သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၅)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၅)
" ဘယ်လို လုပ်မလဲ ပြောကြည့်ပါ"
"မူလ ပြောထားတဲ့ စျေး ၂၀၀ မယူနဲ့ဗျာ ကျနော်လည်း ဟိုဖက်ကို ပြန်ရောင်းရမှာ ဆိုတော့ သူတို့ကြိုက်မကြိုက် မှန်းမရသေးဘူး"
"ဘယ်လောက်ပေးမလဲ "
"၅၀ ထားဗျာ ကျနော် စွန့်ပြီး ဝယ်သွားမယ်"
"ကဲ ပိုင်ရှင် နဲ့ ပြောပါဗျာ"
" ဟ ဆရာတို့. နင်တို့က ပွဲခ ၄၀ ဆိုတော့ ငါ့အတွက် ၁၀ ပဲ ကျန်မှာ မကိုက်ဖူးလေ"
" ဒီလို ဘယ်ဟုတ်မလဲ အဘရဲ့ ၂၀၀ ဆိုရင်သာ ၄၀ (၂၀%) ပေးရမှာလေ ၅၀ ဆိုရင် ပွဲခ ၁၀ သိန်းပေါ့ "
"အေးကွ ယူသွားတော့"
"ဟုတ်ပြီ ဖုန်းလိုင်း ဘယ်နား မိလဲ ဒီမှာ မရဘူး ဖြစ်နေတယ်"
" ဘုန်းကြီးကျောင်း ရေအိုးစင်နားပဲ မိတယ် ကျန်တဲ့ နေရာ မမိဘူး" ( ကောင်းလိုက်တဲ့ ကွန်ယက် ဒါတောင် C 450 နော်)
ဒါနဲ့ ဘုန်းကြီးကျောင်းသွားပြီး ဝယ်လက်က ငွေလာပေးဖို့ မှာပါတယ် ( ငွေဘယ်သောအခါမှ ယူမလာကြပါဘူး အလုခံရမှာ စိုးလို့ပါ)
" ကဲ ငွေလာပြီ တခါ ထပ်စမ်းမယ်နော်"
( ပစ္စည်းခြင်း လဲထားမှာ ကြောက်လို့ပါ ဒါ ပညာပါပဲ )
စမ်းပြီး မှ ပစ္စည်းယူ ငွေချေပြီး ပြန်သွားပါတယ် ။ ပြန်ခါနီး ကျနော့်ကို ပြောပါတယ် တိရိစ္ဆာန်တွေ အော်တာ သဘောကျလို့ ဝယ်တာတဲ့ ။ ကျနော်တို့လည်း စျေးဦးပေါက် ၁၀ သိန်းစီ ရပါပြီ ။ ကျနော့် ကို ဂန္ဘီရလောက ပညာတွေ လေ့လာအောင် တွန်းပို့လိုက်တဲ့ အားတခုဖြစ်ပါတယ် ။
သစ်လောကမှာ ရတဲ့ ငွေထက် ဒီလောက က ပိုပြီး စွဲဆောင်နိုင်တယ် ။ လောဘတကြီး တအားလိုက်နေရင် အိတ်ထဲကပါမှာပဲ ဆိုတာ သင်ပေးခဲ့တဲ့ ဆရာတယောက်နဲ့ တွေ့ခဲ့တာ ကျနော့်ကံပါပဲ ။
တောင်ကြီး အဘတယောက်ပါ သင်ပေးသူက နာမည်က လူတိုင်းနီးပါး သိပေမယ့် သူ့မိသားစုက မကြိုက်မှာ စိုးလို့ အဘလို့ပဲ နမ်စားသုံးပါမယ် ။
အဘ ဆီကနေ လူအများမကြားဖူးတဲ့ ပစ္စည်းတွေ အစွမ်းသတ္တိစမ်းပုံ စမ်းနည်းတွေ အတော် များများ သိခဲ့ရပါတယ် ။ ဒါပေမယ့် ကျနော် အဓိက သိလိုတဲ့ ( why) ကို မသိခဲ့ရသေးပါဘူး ။ ( နောက်ပိုင်းမှ သိခဲ့ရတာပါ)
ငွေ ၁၀ သိန်းရတော့ ပျော်တာပေါ့ ။ ကိုစိုးက သိပ်မပျော်ဘူး နည်းလို့တဲ့ ။ လောဘတွေပေါ့ဗျာ မရလည်း ဘာဖြစ်လည်း ကိုယ့်အရင်းက ဆိုင်ကယ် ဆီဖိုးနဲ့ ဖုန်းဖိုးရှိတာပဲ ဒါတောင် အဲဒါ ကျနော် အကုန်ခံတာလေ ။
