သတ္တုလောက နဲ့ သရဲဖမ်းနေသူများ(၁)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ(၁)

ကျနော်နဲ့ သစ်လောက အကြောင်း ရေးပြီးတော့ ဒီအကြောင်းတွေကို ဆက်ရေးဖို့ အကြိမ်ကြိမ် စဉ်းစားရပါတယ် ။ ဘာလို့လဲဆိုတော့ အဖြစ်မှန်တွေဆိုတော့ ဒီအကြောင်းရေးရတာ အန္တရာယ်များလို့ပါပဲ။ နောက်တချက်က ကာယကံရှင်တွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း စဉ်းစားရပါတယ် ။
လူသိများတဲ့ သူဌေးတွေ | အနုပညာရှင်တွေ | လက်ရှိလက်နက်ကိုင်အဖွဲ့တွေ | ယခင်ခေတ်ထောက်လှမ်းရေးအရာရှိကြီးတွေ | မြန်မာပြည်တလွှားက ဂမ္ဘီရ သမား လူလိမ်တွေအကြောင်း လိမ်ပုံ လိမ်နည်း ပေါင်းစုံ ဂွင်ဆင်ပုံ ဒါတွေကို ရေးရမှာ ဖြစ်ပါတယ် ။
ကျနော့် မိတ်ဆွေ အတော်များများ ဒီကိစ္စတွေကို ထဲထဲဝင်ဝင် မဟုတ်ရင်တောင် အပေါ်ယံတော့ ကြားဖူးနားဝ ရှိထားကြမှာပါ ။ အလိမ်မခံရအောင် ကျနော့် အတွေ့အကြုံတွေကို မျှဝေပေးလိုက်ပါ့မယ် ။
အချို့ လူပုဂ္ဂိုလ်များကို ဂုဏ်သိက္ခာအလို့ ငှါ အမည် ပြောင်း ရေးပါမယ် ။
2012 လောက်မှာ သစ်ကိစ္စပြတ်တော့ သူဌေးက သတ္တုလုပ်ငန်း လုပ်ဖို့ တိုင်ပင်ပါတယ် ။ အလုပ်မရှိတဲ့ ကျနော်လည်း တော တောင်တွေကို နှစ်သက်နေတော့ သတ္တုလောကထဲကို ဘုမသိ ဘမသိ ဝင်ရောက်ခဲ့ပါပြီ ။
ပထမဆုံး လုပ်ရတာက ရှမ်းပြည်မှာ ဘယ်သတ္တုထွက်သလဲဆိုတာ လေ့လာရပါတယ် ။ ရပ်စောက်မြို့ထဲက သတ္တုလုပ်ငန်း လုပ်ဖူးသူတွေနဲ့ တိုင်ပင်ပြီး ရပ်စောက်မြို့ရဲ့ အနောက်တောင်ဖက် ( ပင်ဖြစ်ရွာရဲ့ အနောက်တည့်တည့် လောက်က ) ထီးဆန်ကုန်း ဆိုတဲ့ ပလောင်ရွာလေးဆီ သွားခဲ့ရပါတယ် ။
ပင်ဖြစ်ရွာကနေ ၁၂ မိုင်ပဲ ဝေးတဲ့ ထီးဆန်ကုန်းရွာကို ဆိုင်ကယ်ခဏပဲ စီးရပါတယ် ( မိုးခြောက် လေခြောက်မို့ပါ လမ်းကတော့ အတော်လေး ဆိုးဝါးလှပါတယ် ) ရွာရဲ့ အနောက်ဖက် အကျဆုံး အိမ်ကလေးမှာ ရွာခံ ကိုသိန်းကျော် ဆိုတဲ့ ပလောင်နဲ့ တွေ့ရပါတယ် ။ လင်မယား နှစ်ယောက်လုံး အလွန်သဘောကောင်းကြပါတယ် ။
ကျနော့်ကို သတ္တုကုမ္ပဏီက မန်နေဂျာ ဆိုပြီး သူတို့ အိမ်မှာ ရှိတဲ့ စိမ်းပြာရောင် ကျောက်ခဲတွေ သကြားပွင့်တွေကပ်ထားသလို ပြောင်လက်နေတဲ့ ကျောက်ခဲတွေ ကြံသကာချပ်လို ကျောက်ခဲတွေ ယမ်းနံ့နံတဲ့ အဖြူစင်းကြောင်းပါတဲ့ ကျောက်တွေ ပြပါရော ။
