ်ဝင်စားလို့ မေးမိပါတယ် ။
"ဒီမှာ ငါ့လူ စလင်းကျောက်မှာ အရောင်သွင်းလို့ ရမလား "
"စလင်းထဲတော့ မသွင်းဖူးသေးဘူးဗျ"
"မီးဖုတ်ခံလားဗျ"
"မီးဖုတ်လေ အရောင်တက်လေပဲ"
"ဟာ ခင်ဗျား ပညာ ဘယ်ဆိုးမလဲ ကျောက်စိမ်းတောင် မီးဖုတ်ရင် အရည်ပြန်ထွက်တယ်နော"
"ဒီကျောက်က ကြိုက်သလောက်မီးဖုတ် ဘာမှ မဖြစ်ဖူး"
"အေးဗျာ စိတ်ဝင်စားစရာပဲ "
ဒီလူက ရွာမှာ သုံးရက်လောက် နေပါတယ် ။ ကျနော်နဲ့လည်း အင်မတန်ခင်သွားပါတယ် ။ သူက ပြောတယ်ဗျ သူနဲ့ ခဏလိုက်ခဲ့ပါတဲ့ သူတတ်ထားတဲ့ ပညာသင်ပေးမယ်တဲ့ ။ ဒါနဲ့ အဲဒီလူဆီကို လိုက်ခဲ့ပါတယ် ။ ဦးမိုးဆီ ဖုန်းဆက်ပြောတော့ ကောင်းတယ် ရသလောက်ပညာ လေ့လာခဲ့ပေတော့ တဲ့ ။
ဒီလူနေတာကလည်း ပွင့်ဖြူနယ်ထဲပါပဲ ။ သူ့အိမ်ရောက်တော့ သားသမီးတွေ တွေ့ရပါတယ် ။ အိမ်ထဲမှာ သူလုပ်ထားတဲ့ အရောင်သွင်းထားသော ကျောက်မျိုးစုံကို အရွယ်အမျိုးမျိုး အရောင်အမျိုးနဲ့ တွေ့ရပါတယ် ။
နောက်တနေ့မှာ လက်တွေ့ လုပ်ပြပါတယ် ။ ပထမဆုံး အရောင်စပ်ပါတယ် ။ အနီလိုချင်ရင် (ဥပမာ အပြာ နဲ့ အဝါစပ်) ဒါမျိုးပေါ့ ။ အနီရောင်တမျိုးတည်းနဲ့ သွင်းလို့မရပါဘူး ။
နောက် အရောင်သွင်းမဲ့ ကျောက် ဆန့်တဲ့ ခွက်ထဲမှာ အရောင်စပ်ပြီးသား အရည်ထည့်ထားရပါတယ် ။
နောက် ကျောက်ကို မီးဖုတ်ပါတယ် ။ အတော်လေးကြာတော့မှ မီးဖိုထဲကနေ ညှပ်နဲ့ ဆွဲထုတ်ပါတယ် ။ ခဏထားပြီး ကျောက်တုံးပေါ်ကို ရေစက်လေးတွေ ချကြည့်ပါတယ် ။ ပထမတော့ အပူရှိန်ကြောင် ချလိုက်တဲ့ ရေစက်တွေ က ရှဲကနဲ အငွေ့ပြန်သွားပါတယ် ။ ဒီလိုချကြည့်ရင်းနဲ့ အတော်ကြာတော့ ချလိုက်တဲ့ ရေစက်ဟာ ရှဲကနဲ အငွေ့ပျံပြီး ပျောက်မသွားပဲ ကျောက်တုံးထဲကို ရွှတ်ကနဲ ဆွဲစုတ်သွားပါတယ် ။
အဲဒီအလျိန်ကျမှ ကျောက်တုံးကို အစောက အရောင်စပ်ထားတဲ့ အရည်ထဲ ထည့်လိုက်ပါတယ် ။ ကျောက်တုံးဟာ သူအားရှိသရွှေ့ အရည်တွေကို ဆွဲစုပ်နေပါတယ် ။ လုံးဝ မစုပ်တော့ဖူးဆိုမှ ဆွဲထုတ်ပါတယ် ။ လုံးဝအေးအောင် စောင့်ပြီး မီးထိုးကြည့်တော့ အရောင်တွေ ဝင်သွားပါပြီ ။
ကျနော်က လက်မထောင်ပြတော့ မရသေးဖူးတဲ့ ။ ဒီအဆင့်မှာ မီးဖုတ်မခံသေးဘူးတဲ့ ။ နောက် အင်္ဂလိပ်ဆေး နှစ်မျိုးကို ရောပြီး အမှုံ့ကြိတ်ပါတယ် ။ ရလာတဲ့ အမှုံ့နဲ့ ကျောက်ကို ကျကျနန ပွတ်ပေးရပါတယ် ။
ကဲ ပြီးပြီ မီးဖုတ်ကြည့်ဆိုပြီး မီးဖုတ်ပြပါတယ် ။ မှန်ပါတယ် အရောင်ပိုတောက်လာတယ်ဗျ ။ အရောင်ထည့်တဲ့ ဆေးက အလွန်ပေါတဲ့ ချည်ခင်ဆိုးဆေးပါပဲ ။ အင်္ဂလိပ်ဆေး နှစ်မျိုးကတော့ မပြောတော့ပါဘူး မသမာသူသိသွားရင် ပြဿနာပါ ။
နောက်နေ့မှာ ကျနော့်ကို ပစ္စည်းတမျိုးပြပါတယ် ။ တလောတုန်းက သိန်းပေါင်း ၅၀၀၀၀ ရသွားတယ်ဆိုတဲ့ ငန်းဥသာသာ ကျောက်စိမ်းတုန်း နဲ့ အတော်လေးတူတဲ့ အစိမ်းတုံးပြပါတယ် ။ အခွံ အရည် ကျနော်တော့ မခွဲတတ်ပါဘူး ။
"ဘယ်နဲ့လည်း"
"အတော်လေး လှတယ်ဗျ"
"မနက်ဖြန် ဒီကောင်ပွဲတည်မယ် ခင်ဗျားကို လုပ်နည်းတော့ မပြောနိုင်ဘူး လုပ်ပြမယ် ဗဟုသုတပေါ့"
"OK ဗျာ ရပါတယ် လုပ်တာ မြင်ရရင်ကျေနပ်ပါတယ်"
နောက်တနေ့မှာ တွေ့ရမယ့် ကျောက်လောကရဲ့ အလိမ်အညာ ဇာတ်လမ်း ရုပ်ရှင် ဘယ်လိုရိုက်ကြမလဲဆိုတာ တွေးတောရင်း......

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)