သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄)

"နင်တို့ ဝယ်မယ်ဆိုရင် ငါ့ရွာမှာ လာဝယ်ရမယ်နော ဒီရွာ (ကျောက်ဆုံ) ကို လာမရောင်းဘူး"
"ခင်ဗျားရွာက ဘယ်ရွာလဲ"
"******* ရွာလေ "
" ဟာ ဆိုင်ကယ်တောင် စီးမရတဲ့ရွာလေ ဘယ်သူဌေးက လာမလဲဗျ ကားလမ်းပေါက်ရင်တောင် မနည်းခေါ်ရမှာ"
"မသိဘူး ငါလည်း ငွေအများကြီးနဲ့ သူများမယုံဘူး"
( ကျောက်ဆုံသားတွေကပဲ လုယူမလိုလို ဗျ ပြောပေါက်က)
" ဒါဆိုလည်း ရပ်စောက်ကို လိုက်ရောင်း တခါတည်း ဘဏ်စာရင်းဖွင့်ပြီး ပေးလိုက်မယ် ခင်ဗျား ဘဏ်စာအုပ်ပဲ ယူသွားပေါ့ "
" အိုး ငါ့များ လူအ မှတ်နေလား ကိုယ်နဲ့ မသိတဲ့ လူတွေ လုပ်ထားတဲ့ ဘဏ်ထဲမှာ ငါ့ငွေ ထားခဲ့ပြီး သူ့တို့ဆီက စာရွက်လေး ပဲ ပြန်ယူလာလို့ ကတော့ ငါ့ ခေါင်းအုံး သူများအုံးသွားမှာပေါ့"
( ဒေါသလည်းထွက် ရီလည်း ရီချင်ဖြစ်တယ်ဗျ ငါ့ခေါင်းအုံး သူများ အုံးသွားမယ် ဆိုတာ သူ့မိန်းမ နောက်လင် ယူသွားမယ်လို့ ပြောတာပါ)
" ကဲ ကျနော်တော့ မလုပ်တတ်တော့ဘူး သူဌေးပဲ ပြောကြည့်ရမှာပဲ ရမယ်ဆိုလည်း ပြန်လာခဲ့မယ် ခင်ဗျားတို့လည်း သူ့ကို နားချကြည့်အုံးပေါ့"
" အင်းဗျာ အတော်ခက်တဲ့ ပလောင်ပဲ နားတပေါက်ဆိုတာ ဒါမျိုးဗျ"
အဲဒီလို ပြောဆိုနေတုန်း ဘုန်းကြီးကျောင်းပေါ်က လော်စပီကာသံ ထွက်လာပါတယ် လယ်တကွက် ဘယ်လောက် နွားတကောင် ဘယ်လောက် နဲ့ အော်နေတာလေ ။ ဘာတွေ အော်နေတာလည်း မေးတော့ သူပုန်က ဆက်ကြေးလာကောက်နေတာတဲ့ ။
ကျနော် အတော်လေး အံ့သြသွားပါတယ် ။ တောင်ဖက်မှာ ကျောက်ဂူ အမြောက်တပ် မြောက်ဖက် ၆ မိုင်လောက်မှာ နောင်ချို အမြောက်တပ်နဲ့ အခြားတပ်တွေ ကြားထဲက ကျောက်ဆုံလိုရွာမျိုးမှာ SSA အဖွဲ့က လော်စပီကာနဲ့ ဆက်ကြေးတောင်းလို့ ရနေတဲ့ တိုင်းပြည်ရဲ့ အနေအထားကို စဉ်းစားသာ ကြည့်ပါတော့ ။ ရန်ကုမြို့ပေါ်က စစ်ပွဲရပ် ဆိုတဲ့ ငတိတွေကို ပြစမ်းချင်ပါတော့တယ် ဒေသခံတိုင်းရင်းသားတွေရဲ့ ညည်းညူပြောဆိုနေသံတွေကိုပေါ့ ။
ကျနော်တို့လည်း ပြန်လာခဲ့ပါတယ် ။ ကျောက်ဂူရောက်တော့ ခဲသတ္တု လိုက်ပြမယ့်သူ ရောက်နေပါပြီ ။ ဘယ်သွားရမှာလည်း ဆိုတော့ အုန်းကျော ဟယ်လယ် ရွာကိုတဲ့ ။ ကြားဖူးပြီး မရောက်ဖူးသေးတဲ့ ရွာပေါ့ ။ ဗကပ ဆရာကြီး ဗသိန်းတင် ဌာနချုပ် လုပ်ခဲ့တဲ့ ရွာပေါ့ဗျာ ။
