စစ်မှန်သည့် ဆရာကောင်းတစ်ယောက် ဖြစ်လာရန်

ဆရာတစ်ယောက် အနေနှင့် အသိပညာဗဟုသုတကို မြှင့်တင်ရန်၊ စစ်မှန်သည့် ဆရာကောင်းတစ်ယောက် ဖြစ်လာရန် ဘယ်လိုကြိုးစားရသလဲ

          ယျေဘူယျအားဖြင့် ဆရာတို့သည် တူညီသည့်အတန်းတွင် တူညီသည့် ဘာသာရပ်ကို သင်ရိုးအတိုင်း သင်နေသည့်တိုင် တစ်ဦးနှင့်တစ်ဦး သင်ကြားသည့်ပုံစံ၊ သင်ကြားနည်းကတော့ မတူနိုင်ချေ။ ထို့ကြောင့် ရလဒ်လည်း တူညီနိုင်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဆရာတစ်ဦး၏ ဝါသနာ၊ ဗီဇနှင့် ပတ်ဝန်းကျင် မတူညီ သောကြောင့် ဖြစ်သည်။ ဆရာတစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်ဟန် (Own teaching style) နှင့် ပါရမီဗီဇ (Talent) ရှိနေကြပါသည်။

          ဆရာတစ်ဦးတည်းမှပင် အတန်းတူညီသည့်တိုင် အခန်းမတူသော သို့မဟုတ် အတန်းတူ အခန်းတူ ကျောင်းသားကျောင်းသူတို့ကို သူတတ်ကျွမ်းသည့် ကိုယ်ပိုင် သင်ကြားနည်းဟန်ဖြင့် သင်ကြားသည့်တိုင် ရလဒ်တို့က ကွဲပြားနေဦးမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခံယူသည့် ကျောင်းသား၊ ကျောင်းသူ၏ ပညာလက်ခံနိုင်စွမ်း အပေါ်တွင်လည်း မူတည်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အောင်မြင်သည့် ဆရာတစ်ဦး၏ သင်ကြားပုံသင်ကြားနည်းကို နည်းယူသင်ကြားသည့်တိုင်၊ ပြဿနာ တို့ကို ဖြေရှင်းသည့်တိုင် ထိုဆရာကဲ့သို့ အောင်မြင်ချင်မှ အောင်မြင်ပေလိမ့်မည်။

ကျောင်းသည် စက်ရုံမဟုတ်သောကြောင့် စက်ရုံအလုပ်ရုံကဲ့သို့ ကုန်ပစ္စည်းတို့ အရည်အသွေးတူ၊ အရေအတွက်တူ ထွက်လာသည့်နည်းတူ ကျောင်းသား၊ ကျောင်းသူတို့ အရည်အသွေးတူ၊ အရောင်အသွေးတူ ထွက်လာနိုင်မည် မဟုတ်ချေ။

နေရာတိုင်းတွင် ပုံစံတူပုစ္ဆာတစ်ပုဒ်လို ပြဿနာတစ်ခုကို ဖြေရှင်းနည်းတစ်ခု ကိုင်ကာ ဖြေရှင်းတိုင်း အဆင်ပြေသွားဖို့က ရာခိုင်နှုန်းတော်တော် နည်းပါသည်။ တခြားတစ်ယောက်၏ ပြဿနာဖြေရှင်းနည်းကို သိထားခြင်းသည် ကောင်းပါသည်။ လက်တွေ့ကြုံလာရသည့်အခါ ထိုဖြေရှင်းနည်းကို အခြေခံကာ သင့်လျော်သော ပိုမိုအဆင်ပြေမည့် ဖြေရှင်းနည်းဖြင့်သာ မိမိပြဿနာကို အောင်မြင်အောင် ရာနှုန်းပြည့် ဖြေရှင်းနိုင်ပါလိမ့်မည်။

ယခု Reflection Journal ကို ကျွန်တော်က အပိုင်း(၂) ပိုင်းဖြင့် တင်ပြသွား ပါမည်။ ပထမပိုင်းမှာ ဆရာတစ်ယောက်၏ အသိပညာဗဟုသုတကို မြှင့်တင်ရန်ဖြစ်၍ ဒုတိယပိုင်းမှာ ဆရာကောင်းတစ်ယောက် ဖြစ်လာရန် ကြိုးစားရမည့် အချက်တို့ ဖြစ်ပါသည်။ 

