သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃)

" ဒီအတိုင်းတော့ အစမ်းမခံနိုင်ဘူး ဝယ်မဲ့ငွေ ပြမှ အစမ်းခံမယ်"
" ကျုပ်က ဝယ်လည်း မဝယ်ဘူး စိတ်လည်း မဝင်စားဘူး ပြန်တော့ဗျာ"
"ဒီလိုတော့ မလုပ်ပါနဲ့ အရောင်းအဝယ်ဖြစ်အောင် လုပ်ပေးပါ "
"ခင်ဗျားတို့ ပစ္စည်း ကြည့်ပြီး စမ်းပြီးမှ ရမှာပေါ့ စျေးထဲက ကြက်သွန် ငရုတ်တောင်မှ ကြည့်ပြီးမှ ဝယ်တာလေ "
"ဟုတ်ပါတယ် ဆရာ ကဲ ကဲ ပြလိုက်ကွာ ပစ္စည်း "
တခုက ရှေးခေတ် ဟင်္သာအလေး နောက်တခုက အနက်ရောင် တိုးနယား အရုပ်ကလေးပါ ။ ဟင်္သာက ပြဒါးငုပ် တိုးနယားက ခြစ်ပိတ် ။
" ကဲ ခြစ်ပိတ် အရင်စမ်းမယ် "
( အရုပ်ကို ဒိုင်းဆန်နဲ့ တိုက်ပါတယ် အရာထင်ရုံပါပဲ အမှန်က စပါးလုံး တလဲစာလောက် တိုက်စစ်တာပါ)
" ပြဒါးငုပ်စမ်းဖို့ ပြဒါး မရှိဘူးလား"
"ဘယ်ရှိမလဲ"
" စျေးထဲမှာရတယ် ဒါပေမယ့်စျေးပိတ်ပြီ"
"ရတယ် ကျနော် ယူပေးမယ် " ( ကောင်လေးတယောက် သွားယူပါတယ်)
ပြဒါးက အတော်လေးပါတယ် ဟင်္သာအရုပ်ကို ထည့်လိုက်တော့ ဖော့တုံးကြီး ရေပေါ်ပေါ်နေသလို ပေါ်လောကြီးဗျာ ။ ကျနော်တောင် အံ့သြသွားရပါတယ် ။ တခုတော့ ကိစ္စပြတ်ပြီ ။ ၂၀ မိနစ်မှာ ခြစ်ထားတဲ့ တိုးနယား ပြန်ကြည့်တော့ တုတ်တုတ်မလှုပ် အစင်းကြီးကို ထင်းနေတာပဲ ။ ဒါနဲ့ အားလုံး ပြန်သွားကြပါတယ် ။
ဂန္ဘီရလောက အရှုပ်ထဲကို စပ်စုတတ်တဲ့ ကျနော့်ကို အစပျိုးပေးခဲ့တဲ့ အဖြစ်တွေပါပဲ ။ အဲဒီနောက် ကျနော်နဲ့ ကိုစိုးလည်း ကိုအေးကျော် နဲ့ အတူ ယင်းမာပင်ကို ဆင်းခဲ့ကြပါတယ် ။
ယင်းမာပင် ရောက်တော့ ရွာသားတွေဟာ ကိုအေးကျော်ကို အူယားဖားယား လာရောက်နုတ်ဆက်ကြပါတယ် ။ တလျို့ဆို ငိုယိုပြီး ကန်တော့တဲ့ လူတွေတောင် တွေ့ရပါတယ် ။ ကျနော်လည်း အံ့သြမိပါတယ် အလွန်အေးဆေးပြီး စကားနည်းလှတဲ့ ကိုအေးကျော်ရဲ့ အနေအထား ဘာလဲ ပေါ့ ။