နောက်နေ့ကျတော့ အုန်းကျော က ခဲကိစ္စအတွက် မြေပုံဘာညာ ပြန်စစ်တော့ ကျနော် အံ့သြသွားတယ် ။ အုံကျောရွာက ကျောက်ဆည် မြို့နယ်ထဲ ပါနေတယ်ဗျ ။ မန္တလေးတိုင်းထဲ ရောက်နေပြီ လို့ သတင်းပို့တော့ ဒါဆို သူလုပ်ထားမယ် ရှမ်းထဲမှာ ထပ်ရှာလို့ ပြောပါတယ် ။
ဒါနဲ့ ကျနော်လည်း ကိုစိုးနဲ့ ကောင်းဘိုရွာဖက် သွားပါတယ် ။ ကောင်လေးတယောက်က လိုက်ပြပါတယ် ။ ကောင်းဘိုနဲ့ ရွာငံ ဖြတ်လမ်းဖေါက်နေဆဲ လမ်းမကြီးရဲ့ တောင်းခါးပန်း မှာ ဆိုတော့ အဆင်မပြေ ပြန်ပါဘူး ။
ကောင်လေးက မုဆိုးပါ အကျိုးအကြောင်းပြောပြတော့ ဒါဆို တောထဲက သွားရခက်တဲ့ နေရာ လုပ်မလားတဲ့ ။ လမ်းဖောက်မှ ထုတ်ရမယ်တဲ့ ။ အဲဒါနဲ့ သွားကြည့်ကြပါတယ် ။
အလည်ချောင် ဆိုတဲ့ ဓနုရွာ အကြီးကြီးကို ဖြတ်ပြီး တောင်ပေါ် သွားရပါတယ် ။ ရွာမရှိတဲ့ တောင်ပေါ်ဆိုတော့ ဆိုင်ကယ်လမ်းမရှိလို့ ခြေ လျင်တက်ရပါတယ် ။ လိမ္မော်ခြံတွေ လက်ဖက်ခြံတွေ ကြားက သွားရတာပါ ။
တော်တော်လေး မြင့်တဲ့ တောင် နှစ်လုံးကို ကျော်ပြီးတော့ ကျနော် အတော်လေး ဟိုက်သွားပါတယ် ( ခြေလျှင် တောင်တက်တဲ့ အကျင့် မရှိတာပါ) တစ်ကုန်းကျော်ရင် ရောက်ပြီဆိုတာကို မလိုက်နိုင်အောင် မောဟိုက်နေပါတယ် ။ ကဲ စောင့်မနေနဲ့တော့ နမူနာ သာ တူးခဲ့ဗျာ ဆိုပြီး သူတို့ချည်း လွှတ်လိုက်ပါတယ် ။
ခဏနေ အမောပြေမှ ပတ်ဝန်းကျင်ကို လေ့လာမိတယ် ထင်းရှူးပင်တွေ အများကြီးကိုး ။ ဒါပေမယ့် အဆီထုတ်ထားတဲ့ ဒဏ်ကြောင့် အချို့အပင်တွေ ခါးကျိုးပြီး လဲကျနေပါတယ် ( အဆီထုတ်တာ ပင်စည်ရဲ့ အတွင်းသားထိ အနက်ကြီး လှိုက်ခုတ်ပြီး ထုတ်ကြတာကိုး)
သိပ်မကြာဘူးဗျ နမူနာတွေ နဲ့ ပြန်လာကြပါရော ။ တိုတိုပြောရရင် ရပ်စောက် ပြန်လာကြပါပြီ ။ နမူနာက သံချေးတက်နေတဲ့ ကျောက်အချပ်ကြီးမှာ သတ္တုမှုံတွေက သကြားပွင့် ကြမ်းကြမ်းတွေလို ဖွေးနေအောင် ကပ်နေတာပါပဲ ။
အဲဒါ ရန်ကုန်ကို ပို့ လိုက်တော့ သဘောကျပါတယ် ချက်ခြင်းလုပ်ပါဆိုပြီး အမိန့်ပေးပါရော ။ ဒါနဲ့ ကျနော်က ယခင်လုပ်နည်းများအတိုင်း ရွာ ဥက္ကဌဆီက ထောက်ခံစာ ယူသွားမယ်လို့ သူဌေးဆီ ဖုန်းဆက်တော့ ဒီလို မဟုတ်တော့ဘူး ပြည်နယ် ဝန်ကြီးချုပ်ဆီကို မပည နဲ့ ကုမ္ပဏီ လကိတာဟတ် နဲ့ စာအရင်တင်ရမယ်တဲ့ ။ အဲဒီစာကျလာမှ လုပ်ငန်းစဉ်အတိုင်းပြန်စ ရမယ်တဲ့ ။
လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူပြီး ဖိုင်ကို ကျကျနန လှလှပပ တွဲလို့ တောင်ကြီးကို ချီတက်ခဲ့ရပါပြီ ။ တောင်ကြီးတရားရုံးနားရောက်တော့ ဗိုက်ဆာလာတာနဲ့ စားနေကျ တရားရုံးဘေးက ထမင်းဆိုင် ဝင်စားပါတယ် ။ သစ်ကိစ္စနဲ့ လာတုန်းက နီးတဲ့ တရားရုံးဘေး က ထမင်းဆိုင် စားနေကျမို့လို့လေ ။ တရားရုံး နဲ့ သစ်တောရုံးက ကပ်လျှက် ကိုး ။
