သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂)


သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂)
၄၅. မိနစ်လောက်ထိ ပြန်မလာတော့ ပွဲစားတွေ လိုက်ရှာကြပါတယ် ။ နောက်ဆုံး ဘယ်လိုမှ ရှာမရတော့ အားလုံးတိုင်ပင်ပြီး သေတ္တာကို ရိုက်ဖွင့်ပါတယ် ။ တမိုက်လောက်ရှိတဲ့ ထိုင်ကိုယ်တော် မဲမဲလေးတွေ့ရပါတယ်။ ရုံထားတဲ့ သဃန်းက ပြောင်းပြန်ရုံထားတာပါ ( ဒါကြောင့် ဘုရားမဟုတ် ညာတင်ကုတ်လို့ ဆိုထားတာပါ) လှုပ်ကြည့်တော့ အတွင်းက ဂလောက် ဂလောက်ဆိုတဲ့ အသံကြားရပါတယ် ။
နောက် ဖယောင်းတိုင်မီးနဲ့ ဆင်းတုအောက်ကနေအပူပေးပါတယ် မီးညွှန့်က ၆" လောက်ထိလိုက်လာပါတယ် ။ ဆိုင်ကယ်စပုတ်တံထိုးတော့ မပြတ်ပါဘူး ။ သူတို့တတွေ ဆူဆူညံညံ ငြင်းခုန်နေတုန်း ကျနော် အရုပ်ကို အသေအချာ စစ်ကြည့်တော့ ပလ္လင်မှာ အဝိုင်းရာလေး တွေ့ပါတယ် ။ ဒါးနဲ့ ခြစ်လိုက်တော့ ပိတ်ထားတဲ့ အဝိုင်းပြား ကွာပြီး အထဲက ခဲလုံးလေး ထွက်လာပါတယ် ။ ( အသံမြည်တာ ဒါကြောင့်ပါ)
ကိုပေါက ဓါတ်လုံး လဲသွားတာလို့ ပြောပါတယ် ။ အဲဒီအရုပ် ကိုပေါက ယူလာပါတယ် ။ အိမ်ရောက်တော့ ထပ်စမ်း ဘာမှမဖြစ်ပါဘူး ။ ကျနော်က အရုပ်ကို ထပ်ကြည့်ပြီး ကိုပေါ အရုပ်က ရှေးဟောင်းမဟုတ်ဖူး အခုအရုပ်ဗျ ဆိုတော့ ဘာဖြစ်လို့လဲတဲ့ အပေါက်ကိုလွန်နဲ့ ဖောက်ထားတာ ကြည့်လေ ဆိုတော့ မှ ဟုတ်သားပဲတဲ့ ။
ကျနော်စိတ်ထဲမှာ မကျေနပ်ဖူးဗျ (ကိုပေါ စစ်ခဲ့တုန်းက မှန်တယ် ပြောတာကိုး) ဒါနဲ့. ကိုပေါ နဲ့ နှစ်ယောက်သား ထုံးဖိုက ကျနော့်မိတ်ဆွေ ကိုသားကြီးဆီ လာခဲ့ပါတယ်( သူက လူစုံ လေ)
" ဟော ကိုမျိုး ဘယ်က မျက်စိလည်လာတာလဲ လာဗျ ထိုင်ပါ"
" တမင်လာတာဗျာ ဒါက ကိုပေါတဲ့ မန္တလေးက ကျနော့်မိတ်ဆွေ "
" ဟုတ်ကဲ့ နောက်လည်း လာပါကိုပေါ မိတ်ဆွေအသစ်ရတာပေါ့ အခု ဘာကိစ္စပါလာသေးလည်း ကိုမျိုး"
"လိုရင်းပြောမယ် ကိုသားကြီးရေ ကိုပေါတို့ မနေ့က ညာတင်ကုတ်အလိမ်ခံလိုက်ရတယ်ဗျ"
" သြော် ရွှေညောင်မှာ ဖြစ်တာလား ကြားတယ်ဗျ ဘယ်လောက်ပါသွားလို့လည်း"
"ငွေတော့ မပါ ဘူး အချိန်ကုန်လူပမ်းပေါ့"
" အဲဒါ ကိုပေါက သူကိုယ်တိုင် စစ်ဆေး မှန်ကန်နေတဲ့ ပစ္စည်းမို့ သံယောဇဉ် မပြတ်ဖြစ်နေလို့ ချိတ်ဆက်လို့ ရနိုင်သေးလားလို့ ကိုသားကြီးဆီ လာမေးတာ"
" ဟား ဟား ဟား အလကား အင်တွေပါဗျာ လုပ်မနေပါနဲ့"
" ဟုတ်လို့လားဗျ ဘယ်လို လုပ်တာလည်း"( ကိုပေါမေးတာပါ)