ဒီလူက အေးအေး နေတတ်လို့ဗျ တချိန်တုန်းက ယင်းမာပင်မှာ သစ်လုပ်ငန်း အကြီးအကျယ် လုပ်ခဲ့တဲ့သူပဲ ။ တောင်ကြီးမှာ သစ်သမား အပြိုင် နှစ်ဦးပဲ ရှိချိန်က သူက တဦးပေါ့ ။ ကျန်တဲ့ တဦးက ဦးတွမ်ရီတဲ့ ( ကျနော် သစ်ဖိုးမရလို့ တရားစွဲခဲ့ဖူးသူပေါ့)
သူက ဒီနယ်ကို အတော် ပိုင်တာပဲကိုး ။ အံ့သြစရာကောင်းတာ တွေ့ခဲ့သေးတယ် ယင်းမာပင်က အခု ရေသန့် စက်ရုံ တည်ထားတဲ့ ဦးချစ် ဆိုတဲ့ သူဌေး ပေါ့ ။ စာတလုံးမှ မတတ်ဖူး ကားနှစ်စီးနဲ့ သစ်လုပ်နေတာ ၄" ၁" တချောင်း ခိုးမရဘူးတဲ့ ။ အဲဒီအချိန်ကတည်းက ရေသန့်စက်ရုံ ယင်းမာပင်လို ရွာမျိုးမှာ တည်ရဲတာ နည်းတဲ့ အမျှော်အမြင် မဟုတ်ဘူးဗျ လေးစားစရာ ပုဂ္ဂိုလ်ပါပဲ ။
ယင်းမာပင် တဝှိက်မှာ သတ္တုကြော လိုက်ရှာပါတယ် ။ တွေ့ပါတယ် ဒါပေမယ့် အတော်များများက ဘိလပ်မြေ စက်ရုံတွေ ပိုင်နက်ထဲ ရောက်နေတော့ ဘာမှ လုပ်မရတော့ပါဘူး ။
နောက်တနေ့မှာ ပြင်ညောင်က ကလေးတယောက်က လာခေါ်ပါတယ် ။ ရထားပြင်ညောင် ဖက်မှာ ခနောက်စိမ်းကြော ရှိတယ် လိုက်ပြမယ်တဲ့ ။ ပြင်ညောင်က နှစ်ရွာ ရှိတာပါ ။ တောင်ကြီးကို ကားနဲ့ သွားတော့ တွေ့ရတဲ့ ပြင်ညောင်က ကားပြင်ညောင် တဲ့ ရထားဖြတ်သွားတဲ့ ပြင်ညောင်က ရထားပြင်ညောင်တဲ့ဗျ ။
ကျနော်တို့လည်း လိုက်သွားပါတယ် ။ တောင်တန်းတခုပေါ်ကို တက်ကြရပြီး တောင်ခါးပန်းမှာ တူးလက်စ ကျင်းတွေ့ရပါတယ် ။ စစ်ကြည့်တော့ အတော်ကောင်းတဲ့ ခနောက်စိမ်းတွေ မို့ ဝမ်းသာ သွားရပါတယ် ။ နမူနာတွေ အားပါးတရ ထည့်လာပြီး ရွာကိုပြန်လာပါတယ် ။ ပြင်ညောင်သားလေးကို လုပ်ငန်းအဆင်ပြေရင် ပြခ သက်သက်ပေးပြီး အလုပ်ပေးဖို့ ပြောနေတုန်း ကျနော်တို့ ကြည့်ခဲ့တဲ့ တောင်ကြောပေါ်က ရထားသံကြားရပါတယ် ။
အဲဒါ ဘာလဲ ညီလေး ဆိုတော့ ရထားလေ အကို ကျနော်တို့ ကြည့်ခဲ့တဲ့ ကျင်းရဲ့ အပေါ်ဖက်မှာ ရထားလမ်းရှိတယ် သယ်လို့လည်း လွယ်တာပေါ့ တဲ့ ။
" ကိုင်း သေရောကွာ"
" ဘာလို့လဲ အကို "
" သတ္တုဥပဒေအရ ရထားလမ်း ကားလမ်း အနီး တူးမရဘူးကွ"
" ဟာ ဒါဆို ဘယ်လိုလုပ်ရမလဲ ?"