Reading (စာဖတ်ခြင်း)

ဆရာတစ်ယောက်၏ အသိပညာဗဟုသုတတို့ကို မြှင့်တင်ရန်အတွက် အခြေခံအကျဆုံးနှင့် အကောင်းဆုံးနည်းမှာ (Reading) စာဖတ်ခြင်း ဖြစ်သည်။ စာဖတ်ခြင်းက ပြည့်ဝစေသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကျောင်းစာကြည့်တိုက်မှ ဖြစ်စေ၊ ရပ်ကွက်စာကြည့်တိုက်မှဖြစ်စေ၊ မြို့နယ်စာကြည့်တိုက်မှဖြစ်စေ အသိပညာ ဗဟုသုတတို့ ဖြစ်စေမည့်စာတို့ကို အချိန်ပေးကာ ဖတ်ရှုရမည် ဖြစ်သည်။

ကျောင်းစာကြည့်တိုက်မှ စာအုပ်တို့ကို ကျောင်းသား ကျောင်းသူတို့ ဖတ်ရှုရန် တိုက်တွန်းသည့်နည်းတူ ဆရာ၊ ဆရာမတို့သည်လည်း ဖတ်ရှုရမည်ဟူသော အသိလေးကို စွဲမြဲသင့်ပါသည်။ နေ့စဉ်နေ့တိုင်း အသိပညာ၊ အတတ်ပညာ အသစ် အသစ်တွေကို လေ့လာနေရပါမည်။ လူဆိုတာ ကိုယ်လုပ်တဲ့အလုပ်မှာ ဘုရင်တစ်ဆူ ဖြစ်နေရမယ်ဆိုသော ဆောင်ပုဒ်ကလေးကို ကိုင်ကာ မိမိနှင့် ပတ်သက်သော၊ မိမိသင်ကြားရမည့် ဘာသာရပ်နှင့် ပတ်သက်သော အတွေးအခေါ်အသစ်၊ အယူအဆအသစ်၊ ဖြေရှင်းနည်း အသစ်တို့ကို မပြတ်လေ့လာသင့်ပါသည်။

Learn Everyday (နေ့စဉ်သင်ယူခြင်း)

(Learn everyday) နေ့စဉ်နေ့တိုင်း လေ့လာသင်ယူနေရပါမည်။ သင်ယူမှု ရပ်လိုက်သည်နှင့် ဘဝသည် ရပ်သွားပြီ၊ အသိသည် တန့်သွားပြီ၊ ပညာသည် ရေသေအိုင်ပမာ သေသွားပြီ ဖြစ်သည်။ သင်ယူခြင်းတွင် (Discussion)ဆွေးနွေးခြင်း၊ (Problem Solving) အဖြေရှာခြင်းတို့ ပါဝင်သည်။ မိမိဖတ်ထားသည့်စာများ၊ ကြားသိထားသည့် ပုစ္ဆာပြဿနာများကို လုပ်ဖော်ကိုင်ဖက် ဆရာများနှင့် အားလပ်ချိန်၊ နားနေချိန်များတွင် ဆွေးနွေးကြည့်ပါ။ မတူညီသည့် အမြင်၊ မတူညီသည့် ပြဿနာ ဖြေရှင်းနည်းတို့ကို တွေ့လာနိုင်ပါသည်။ ဆွေးနွေးလိုက်သည့်အတွက် မိမိဖတ်ထား သည့် အကြောင်းအရာတို့ မေ့လျော့မသွားဘဲ မှတ်ဉာဏ်ထဲတွင် သိမ်းဆည်းပြီး ဖြစ်နေတတ်သည်။

ထို့အတူ ဖတ်ထားသည့် စာ၊ ကဗျာတို့မှ ကျောင်းသားကျောင်းသူတို့ အရွယ်နှင့် လိုက်လျောညီသည်တို့ကို ပြောပြပြီး ဝိုင်းဖွဲ့ဆွေးနွေးစေသည့်အခါ လူငယ်၊ လူရွယ်တို့ ရှုထောင့်မှ ထင်မြင်ယူဆချက်တို့ကို ရရှိလာမည် ဖြစ်ပါသည်။ မိမိ၏ အသိပညာဗဟုသုတတို့ကို ချဲ့ထွင်ရာတွင် ထိုသို့သော နည်းလမ်းများကို သုံးသင့်သည်။ 