ကိုင်း တွေ့ကြပြီပေါ့ ဒီကလည်း ခဲ သတ္တုဆိုလို့ ဂဟေဆော်တဲ့ ခဲလောက်မြင်ဖူးတာလေ ။ ပါလာတဲ့ မိတ်ဆွေက ဒါက ဘယ်ကလည်း များများရနိုင်လား ဘာညာ မေးတာပေါ့လေ ။ ကျနော်ကတော့ ခဲတွေ ဟိုကိုင် ဒီကိုင်ကြည့်တာပေါ့ သိတာကတော့ တခုပဲ ရှိတယ် တော်တော်လေးကို လေး နေတာပါပဲ ။
ဒီလိုနဲ့ စကားရော ဖွဲရော ပြောဆိုပြီး အဲဒီကျောက်တွေ ဓါတ်ခွဲဖို့ ပါဝင်တဲ့ ရာခိုင်နှုံး တွက်ဖို့ဆိုပြီး ယူလာကြပါတယ် ။ ပင်ဖြစ်မှာ လက်ဖက်ရည်သောက်တော့ ပါလာတဲ့ ကျောက်တွေ ထုတ်ပြီး ပါလာတဲ့ မိတ်ဆွေ ကိုစိုးက ရှင်းပြပါတယ် ။
အဖြူစင်းတွေနဲ့ ယမ်း နံ့ နံနေတာ ခနောက်စိမ်းတဲ့ | သကြားပွင့်တွေလို ပါနေတဲ့ ကျောက်က ဂလီနာ (သတ္တုအမျိုးအစား များစွာရောနှောနေတာ အဓိက ဘက္ထရီထဲထည့်တဲ့ ခဲ ထွက်တယ် ဘော်ပါတယ်) | ကြံသကာချပ်လိုဟာက ဘော်များတယ် ဟိုခေတ်က မုဆိုးတွေ ခဲကြိုပြီး ဘော်မထုတ်တတ်တော့ ကျန်နေတဲ့ အချပ်တွေတဲ့ | စိမ်းပြာရောင်ကျောက်က ကြေးတဲ့ ( ကြေးဆို အနီအဝါလောက် သိထားတာ ပြောစက မယုံသေးဘူး )
ကဲ သတ္တု မူလတန်း သင်ခန်းစာ စပြီ ။ သူဌေးဆီကို အချက်အလက်တွေ ပို့တယ် သူလည်း စိတ်ဝင်စားတယ် ။ ကျနော်လည်း နောက်တနေ့ တောင်ကြီးတက်ပြီး သတ္တု နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရှာဝယ်ပါတယ် ။ လေးငါးရက် စာအုပ်ဖတ်လိုက် နမူနာ ကြည့်လိုက်နဲ့ ဝမ်းစာ ဖြည့်ရပါတယ် ။
နောက်တကြိမ် ကိုစိုးနဲ့ ကျနော် ထီးဆန်ကုန်းရွာကို ထပ်သွားပါတယ် ။ ဒီတခါတော့ ကိုသိန်းကျော်မိသားစုအတွက် မုန့်တွေဝယ်သွားပါတယ် ။ ဆိုင်ကယ် နှစ်စီး နဲ့သွားတာပါ ကိုသိန်းကျော်က ဆိုင်ကယ်မရှိလို့ သူ့ကို တင်ပြီး စီးရမှာလေ ။
ရွာရောက်တော့ ခဏနားပြီး သူဌေးဆီ ဖုန်းဆက်တော့ အိမ်ထဲမှာ လိုင်းမ မိဘူး တောင်ပေါ်မှ ဆက်ပါတဲ့ ။ ရွာအနောက်ဖက် မှိုင်းညှို့ နေတဲ့ တောင်တန်းကြီးဆီကို ဆိုင်ကယ်နှစ်စီးနဲ့ ကျနော်တို့ တက်ခဲ့ပါတယ် ။
တောင်ခြေ ယာခင်းလေးထဲမှာ ပိန္နဲပင်တွေ ပြွတ်သိပ်နေအောင် သီးနေတာ တွေ့ရပါတယ် ။ လူတယောက်မှ မရှိဘူး အပြန်မှဝယ်ရမယ် စိတ်ကူးပြီး တောင်ပေါ် တက်ပါတယ် ။