သစ်ထုတ်လမ်း ရှိတယ်တဲ့ တကယ်သွားတော့ လမ်းတွေအားလုံး ပျက်စီးနေပါပြီ ။ ဆိုင်ကယ်တောင် မနည်းစီးရပါတယ် ။ လမ်းတလျှောက်မှာ ဆိုင်ကယ် ဘရိတ်တံ အကျိုးတွေ ဒူးကာ အပဲ့တွေ အဆက်မပျက် တွေ့နေရတဲ့ အနေအထား ဆိုတော့ လမ်းကို မှန်းသာ ကြည့်ပါတော့ ။
အချို့နေရာတွေမှာ ဆိုင်ကယ်ကို နှစ်ယောက်သား အားကုန် မရွှေ့ ရတဲ့ နေရာ လေးနေရာ ဖြတ်ခဲ့ရပါတယ် ( တယောက်ထဲဆို သွားမရပါဘူး ဆိုင်ကယ်စပယ်ယာ ခေါ်ရတဲ့ လမ်းပါပဲ ) ကွေ့ကောက်စီးနေတဲ့ ချောင်းထဲအတိုင်း ခေါက်တုန့် ခေါက်ပြန် ဒီတချောင်းထဲ ဖြတ်နေရတာ အကြိမ် ၄၀ ကျော်တော့ မရေနိုင်တော့ပါဘူး ။
ဒီလိုနဲ့ ညနေစောင်းမှ အုန်းကျော ဟဲလယ် ရွာကို ရောက်ပါတယ် ။ နားနေတုန်းရှိသေးတယ် ဝက်ဝံရလာလို့ အသားယူမလားဆိုပြီး လာမေးလို့ လိုက်ဝယ်ကြပါရော ။ ဝံသည်းခြေဆိုတာလေးကို နေလှန်းထားပါတယ် ဝါဖန့်ဖန့်လေးဗျ ပဲဆီရောင်ပါပဲ ။ ၇ ကျပ်သားရှိသတဲ့ ။
အိမ်ထဲ ခဏနားပါအုံး ဧည့်သည်ဆရာတွေ အတွက် ဝံခေါက်ကြော် ထည့်ခဲ့ဟေ့ ဆိုပြီး ဧည့်ခံပါတယ် ။ ဝက်ဝံသားရေက မလှတော့လို့ ကြော်စားလိုက်တယ်ဆိုပဲဗျ ။ လူတိုင်းရဲ့ ပါးစပ်တွေ ထဲမှာလည်း တကျွိကျွိ နဲ့ ဝါးနေကြပါရောလား ။
လာပါပြီဗျာ ဝံခေါက်ကြော် ပုဂံရယ် ရေနွေးခါးခါးရယ် ဆားပုဂံရယ်ပေါ့ ။ ရေနွေးကို ဟန်ပါပါငှဲ့ထားပြီး ဝံခေါက်ကြော် တဖက်ကို ဆားနဲ့ တို့ကာ ပါးစပ်ထဲ ထည့် ဝါးလိုက်ပါရော ။ အမလေးဗျာ မာလိုက်တဲ့ ဝံခေါက်ကြော် သွားကြိုးမတတ် ကြိတ်ဝါးတာတောင်း ဒင်းက တုတ်တုတ် မလှုပ်ချင်ဘူး ။ ဟန်မပျက် ဝါးနေရင်း လူအလစ်မှ ပါးစပ်သုတ်သလိုနဲ့ လက်ထဲပြန်ယူပြီး ကြမ်းပေါက်ကနေ လွှင့် ပစ်ခဲ့ရပါတယ် ။
အသား သုံးပိဿာ ဝယ်လာပြီး အိမ်ရှင် တပိဿာပေး တပိဿာ ချက်ခိုင်းပြီး ကျန် တပိဿာကို ဆီပူထိုးကာ ရပ်စောက်ယူဖို့ ချန်ထားခဲ့ပါတယ် ။ မှတ်မှတ်ရရ ဗသိန်းတင် နေခဲ့တဲ့ နေရာကို ရောက်အောင်သွားခဲ့ပါသေးတယ် ။ ကုန်းလေးပေါ်မှာဗျ အခုချိန်ထိ အဲဒီရွာ ဗသိန်းတင်ကုန်းလို့ နာမည်တွင်တုန်းပါပဲ ။
မနက်ကျမှ ခဲကျော သွားကြည့်ပါတယ် ။ ပြောရင် ယုံနိုင်ဖွယ်မရှိပါဘူး ။ ကျနော်တသက် အကောင်းဆုံး ခဲတွေပါပဲ ။ ခဲပါဝင်နှုံး ၉၀% ကျော်ပါတယ် ။ ရန်ကုန်ကို ဓါတ်ခွဲ လိုက်တော့ သူဌေးက ခဲတွေ ကြိုပြီး ပို့လိုက်တာလားလို့ မေးရတဲ့ အမျိုးအစားပါပဲ ။