Help Environment (ပတ်ဝန်းကျင်ကို ကူညီခြင်း)

(Help Environment) ပတ်ဝန်းကျင်ကို ကူညီပါ ဆိုသည်မှာ ဝန်းကျင်နှင့် အဆက်ပြတ်မနေစေရန်အတွက် ဖြစ်သည်။ သို့မှသာ မိမိဝန်းကျင်မှ ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို သိမည်ဖြစ်သည်။ ထို့ပြင် မတူညီသည့် စာတွေ့ မဟုတ်သည့် လက်တွေ့ဘဝတွေကို သိမြင်လာမည်ဖြစ်သည်။ လက်တွေ့ဖြေရှင်းရ သည့် ပြဿနာတို့ကို သိမြင်လာမည်ဖြစ်သည်။ ကျောင်းပတ်ဝန်းကျင်တွင်သာ ဝင်ဆန့် သည့် စာသိ၊ စာတတ် ဆရာ၊ ဆရာမအဖြစ်မှ လောကဝန်းကျင်တွင်ပါ ဦးဆောင်နိုင် သည့် သူတစ်ဦးဖြစ်လာပါလိမ့်မည်။

ဆရာကောင်းတစ်ယောက်ဖြစ်လာရန်အတွက် အချက်တချို့ကို ပြောပြဆွေးနွေး လိုပါသည်။

“To teach John Latin, you must know both Latin and John”.

ဆိုသော စကားလေး ဖြစ်ပါသည်။ ဆရာ၊ ဆရာမတစ်ယောက်သည် ကိုယ်သင်ရမည့် ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရမည်ဖြစ်သလို ကိုယ်သင်ရမည့် တပည့်အကြောင်း ကိုလည်း ကောင်းကောင်းနားလည်ထားသူ ဖြစ်ရပါမည်။ တချို့ဆရာ၊ ဆရာမများက ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သည်။ သို့သော် သူ့အတွက်ပဲ ကျွမ်းကျင်ပိုင်နိုင်ခြင်း ဖြစ်သည်။ တပည့်ကို စိတ်ဝင်စားလာအောင် သင်ပေးနိုင်ခြင်း မရှိ။ ဆရာကောင်း ဖြစ်လိုသူသည် ထိုအချက်ကို လုံးဝ သတိထားရမည် ဖြစ်သည်။

မိမိစိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မဝင်စားသည် ဖြစ်စေ ကိုယ်သင်ရမည့် ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းသည် (Professional) ဆန်ခြင်း ဖြစ်သည်။ ယနေ့ခေတ်ပညာရေးသည် တပည့်ကို ဗဟိုပြု သင်ကြားရေးစနစ်ဖြစ်၍ တပည့်လက်ခံ နိုင်မည့်၊ နားလည်နိုင်မည့် သင်ကြားပုံ၊ သင်ကြားနည်းကို စာသင်ရင်းလေ့လာစူးစမ်း ရမည် ဖြစ်သည်။ ထို့ကြောင့် တပည့်ကို နားလည်ခြင်းသည် ခရီးတစ်ဝက်ရောက်ခြင်း မည်ပါသည်။ စာကိုလည်း ကျွမ်းကျင်သည်၊ တပည့်ကိုလည်း သိပြီ၊ တပည့်နားလည် အောင် သင်ကြားပေးနိုင်သည့်နည်းကိုတွေ့၍ ပေးနိုင်ပြီဆိုလျှင် ထိုသူသည် (Effective Teacher) ဖြစ်၍ သူ၏ သင်ကြားခြင်းသည်လည်း (Effective teaching) ဖြစ်သွားပြီ ဖြစ်သည်။