ထော်လာဂျီသွားလို့ရယုံ ကိုယ်ထူကိုယ်ထ တောင်တက်လမ်းကို ပေါက်ပြားနဲ့ ဖေါက်ထားတာဗျ ။ မညီမညာ လမ်းကျဉ်းကျဉ်းလေးမှာ ခပ်မတ်မတ်တောင်တက်လမ်းကို အခက်အခဲမရှိတက်ခဲ့ကြပါတယ် ။
ပုန်းတပ်ဆိုတဲ့ တောင်ကြားက ရွာလေးထဲကို ရောက်ပါပြီ ။ ရွာလူကြီး အိမ်ကို သွားကြပါတယ် ။ ပြောဆိုမေးမြန်းမှ သိလိုက်ရတာက ကျနော်တို့ တက်ခဲ့တဲ့ တောင်ကျောက ဘော်ဆိုင်း တောင်ကျောဖြစ်နေပါတယ် ။
ဒီရွာတွေဟာ သတ္တု နဲ့ ပါတ်သပ်ရင် ကျွမ်းကျင်နေတဲ့ ရွာတွေပါပဲ ။ လုပ်ကွက်လျှောက်ချင်လို့ သတ္တုရှာနေတာပါ ဆိုတော့ သူတို့ ရွာတွေမှာ အဆင်မပြေလောက်ကြောင်း ရွာသားတွေလည်း ခိုးတူးနေတာမို့ ကုမ္ပဏီလာရင် ပြဿနာဖြစ်မှာစိုးတယ် ပြောပါတယ် ။
ကျနော်လည်း ဒေသခံတွေ လုပ်စားနေတာဆိုရင် မလုပ်ချင်လှပါဘူး ။ ဒါနဲ့ နုတ်ဆက်ပြီး ပြန်လာကြပါတယ် ။ အပြန်မှာ တောင်ပေါ်က ဆင်းတော့ အတက်တုန်းက သက်တောင့် သက်သာ တက်ခဲ့တဲ့ တောင်တက်လမ်းဟာ အဆင်းမှာ ဇောက်ထိုးနီးပါး ဆင်းရလို့ မလွယ်ပါဘူး ။ ဘရိတ်ကို အသားကုန် နင်း ဂီယာ နံပါတ်တစ်နဲ့ အသဲအသန် စီးခဲ့ရတာ သတိရစရာပါပဲ ။
တောင်ခြေ ယာခင်းရောက်တော့ ပိန္နဲသီး ဝင်ဝယ်ပါတယ် ။ ကိုသိန်းကျော် ဧည့်သည်တွေ ပိုက်ဆံမယူပါဘူးဆိုလို့ အားနာနာ နဲ့ အလကားယူခဲ့ပါတယ် ။ ကိုသိန်းကျော်အိမ်ရောက်တော့ သူ့မိန်းမက ထမင်းတွေ ချက်ထားလို့ စားသွားပါဆိုပြီး အတင်းကျွေးပါတယ် ။ ရှမ်းဆန် စီးစီး နဲ့ မုံညှင်းဟင်းကျော် တို့ဟူးခြောက်ကျော် နဲ့. ငရုတ်သီးထောင်း စပ်စပ် ရယ် ယံယံခေါက်ဆွဲခြောက် အရည်ကြဲကြဲလေးကို ဟင်းချိုလုပ်သောက်ခဲ့ရတဲ့ အရသာဟာ မမေ့နိုင်စရာ မိန်လှပါတယ် ။
ကျနော်တို့လည်း ရပ်စောက်မြို့ ပြန်ရောက်ရော မန္တလေးက သစ်သမား ဧည့်သည် ရောက်နေပါတယ် ။ သူနဲ့ ပါတ်သပ်ပြီး ကျနော် လုံးဝ မသိသေးသော လောကကို ရောက်ခဲ့ရတာပါ ။ အဲဒီမိတ်ဆွေကတော့ ကိုပေါ ဆိုတဲ့ မန္တလေးက မိတ်ဆွေပါပဲ ။
ကိုပေါဟာ ကျနော်ကို ဘာမှမပြောဘဲ သူတယောက်တည်း ဆိုင်ကယ်ယူပြီး ထွက်ထွက်သွားပါတယ် ။ ကျနော်ကလည်း ဘာကိစ္စဆိုတာ မမေးပါဘူး ။ သုံးရက်မြောက်မှာ သူက ကျနော့်ကို မေးပါတယ်.....