" ဘယ်လိုမှ မလုပ်နဲ့. မင်းဘာသာ တူးထား တပိဿာ ၁၃၀၀ လောက်ရနိုင်တယ် ငါတို့ ကုမ္ပဏီတူးလို့ မရဘူး ကဲ ရော့ကွာ မုန့်ဖိုး သုံးသောင်း နောက် လွတ်လွတ်ကင်းကင်းတွေ့ရင် ဆက်သွယ်ကွာ ဒီမှာ ဖုန်းနံပါတ် ". ဆိုပြီး ပြန်လာခဲ့ရပါတယ် ။
လမ်းမှာ နောက်တနေရာ ဝင်ကြည့်တော့ သံလိုက်နဲ့ ကပ်တဲ့ ကျောက်တွေ တွေ့ပါရော ။ နမူနာ ယူလာပြီး ပြကြည့်တော့ မြန်မာပြည်မှာ ဒီလို ကျောက်နဲ့ ရောနေတဲ့ သံကို အရည်ကျိုနိုင်တဲ့ စက်ရုံမရှိသေးဘူး အခုမှ မြင်းခြံ စက်ရုံထဲမှာ အုတ်မြစ်ချတုန်းရှိသေးတယ် ၃ နှစ်လောက်ကြာမှ ပြီးမယ်တဲ့ ။ ( အခုလောက်ဆို ပြီးရောပေါ့)
ရောက်လက်စနဲ့ အဲဒီနေရာ အနှံ့ လိုက်ရှာကြပါတယ် ။ အဲဒီကာလမှာ ဆား နဲ့ ဒါး လဲတဲ့ အဖြစ်ကြားခဲ့ရပါတယ် ။ ဦးတေဇရဲ့ ထူးကုမ္ပဏီက ဘိလပ်မြေစက်ရုံ ဆောက်နေစဉ်ကပေါ့ ။ ပြင်ညောင်သားတွေ ယင်းမာပင်ရွာသားတွေ ရေပေါင်းစုံရွာသားတွေဟာ ထူး ဘိလပ်မြေစက်ရုံထဲကို သစ်ရောင်းကြပါသတဲ့ ။
တာဝန်ခံတွေ နဲ့ မန်နေဂျာက သစ်အကြောင်းနားမလည်ပဲ လာသမျှ အကုန်ဝယ်သတဲ့ ။ အင်ဂျင်နီယာနဲ့ မတိုင်ပင်ပဲ စျေးချိုတယ်ဆိုပြီး ဝယ်ပါရော ။ လက်ပံသားကလွဲရင်အကုန်ဝယ်တော့ ရသလောက် အကုန်ဝိုင်းပို့တာပေါ့ ။ ဒါပေမယ့် ငွေသားနဲ့ မဟုတ်ဖူး စလစ်ပဲ ပေးလိုက်တာ သတ်မှတ်ရက်မှာ ငွေလာထုတ်ပေါ့ ။
သစ်တွေကို နားလည်သူနဲ့ စစ်ဆေးမှ သုံးမရတဲ့ သစ်တွေဖြစ်နေတော့ ကုမ္ပဏီက ဘာလုပ်လည်း သိလား ? မန်နေဂျာ ရူးနေလို့ ဒါတွေဝယ်ထားတာ အခု အလုပ်ဖြုတ်လိုက်ပြီ ကိုယ့်သစ်ကို ပြန်ယူပါ ငွေမရှင်းတော့ဘူးဆို လုပ်ချပါရော ။ အံ့သြစရာ တယောက်မှ မတိုင်ဖူးဗျ ။ အခုထိ ပြောစမှတ်တွင်နေပါရော ။
နောက်တနေ့ ရေပေါင်းစုံရွာက တယောက်လာပြီး ရွှေ စိတ်ဝင်စားတဲ့ ။ ကျနော်လည်း သူဌေးဆီ ဖုန်းဆက်မေးပါတယ် ( ကိုယ်က ခဲသတ္တုလာရှာတာလေ) သူဌေးက ရီပါတယ် ဟေ့ကောင် ရွှေရရင်အကောင်းဆုံးပေါ့ကွ လိုက်ကြည့်လိုက်တဲ့ ။
ကျနော် ကိုအေးကျော် နဲ့ ကိုစိုး လိုက်ကြည့်ပါတယ် ။ ကားလမ်းမကြီးကနေ အောက်ကို ဆင်းသွားတော့ ချောင်းထဲရောက်ပါတယ် ။ ဆက်သွားတော့ ရွာလေးတရွာပါ ။ လက်ဖက်ရည်သောက်ပြီး စနည်းနာတော့ ချောင်းနာမည်က ရွှေသွေးချောင်းတဲ့ ။ ရွာထဲကလူတွေ မုန်စုပ်စက်နဲ့ ကျင်တာ ငါးကျပ်သားအခဲထိ ရဖူးတာ မနှစ်ကမှတဲ့ အခု စစ်တပ်က တားထားလို့ ဘယ်သူမှ မလုပ်ရဲဘူးတဲ့ ။
ကျနော်တို့လည်း မိုးတဖွဲဖွဲကြားမှာ ချောင်းအဖျားထိ ဆိုင်ကယ်ရသလောက်စီးပြီး နောက်ဆုံး ဆိုင်ကယ်တွေထားပြီး ခြေလျှင် ဆက်သွားရပါတယ် ။ ချောင်းတလျှောက် မုန်စုပ်ထားတဲ့ နေရာတွေ အများအပြားတွေ့ရပါတယ် ။ နောက်ဆုံး ကျောက်ဆောင်တွေပေါ်ထိ ရောက်လာပါတယ် ။