" ok ကျနော်ဖုန်းခေါ် မေးပေးမယ် အသာနားထောင် စပီကာ ဖွင့်မယ်"
"ဟဲလို ကိုသားကြီး ဘာကိတ်"
" ဘာကိတ်မှ မဟုတ်ဖူး မင်းဆီက ပစ္စည်းတခု လိုချင်လို့ ဒီမှာ ငါ့မိတ်ဆွေတွေလည်း ရှိတယ် သူတို့ယူမှာ "
" ဘာပစ္စည်းလည်း "
"ညာတင်ကုတ် စျေးပါပြော သူတို့လည်း ကြားတယ်"
ရတယ်လေ စျေးက သိန်း ၃၀၀"
" ဟကောင် မင်း အချုပ်ထဲ အလည်သွားချင်လို့လား မတန်မရာ မပြောနဲ့ကွာ"
" ကိုသားကြီး လူတွေဆို ၅၀ နဲ့ပေးပါမယ်"
"အေး မီးက ဘယ်နှစ်လက္မထိဆွဲမလဲ "
" လက်တဆန့်ထိဆွဲဗျာ"
"စပုတ်တံ ဘယ်နှစ်ချောင်းရမလဲ"
" အစည်းလိုက်ထိုး ပြတ်တယ်"
" ok တိုင်ပင်ပြီး အကြောင်းပြန်မယ်"
" ကဲ ကြားတဲ့ အတိုင်းပဲ ဒီကောင့်နာမည်က တပွဲတိုး အောင်သိန်းတဲ့ လူလိမ်ပေါ့"
" ကဲ ကျေးဇူးပဲ ကိုသားကြီး ပြန်အုံးမယ် "
"ok ok ဖြေးဖြေးပြန်နော် ကိုပေါ နောက်လည်း လာပါဗျ"
" ဟုတ်ကဲ့ ပြန်ပြီနော်"
ကနော်တို့လည်း ပြန်လာပါတယ် ။ နောက်တနေ့ ကိုပေါပြန်သွားတော့ ညာတင်ကုတ်အရုပ်အတုကြီး ကျနော့ဆီ ထားခဲ့ပါရော ။ နောက်တနေ့ ကိုသိန်းကျော် ရောက်လာပါတယ် ။ သနပ်ဖက်ခြံလုပ်တဲ့ ပလောင်အဖိုးကြီးက ခဲကြောတွေ့ထားတယ် လာကြည့်ပါ ခေါ်လို့တဲ့ ။
ကျနော်နဲ့ ကိုစိုးလည်း ကိုသိန်းကျော် ခေါ်တဲ့ နောက် လိုက်သွားကြပါတယ် ။ ထုံးစံအတိုင်း မုန့်တွေ ရေဗူးတွေ အချဉ်ပေါင်းတွေ နဲ့ပေါ့ ။ ထီးဆန်ကုန်းမှာ ခဏနားပြီး ဆက်သွားကြပါတယ် ။
ဘော်ဆိုင်းတောင်ကျော ဖြစ်ပေမယ့် အရင်တခါသွားခဲ့တဲ့ ပုန်းတပ်ရွာ ဖက်မဟုတ်တော့ပဲ အခြားလမ်းကနေသွားပါတယ် ။ လမ်းက ကောင်းတော့ ဘယ်ရောက်လည်းမေးပါတယ် ဘော်ဆိုင်းထိရောက်တယ်တဲ့ ။ တနေရာရောက်တော့ ညာဖက်က တောင်ကျောပေါ် ဖဲ့ပြီး တက်သွားရပြန်ပါတယ် ။ လမ်းကလည်း ဆိုးလာပါပြီ ။
ကပ်သီးကပ်ဖဲ့ လမ်းလေးမှာ ဆယ်မိနစ်လောက်စီးပြီးတော့ တောင်းစောင်းတလျောက် လမ်းဆင်းလျောက်ရပါတယ် ။ တနာရီလောက်ကြာမှ သနပ်ဖက်ပင်ကြားထဲက အိမ်ကြီးတအိမ်ဆီ ရောက်ခဲ့ပါတယ် ။
အိမ်ထဲရောက်တော့ အသက် ၂၀ လောက်ရှိတဲ့ ကလေးမလေးတယောက်တည်း ထမင်းချက်နေပါတယ် ။ ကိုသိန်းကျော်ကို နုတ်ဆက်ပြီး အဘက ထမင်းစားချိန်ပြန်လာမှာ စောင့်နေပါလို့ မှာခဲ့ကြောင်း ပြောလို့ စောင့်နေရပြန်ပါတယ် ။
မီးဖိုက အိမ်ရဲ့ အလယ်မှာ ထားလေ့ရှိတော့ ကလေးမ ချက်ပြုတ်နေတာ မြင်နေရပါတယ် ။ ထမင်းပြီးတော့ ကြက်သွန်နီဆီမွှေးကြော်ပြန်ပါတယ် ။ နောက်ပဲပုတ်ကင်ပြီး ထောင်းပါတယ် ။ နောက်ရေနွေးတည်ထားပါတယ် ။