ထုံးစံအတိုင်း GPS ဖတ်ပြီး နယ်ခံလိုက်ပြသူကို စတိအနေနဲ့ ၅ သောင်း ပေးခဲ့ပါတယ် ။ လုပ်ကွက်ဆွဲဖို့ အဆင်ပြေရင် သိန်း ၂၀ နဲ့ အလုပ်ပေးဖို့ ကတိပေးခဲ့ပါတယ် ။ ကျနော်တို့လည်း တည ဆက်အိပ်ပါတယ် ။ ကြေးပါဝင်တဲ့ ကျောက်တွေ လာပြပါတယ် ။ စိမ်းပြာရောင်နဲ့ ကျောက်တွေဟာ ထီးဆန်ကုန်းက ကျောက်တွေထက် ပိုကောင်းပါတယ် ။ ကျနော့် ကုမ္ပဏီက ကြေးထုတ်နိုင်တဲ့ နည်းပညာ အရင်းအနီး မရှိပါဘူး ဆက်သွယ်ပေးပါ့မယ်ဆိုပြီး ပြောခဲ့ရပါတယ် ။
လူတယောက်က ပိတောက်ကျည်းပေါင်း တခု လာပြပါတယ် ။ ကျနော်ကလည်း မဝယ်ပါဘူး ဒါပေမယ့် ဝယ်သူရဲ့ ဖုန်းနံပါတ် ပေးခဲ့ပြီး ဒီကျည်းပေါင်း ရတဲ့ နေရာ ရဲ့ မျက်နှာချင်းဆိုင်ဖက်မှာ နောက်ထက်ကျည်းပေါင်းတခု ရှိလိမ့်မယ် ရှာကြည့်ပါလို့ အကြံပေးခဲ့ပါတယ် ( နောက်တခေါက်ရောက်တော့ တွေ့တယ်ပြောပါတယ် ဘာသဘောမှန်းမသိတဲ့ ထူးဆန်းသော သဘာဝပါပဲ )
ကျနော်တို့ ရပ်စောက်ပြန်ရောက်တော့ သူဌေးဆီက ဖုန်းလာပါတယ် ။ ရွှေကိစ္စအဆင်မပြေဘူးတဲ့ ။ ဘာလို့လဲ ဆိုတော့ အခွန်ကိစ္စပါ ။ ဟိုတုန်းအချိန်ပေါ်လစီက ရွှေခွန်ဆိုတာ တလ ၂ ကျပ်သား နုံးနဲ့ တလခြင်း ဆောင်ရတာတဲ့ ။ အခု တနှစ်စာ ၂၄ ကျပ်သားတခါတည်း ဆောင်ရမှာမို့ မလုပ်တော့ဘူးတဲ့ ( အတော် သတ္တိကောင်းတဲ့ သူဌေးပါပဲ )
၂ ရက်လောက် အေးအေး ဆေးဆေးနားပြီးတော့ နောက်တရက်မှာ ကိုစိုးက လူတယောက်ခေါ်လာပြန်ရောဗျ ။ သူပြောတာက ဂူကြီးတခုထဲမှာ သံတိုင်တွေ နဲ့ ပိတ်ထားပြီး ရေနွေးခရားလောက်ရှိတဲ့ သော့ကြီး ခပ်ထားသတဲ့ ။ သံလမ်းလည်း ရှိသတဲ့ လိုက်ပြမယ်တဲ့ ။ ကျနော် သေသေချာချာ မေးပါတယ် ။
" ခင်ဗျား အတွင်း ဝင်မကြည့်ဘူးလား"
"ဝင်လို့မှ မရတာ"
"သော့ဖျက်ပြီး ဝင်ပေါ့ဗျ"
"သော့က ဘယ်လိုမှ ဖျက်မရဘူး ဒိုင်းဆန်တွေပဲ အသွားတုန်းကုန်တယ် အရာတောင် မထင်ဘူး"
" ဒါဆို သံတိုင်တွေ ဖြတ်ပေါ့ဗျာ"
"သံတိုင်တွေလည်း သော့လိုပဲ အရာတောင်မထင်ဘူး"
"အင်း စိတ်တော့ ဝင်စားတယ်ဗျ သံလမ်းက ဘယ်ပါလာတာလည်း အပြင်မှာကော အဆက်မတွေ့ဖူးလား "
"သံတိုင်တွေနားမှာပဲ ဆုံးသွားတယ် ရထားလမ်းလောက်လည်း မကြီးဘူး"
" ဒါဆို ထလော်လီ လမ်းပဲဗျ သတ္တုတမျိုးမျိုး ထုတ်တဲ့ မိုင်းတွင်းနေမှာပါ သွားမကြည့်တော့ပါဘူး"
ဒီလူပြန်သွားတော့မှ ကိုစိုးက သွားချင်တယ် ပြောနေသေးတယ် ။ ကျနော်တို့ လုပ်နိုင်စွမ်းထက် ပိုတဲ့ အနေအထားမှာ ဥပေက္ခာပြုထားရအောင်ဗျာ နောက်အခြေ အနေပေးမှ သွားတာပေါ့လို့ ပြောခဲ့ရပါတယ် ။