လိုက်ပြသူက ဒီနေရာပဲ ဆိုပြီး ပြတော့ ပြိုကျထားတဲ့ ကျင်းတိမ်လေးတွေ သုံးနေရာ တွေ့ရပါတယ် ။ ရာဇဝင်ကို မေးကြည့်တော့ အဲဒီနေရာက ကျောက်တွေကို တအိတ် ၃၀၀ ကျပ် နဲ့ ဝယ်သွားပြီး မန္တလေးကို သယ်ကာ ကျောက်ရွှေ ချက်တာပါတဲ့ ။ သုံးခေါက်လာဝယ်ပြီး လက်နက်တွေနဲ့ မိသွားလို့ ထောင်ကျကုန်တာတဲ့ ။
လေ့လာကြည့်တော့ ရွှေရနိုင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဝက်ဆီဖက်ကြော သံချေးကြော အေးမြနေတဲ့ ရေ အစရှိသဖြင့် အကြမ်းဖျင်းတွေ့ရပါတယ် ။ နှစ်နေရာက တွေ့တဲ့ ကျောက် နမူနာယူလာပြီး GPS ဖတ်ကာ ပြန်လာပါတယ် ။ ( ရန်ကုန်မှာ ဓါတ်ခွဲတော့ စီးပွားဖြစ် ထုတ်ယူနိုင်သော အဆင့်ဆိုပြီး အဖြေ ထွက်ပါတယ်)
လုပ်ကွက်လျှောက်ဖို့ ရေပေါင်းစုံသစ်တောရုံးမှာ မြေပုံနဲ့ GPS စစ်ဆေးလိုက်တော့ ကြိုးဝိုင်းသစ်တောထဲ ရောက်နေပါတယ် ။ တောအုပ်ကြီးက ကုမ္ပဏီက မြန်မာပိုင်လားတဲ့မေးပါတယ် ။ ဟုတ်ပါတယ်ဆိုတော့ ဒါဆို လျှောက်ပါဗျာတဲ့ ။ စီးပွားဖြစ် ထုတ်လုပ်နိုင်သော သစ်ကြီးဝါးကြီးမရှိဆိုပြီး ထောက်ခံပေးဖို့ ညွှန်ကြားထားတယ်တဲ့ ( မြန်မာပိုင် ဖြစ်ဖို့ လိုပါတယ်)
လိုအပ်တဲ့ အချက်တွေ လုပ်ပြီး ပြန်လာပါတယ် ။ ရပ်စောက်ပြန်ရောက်တော့ စိတ်ဝင်စားစရာ ကိစ္စတခုက ပေါ်လာပြန်ပါတယ် ။ ကျောက်ဆုံရွာမှာ ငှက်ပျောမတက် ရောင်းဖို့ရှိတယ် သတ္တုတွေလည်း ပြချင်လို့ ဆိုပြီး လာခေါ်ပါရော ။
ကိုစိုးက ဂန္ဘီရလည်း ရတယ်ဆိုပဲ ။ နောက်တနေ့ လိုက်သွားပါရော ကျောက်ဆုံဆိုတာ ရပ်စောက်နဲ့ နောင်ချိုကြားထဲကရွာပါ ။ ကျောက်ဆုံကနေတဆင့် ထမင်းပေါင်းဆိုတဲ့ ရွာကလူဆီသွားရပါတယ် ။ သူကမှ ပလောင်တယောက်ခေါ်လာပါတယ် ။
ရွှေရောင်တောက်နေတဲ့ အရုပ်လေး နှစ်ရုပ် ပါလာပါတယ် ။ တရုပ်က ဂဠုန်ပေါ်လူစီးထားတဲ့အရုပ် | နောက်တရုပ်က မြင်းရုပ်လေးပါ ။ အရွယ်က လက်သန်း တဆစ်စာလေးပါပဲ ။ ငှက်ပျော နှစ်ပင်ခုတ်ပြီး တင်ပါတယ် ။ မြင်းရုပ်က ၂ မိနစ်မှာ တက်လာပါတယ် ။ ဂဠုန်ရုပ်လေးက ငှက်ပျောပင် မျက်နှာပြင် မဲသွားပါတယ် ။ တနာရီထိ လုံးဝ တက်မလာပါဘူး ။
အဆင်ပြေပါပြီ ကဲ ဒီအရုပ် ဘယ်လို အရောင်းအဝယ်လုပ်မလဲ ? တိုင်ပင်ကြပါတယ် စျေးကို သိန်း ၁၅၀၀ သတ်မှတ်ပါတယ် ။
ပွဲစားခ ဘာညာ အားလုံး ညှိနိုင်းရတာ အဆင်ပြေပါပြီ ။
ပိုင်ရှင်က ပြောလိုက်တဲ့ တောင်းဆိုမှု တခုကြောင့် ကျနော် မျက်လုံးပြူးသွားရပါတယ် ။
" နင်တို့ ဝယ်မယ်ဆိုရင်........."
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