အဖိုးကြီးတယောက်ပြန်လာပြီး နုတ်ဆက်ပါတယ် ။ နောက်သမီးဖြစ်သူကို ထမင်းချက်ခိုင်းတော့ ချက်ပြီးပြီ ပြောပါတယ် ။ ဟင်းကော ဆိုတော့ ဧည့်သည်တွေအတွက် ချက်ပြီးပါပြီတဲ့ ။ ဒါဆို စားကြစို့ ဆိုပြီး ကျွေးပါရော ။
ထမင်းဝိုင်းထဲမှာ ပဲပုပ်ထောင်း မုန်ညှင်းကျော် ပဲပြုတ် ဆီမွှေးတပန်းကန် ယံယံခေါက်ဆွဲ ဟင်းချို ဒါပဲ ။
(ကျနော်ထင်ထားတာ ပဲပြုတ်ကို ဆီမွှေးနဲ့ နယ်ဖတ်ကျွေးမယ်ထင်တာ နောက်မှ မေးကြည့်တော့ အဲဒါ ဧည့်သည်အတွက်မို့ သီးသန့်ချက်ထားတဲ့ ဟင်းတဲ့ သူတို့ဆို အဲလို မစားဘူးတဲ့ ကဲ သူတို့ဘဝတွေ ဘယ်လောက် သနားစရာကောင်းလည်းဗျာ)
ထမင်းစားပြီး ခဏနား ခဲနမူကြည့်ပြီးမှ အဖိုးကြီး ခေါ်တဲ့ နောက် လိုက်သွားပါတယ် ။ တောင်ကုန်း ၂ ခုကျော်ပြီး ရောက်ပါပြီ ။ ဆယ်ပေလောက်တူးထားတဲ့ ကျင်းထဲ ဆင်းကြည့်ပါတယ် ။ ခဲကြောက လက်နှစ်လုံးလောက်ပေါ်နေပါတယ် ။ ခဲသားလည်း ကောင်းပါတယ် မကြိုက်တာက အကြောက တောင်မြောက်မသွားပဲ အရှေ့အနောက် သွားနေတာပါ ။ (စာအုပ်ဖတ်ထားတဲ့ အကျိုးတွေပါပဲ)
ပြန်လာပြီးမှ အဖိုးကြီးကို အသေအချာ ရှင်းပြပါတယ် ။ သနပ်ဖက်ခြံတွေရှိနေလို့ လုပ်ကွက်လျှောက်မရတာရယ် အကျောက တောင် မြောက်မဖြစ်တာရယ်ကြောင့် အဆင်မပြေဘူးဆိုတဲ့ အကြောင်းရယ် ကိုယ့်ဘာသာ အကြံပေးခဲ့ပါတယ် ( တကယ်တန်းကျ သူတို့က ပိုကျွမ်းပါတယ်)
ပြန်လာပြီး ညနေပိုင်းရေမိုးချိုး လက်ဖက်ရည်ဆိုင် ထွက်လာတော့ ကိုစိုးက လက်ကုပ်ခေါ်ပြီး ကျနော့်ကို နောက်ထဲလိုက်ခဲ့ဖို့ အချက်ပြပါတယ် ။ ကျနော်လည်း လိုက်သွားပါတယ် ။
" မီးလောင်ကျောက်ဆိုတာ သိသလားကိုမျိုး"
" ကြားတောင် မကြား ဖူးဘူး"
" သူက တပိဿာကို သုံးသိန်းလောက်ရှိတယ် အဲဒါ ကျနော့်လူတွေ တွေ့ထားတယ် "
" ကျနော်မှ နားမလည်တာဗျာ"
" ဒီမှာ နမူနာ ကြည့်ဗျ "
( ရေထည့်ထားတဲ့ ပုလင်းထဲက ရွှေဝါဆပ်ပြာ အရောင် ခဲလေးကို ထုတ်ပြပါတယ် ကြည့်နေရင်းနဲ့ အခဲလေးက အငွေ့တွေ အူထွက်လာပြီး ဝါးထားတဲ့ ပီကေလို ပျော့သွားပါတယ် ခဏနေတော့ ဟုတ်ကနဲ မီးထတောက်ပါတယ် အောက်ခံထားတဲ့ အသားပြားပါ စွဲနေအောင် လောင်အားပြင်းလှပါတယ်)
" အဲဒါပဲဗျ သူတို့က ယူပေးမယ်ပြောတယ် လောလောဆယ် စရိတ် ၃ သိန်း ပေးပါလို့ ပြောတယ်"
"သူတို့က တောထဲက အလကားရတာ ဘယ်လောက်နဲ့ ရောင်းမှာလည်း?"