          ဆရာကောင်းတစ်ယောက်ဖြစ်ရန်အတွက် နောက်ထပ် အရေးကြီးသည့် အချက်မှာ (Prepare) ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်။ နောက်တစ်နေ့သင်မည့်စာကို ယနေ့ကတည်းက ကြိုပြင်ထားခြင်း ဖြစ်သည်။ ဆရာ၊ ဆရာမဖြစ်၍ အတန်းသင်ခန်းစာများကို အကြိမ်ကြိမ်အခါခါပြင်ပြီး သင်ပြီးဖြစ်သော်လည်း နောက်တစ်ရက်သင်ရမည်မှာ တပည့်အသစ်များ ဖြစ်ပါသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ခြင်းသည် ဆရာကောင်းဖြစ်လိုသူတို့အတွက် မရှိမဖြစ်လိုအပ်သည့် အချက်ဖြစ်ပါသည်။

ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူတို့ မေးလာနိုင်သည့် မေးခွန်းများကို ကောင်းစွာဖြေဆိုနိုင်မည် ဖြစ်သည်။ ကျောင်းသား ကျောင်းသူတို့မှ မေးခွန်းမမေးလျှင်တောင် မေးလာအောင် စကားလမ်းကြောင်း ပေးရမည်။ သင်ခန်းစာနှင့် ဆက်စပ်သည့် ပြင်ပဗဟုသုတတို့ကိုလည်း ပြောပြလာနိုင်မည် ဖြစ်သည်။

ဆရာကောင်းတစ်ယောက်သည် စာသင်နှစ်ပြီးသွားသည့်အခါ ကျောင်းသား၊ ကျောင်းသူတို့ နားလည်တတ်မြောက် သွားစေမည့်၊ ရရှိသွားမည့်အကျိုးကျေးဇူးတို့ကို ရည်မှန်းချက်ပန်းတိုင်ချကာ အားစိုက်သင်ကြားပေးရပါမည်။

ဆရာ၊ ဆရာမကောင်းတစ်ယောက် ဖြစ်လာစေရန်အတွက် နောက်ထပ် ထိမ်းသိမ်းရမည့်၊ လိုက်နာရမည့်အချက်တစ်ခုမှာ (Emotional Quotient) ဖြစ်သည်။ ဆရာ၊ ဆရာမတစ်ယောက်သည် စိတ်ခံစားချက်ကို ကောင်းကောင်းကြီး ထိမ်းသိမ်းနိုင်ရပါမည်။ အိမ်မှာ၊ လမ်းမှာ၊ ရုံးခန်းမှာ၊ စာသင်ခန်းတစ်ခုခုမှာ အဆင်မပြေဖြစ်ခဲ့၍ စိတ်ခံစားချက်မကောင်း၊ အဆင်မပြေဖြစ်နေလျှင်တောင် ကျောင်းဝင်းထဲဝင်လိုက်သည်နှင့် သို့မဟုတ် စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် “Clean up your mind!” ဆိုသည့် ဆောင်ပုဒ်အတိုင်း စိတ်ရှင်းလိုက်ရပါမည်။ သို့မှသာ ကျောင်းသူ၊ ကျောင်းသား တပည့်များအပေါ်တွင် တက်တက်ကြွကြွနှင့် ထိရောက်စွာ သင်ကြားပေးနိုင်မည် ဖြစ်သည်။ တက်တက်ကြွကြွသင်ပေးသည့် ဆရာ၊ ဆရာမတို့ အချိန်တွင် တပည့်တို့သည်လည်း တက်တက်ကြွကြွ သင်ယူနေတတ်ကြပါသည်။

          ဆရာ၊ ဆရာမကောင်းတစ်ယောက် လိုက်နာရမည့်ကျင့်ဝတ်တို့ ရှိသလို ရှောင်ကြဉ်ရမည့် အချက်တချို့လည်း ရှိပါသည်။

Avoid social media

Never be truly alone

Never befriend students

Never exchange cell phone numbers

Never give students a ride

Never respond to personal questions တို့ ဖြစ်ပါသည်။

ဆရာ၊ ဆရာမကောင်းတစ်ယောက်အတွက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် တို့ကို လိုက်နာကျင့်သုံးရမည့်အပြင် ရှောင်ကြဉ်ရမည့် ကျင့်ထုံးတို့ကိုလည်း လုံးဝ ရှောင်ကြဉ်ခြင်းဖြင့် ဆရာကောင်းတစ်ယောက် ဖြစ်လာနိုင်မည် ဖြစ်ပါသည်။

ထူးအောင်ဝင့်

(၂၉.၇.၂၀၂၄)

          

Comments