" ကိုမျိုး ကျနော် ဘယ်သွားနေတယ် ထင်သလဲ? "
" မသိဖူးလေ ကိုပေါရဲ့ ဘာဖြစ်လို့လဲ?"
" မသေချာသေးလို့ ကျနော်မပြောတာဗျ အခု သေချာပြီ ခင်ဗျားကို ပြောပြမယ်"
" ဘာဂွင်တွေလည်း ကိုပေါ ကျွန်းလား တမလန်းလား ပိတောက်လား ?"
" အဲဒါတွေ မဟုတ်ဘူး"
" ဘာလဲဗျ"
" ညာတင်ကုတ် ဆိုတာ ကြားဖူးလား?"
" စာအုပ်တွေထဲ ဖတ်ဖူးတယ် ဘုရားမဟုတ် ညာတင်ကုတ်ဆိုလားပဲ အဲဒါလားဗျ"
" ဟုတ်တယ် ဘာတွေ သိသေးလည်း ?"
" ဘာမှမသိဘူး နားလည်းမလည်ဘူးဗျ"
" အခု အဲဒါကို ကျနော် စမ်းသပ်ခဲ့ ပြီးပြီ ဒီမှာ ဆိုင်ကယ်စပုတ်တံ"
"ကျိုးနေပါလား ဘာထူးလို့လည်း ?"
" ညာတင်ကုတ်အစစ်ဆိုရင် အောက်က ဖယောင်းတိုင်မီးကို အပေါ်ထိ ၈ လက္မ. တစ်ပေ အစရှိသဖြင့် ဆွဲခေါ်တယ် မီးညွှန့်ကို အယ်လ် ( L ) ပုံစံ ကွေးသွားအောင် ဆွဲယူလို့ရတယ် အဲဒီမီးညွှန့်အဖျားမှာ ဆိုင်ကယ်စပုတ်တံ ထိုးလိုက် တိကနဲပြတ်ကျသွားတယ် ဒါဆို အစစ်ပဲ"
" အဲဒါ ဘယ်လို အရောင်းအဝယ် လုပ်ကြမှာလည်း?"