" သူတို့ကို ၁ သိန်းစျေးပေးရင်ရပြီ "
" ဒါဆို ၂ သိန်းနှုံးမြတ်မယ်ပေါ့"
" ဟုတ်တယ် အဲဒါ ကိုမျိုး ၃ သိန်းလောက် ရင်းနိုင်မလား?"
ကျနော် ဒီနယ်မှာ သစ်ထုတ်လာတော့ တောသားတွေပါ ဆိုပြီး လိမ်ခဲ့သူတွေ တွေ့ပေါင်းများလှပြီ ကျနော်မယုံပါဘူး ။
" ဝယ်မဲ့သူ ဘယ်သူလည်း သေချာလား နောက်ပြီးတော့ အခု နမူနာ ယူလာတဲ့ လူတွေကကော စိတ်ချရပါ့မလား?"
" အကုန်ချိတ်ပြီးပြီ စိတ်ချပါ ဒီကောင်တွေကို ငါးသောင်းစျေး ပေးလည်းရတယ်"
( သစ်တတန် တထောင်လျော့ဖို့ မနည်းဆစ်နေရတာ ချက်ခြင်း တပိဿာ ငါးသောင်း လျော့ရမယ်ဆိုကတည်းက ဆုံးဖြတ်ချက်ခိုင်သွားပါတယ်)
" အေးဗျာ စဉ်းစားပါရစေဦး မနက်မှ အဖြေပေးပါ့မယ်"
"ok ပါ လုပ်ဖြစ်အောင် လုပ်ပါကိုမျိုး ဒါမျိုးက တွေ့ခဲတယ်"
" အေးပါဗျာ"
နောက်တနေ့ မနက်အစောကြီး ကိုစိုးလာမေးတယ် ကျနော် မလုပ်တော့ဖူးပြောတော့ မျက်နှာပျက်နေတယ် ။သူ့ကို မယုံလို့လားတဲ့ မဟုတ်ဖူး ပစ္စည်းရှင်ကော ဝယ်ပါမယ့်ဆိုသူရော မယုံလို့ ပါ ဆိုပြီး ပြောပြလိုက်ပါတယ် ။
နောက်တနေ့မှာ အေးသာယာက ကိုအေးကျော်ဆိုတဲ့ မိတ်ဆွေဆီ သွားပါတယ် ။ သူက ယင်းမာပင်နယ်ထဲမှာ ခဲရှိတယ် သွားမလားလို့ မေးပါတယ်။ နောက်ရက်သွားဖို့ ချိန်းခဲ့ပါတယ် ။
ပြန်လာတော့ အိမ်ထဲမှာ လူတွေ အများကြီး စောင့်နေပါတယ် ။ ဘာကိစ္စလဲမေးတော့ ကိုပေါ မှာထားတဲ့ ဂန္ဘီရပစ္စည်းတွေ တွေ့ထားလို့ လာပြတာပါတဲ့ ။
ကဲ ကိုပေါဆီ ဖုန်းဆက်မေးရပါပြီ။ ဘာပစ္စည်းမေးတော့ ပြဒါးငုပ် နဲ့ ခြစ်ပိတ်တဲ့။ ကိုယ်လည်း တခုမှနားမလည်ဘူး ကိုပေါက စစ်နည်းပြောပြီး စစ်ခိုင်းပါတယ် ။
ပြဿနာ စလာပါပြီ.....

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