( သော့ကိစ္စကို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖြစ်နိုင်ခဲ့ကြောင်း သိခဲ့ရပါတယ် )
နေ့လည်မှာ ကိုစိုးက ဘကြီး တယောက် ခေါ်လာပါတယ် ။ လက်ဖက်ရည်ဆိုင်မှာ ဧည့်ခံပြီး စကားပြော ကြည့်တော့ သူ့ဆီမှာ ရှိတဲ့ မောင်းကို တီးလိုက်ရင် မီးငြိမ်းသွားတယ်တဲ့ ။ မောင်းသံကြားတဲ့ တိရိစ္ဆာန်တွေ အော်သတဲ့ ။ ထူးဆန်းတယ်ဗျာ ဒါနဲ့ ကိုစိုးက ဝင်ပြောတယ် ဝယ်သူရှိသတဲ့ ဖုန်းနံပါတ်ပေးလို့ ကျနော် ဖုန်းဆက်မေးတော့ ဟုတ်တယ် ပစ္စည်းမှန်ရင် ဝယ်မယ်တဲ့ ။
ကျနော်သွားကြည့်မယ် စစ်ပြီးမှ လှမ်းခေါ်မယ် ဆိုတော့ ok တဲ့ ။ ဒါနဲ့ ဘကြီးရယ် ကိုစိုးရယ် ခေါ်ပြီး ဝိုင်းဝိုင်း ထမင်းဆိုင်မှာ ထမင်းစားပြီး ရွာကိုသွားကြပါတယ် ။ ရွာရောက်တော့ တခါတည်း မောင်းကို ထုတ်ပြပါတယ် ။
နောက် တထွာလောက်ရှိတဲ့ မှန်အိမ်လေးထဲ မီးထွန်းပြီး မောင်းတီးလိုက်ပါတယ် ဖျက်ကနဲ့ မီးငြိမ်းသွားပါတယ် ။ အိမ်ထဲက ကြက်တွေ ဘဲတွေ လန့်အော်ကြပါတယ် ။ နှစ်ကြိမ်စမ်းပြီးတော့ ခွေးဟောင်သံ အူသံမကြားလို့ မေးတော့ ပအို့ရွာ ခွေးမမွေးဘူးတဲ့ဗျ ။
ကဲ အဆင်ပြေပြီ နောက်နေ့မှ ဝယ်လက်နဲ့ ပြန်လာမယ်ဆိုတော့ နေအုံး ထမင်းစားသွားပါဆိုပြီး အတင်းကျွေးပါတယ်။ ကလေးက မှိုဟင်း ယူလာတော့ ကျနော်က ဘာလည်း နောက်ထပ်မလာအောင် မှိုကျွေးတာလားဆိုတော့ ဘကြီးက ကလေးဆိုတော့ နားမလည်လို့ပါ ပြန်ယူသွားလို့ ခိုင်းပါတယ် ။ ( ပအို့စ် တွေက ဧည့်သည်ကို မှိုမကျွေးဘူးဗျ နောက်တခေါက် မလာမှ စိုးလို့တဲ့ ကိုအေးကျော်က ပအို့စ် လေ သူပြောပြလို့ သိတာပါ)
နောက်တရက်မှာ ဝယ်လက်နဲ့ ချိန်းပြီး သွားကြပါတယ် ။ ဟိုရောက်တော့ အချိန်မဆွဲပဲ စမ်းသပ်ပါတယ် ။ မီးအိမ်နဲ့ စမ်းသပ်တာ အဆင်ပြေပါတယ် ။ ဝယ်လက်က ဖယောင်းတိုင်ထွန်းပြီး စမ်းတယ်ဗျ မီးမငြိမ်းပြန်ဖူးလေ ။ အကာပါတဲ့ မှန်အိမ်နဲ့ ပြန်စမ်းတယ် ငြိမ်းပြန်ရော ။
ဝယ်လက်လည်း ခေါင်းကုပ် ဖင်ကုပ် မေးပွတ်စဉ်းစား ကျနော်တို့လည်း အူတယားယားပေါ့ ။ ဝယ်လက်က ပြောပါတယ်
" ကျနော်လည်း ဒါမျိုး မတွေ့ဖူးသေးဘူး တကယ်ဆို ဖယောင်းတိုင်မီးပါ ငြိမ်းရမှာဗျ ဒီတော့ ဒီလို လုပ်စို့ဗျာ......?"
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