" ကျနော်က သူတို့အုပ်စုကို သိန်း ၁၅၀၀ ပေးရမယ် ကျနော့်သူဌေးက ကျနော့်ကို သိန်း ၅၀၀၀ ပေးမယ်"
" ဗျာ "
( လန့်တောင်သွားတယ် မကြားမှ မကြားဖူးတာလေ)
" ဟုတ်တယ် အဲဒါ မနက်ဖြန် စာချုပ်ချုပ်မယ် ခင်ဗျားလိုက်ခဲ့ပေးအုံး ကျနော့်မှာ လူခံမပါဘူး"
" အေးဗျာ ရပါတယ် လိုက်ခဲ့ပါ့မယ်"
သူပြောပြတာနဲ့ ညတောင်အိပ်မပျော်ဘူးဗျ ။ မနက်လင်းတော့ ရွှေကမ္ဘာမှာ လက်ဖက်ရညိသောက်ပြီး ရွှေညောင်ကို ဆိုင်ကယ်တစီးနဲ့ လာခဲ့ကြပါတယ် ။ အိမ်တအိမ်ရောက်တော့ လူတွေက ၁၅ ယောက်လောက် ရှိတယ်ရောက်နေပြီ ။
ကိုင်း စာချုပ် ချုပ်တော့မယ်ဆိုတော့ ကျနော့်ကို လူတယောက်က ခင်ဗျားလည်း ပွဲစားလားတဲ့ ။ မဟုတ်ဖူး ကိုပေါ မိတ်ဆွေ အဖေါ်လိုက်တာ ဆိုတော့ ပြီးရောတဲ့ ။
စာချုပ်လည်း ချုပ်ရော သိန်း ၁၅၀၀ နဲ့ နောက်တနေ့ ဘယ်အချိန် ဝယ်ပါ့မယ် ဘာညာ ပေါ့ အားလုံးလည်း ပြီးရော ပွဲစားတွေက သူဘယ်လောက် ငါဘယ်လောက် နဲ့ ဆူညံနေအောင် ငြင်းနေပါရော ။
ပိုင်ရှင်ဆိုတဲ့ မဲခြောက်ခြောက် ပိန်သေးသေး အညာသား နှစ်ယောက်က ရှုံ့မဲ့ပြီး ကျနော့်ကို လာပြောတယ် ။
အကိုရေ အဲဒါသာ ကြည့်တော့ စျေးက ၁၅၀၀ ပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့က ၃၀၀ သူတို့ ပွဲစားအုပ်စုက ၁၂၀၀ ကို အဝေမညီဖြစ်နေတာ ကြည့်တော့ ဆိုမှ ကျနော်လည်း လူ့လောဘကို အံ့သြသွားရပါတယ် ။
ဒီလိုနဲ့ ပြန်လာပြီး အိမ်ရောက်တော့ ကိုပေါက မေးတယ် ကိုမျိုး ဘယ်လောက်ယူမလဲ တဲ့ ကျနော်ကလည်း ပြောလိုက်ပါတယ် ဆိုင်ကယ် ဆယ်သိန်းတန် တစီး ဝယ်ပေး ဆိုတော့ ကိုပေါက ရီလိုက်တာ အားပါးတရ ပေါ့ ။
နောက်တနေ့ ချိန်းထားတဲ့ဆီ သွားပါပြီ ။ ဟိုလည်း ရောက်ကော ပိုင်ရှင် နှစ်ယောက်က
"ဟာ ကိုပေါလာပြီ အတော်ပဲ"
" အေး ဘာဖြစ်လို့တုန်း "
"ဒီမယ် အရုပ် ( ထိုင်ကိုယ်တော် မဲမဲလေး) ဒီထဲထည့်ပြီ သော့ခပ်ပြီး သော့ကို ကျနော်ယူထားမယ် သေတ္တာကို ကိုပေါယူထား ကျနော်တို့ နှစ်ယောက် မြို့ထဲ လည်ပတ်ရင်း လက်ဖက်ရည်သွားသောက်မယ် ဒီလူတွေ အလှည့်ကျစောင့်နေလို့ အိမ်သာတောင် ကောင်းကောင်းမတတ်ရဘုး "
" သြော်အေး ဒီဆိုင်ကယ်ယူသွားလေ"
( နံပါတ်ပြားကိုကြည့်ပြီး)
" ဟာ လိုင်စင်ဘီးပဲ မစီးချင်ဘူး ခင်ဗျားဘီး ခဏပေး ပစ္စည်းထားခဲ့ပြီပဲ"
" ရော့ကွာ"
( ဆိုင်ကယ် စီးပြီး ထွက်သွားပါပြီ)
အရုပ်ထည့်ထားတဲ့ သေတ္တာရယ် ပွဲစား ၁၅ ယောက်ရယ် ကျနော်တို့ နှစ်ယောက်ရယ် ရွှေညောင်မြို့ရဲ့ အိမ်ဝန်း တခုထဲမှာ .............

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