စားပြီးတော့ ထမင်းဆိုင်ရှင်က ဘယ်သွားမလို့လဲတဲ့ ။ ဝန်ကြီးချုပ်ရုံးသွားမလို့ပါ ဆိုတော့ လက်ညှိုးထိုးပြတယ် ကွမ်းယာဆိုင်ဘေးက မလွယ်ပေါက်လေး ရိုတယ် ခြေလျှင်သွား နီးနီးလေးတဲ့ ။ ဒါနဲ့ ဖိုင်လေး ချိုင်းကြား ညှပ်ပြီး ကွမ်းယာဆိုင်ဘေးကနေ ဝင်သွားပါရော ။ အံမယ် ရဲတယောက်က ကွမ်းယာဆိုင်က ကောင်မလေးနဲ့ တွတ်ထိုးနေလေရဲ့ မြင်ဖြစ်အောင် မြင်တယ် မျက်လုံးက ဒါမျိုးကျတော့ ။
ကဲ ရုံးထဲ ရောက်ပါပြီ ။ ခပ်တည်တည်ပဲ နှစ်ပွင့်နဲ့ ရဲအုပ်ဆီ သွားပြီး
" အာစရိ ဝန်ကြီးချုပ် ရုံးခန်းက ဘယ်မှာလည်းဗျ"
"ဘာကိစ္စလည်းဗျ"
" သတ္တုတူးဖေါ်ခွင့် တင်ရမယ်ဆိုလို့ ပါ"
"နေပါအုံးဗျ ခင်ဗျားက ဘယ်ကနေ ဝင်လာတာလဲ?"
" ဟိုဖက် မလွယ်ပေါက်လေးကဗျ"
" ဟာ အဲ ဒီကနေ ဝင်လို့ မရဘူးဗျ အစောင့် မတွေ့ဖူးလား"
"သူ ကွမ်းယာ ဝယ်နေတာ တွေ့ခဲ့တယ်"
"ဟာ ဒီကောင်နဲ့ ခက်တာပဲ"
"ကဲပါဗျာ ကျနော်ပြန်ထွက်ပြီးမှ ရှေ့ပေါက်က ပြန်ဝင်ပေးရမလား"
" ကဲ နေပါဗျာ ဒီအတိုင်း သွားလိုက် ညာဖက်က အကျယ်ဆုံး အခန်းပဲ"
ကျနော်လည်း သူညွှန်သလို သွားပါတယ် အပေါက်ဝမှာ အတွင်းရေးမှူးခေါ်မလား PSO ခေါ်မလား တွေ့ပါရော ။
ကျနော်က လာတဲ့ အကြောင်း ပြောပြတော့ အခန်းထဲက လှမ်းပြောပါတယ် ဝင်ခိုင်းလိုက်ပါ ဆိုတော့ ကျနော် ဝင်သွားပါတယ် ။
အကျိုးအကြောင်း ပြောလိုက်တော့ သူဌေးက ဖုန်းဆက်ထားကြောင်း ပြောပြီး ဝန်ထမ်းတယောက် ဖုန်းဆက်ခေါ်ပြီး သူနဲ့လိုက်သွားပါ ဆိုလို့ လိုက်သွားပြီး ဖုန်းနံပါတ် ပေးခဲ့ရပါတယ်။ ၃ ရက်နေရင် ဖုန်းဆက် ခေါ်မှ လာခဲ့ပါတဲ့ ။ ဒါနဲ့ ပြန်လာခဲ့ပါတယ် ။
အပြန်မှာ ကိုပေါဆီက ဖုန်းဆက်ပါတယ် ။ တောက်တဲ့ အကြီး အစိတ်သားရှိရင် စျေးကောင်းတယ်တဲ့ အဲဒီနယ်မှာ လိုက်ရှာကြည့်ပါတဲ့ ။ သူတပါးအသက်ဆိုတော့ ကျနော် စိတ်မပါလို့ မလုပ်ပါဘူး ။ ဒါပေမယ့် တွေ့ခဲ့ မြင်ခဲ့တာတွေ အများကြီးပါပဲ တောက်တဲ့ လောက အကြောင်း နောက်အခန်းတွေမှာ တင်ပြပေးပါမယ် ။
နောက်ထူးထူးဆန်းဆန်း ပစ္စည်းတခု လာစပ်ပြန်ပါတယ် ။ ( ယနေ့ ဒီလောက နဲ့ အကျွမ်းတဝင် ထဲထဲဝင်ဝင် သိနေချိန်ထိ အဲဒီပစ္စည်းအကြောင်း ဘယ်သူ့ထံမှ မေး မရပါဘူး)
ရွှေဒါး နဲ့ ငွေဒါး နှစ်လက် ရှိပါတယ်တဲ့ ( သူတို့ကတော့ မင်းကြီး မင်းလေး ကိုင်တဲ့ ဒါးတဲ့) ငွေဒါးက ၁၀ ပေ အကွာ နံရံပေါ်ချိတ်ထားတဲ့ အင်္ကျီ (သို့) စက္ကူ ပေါ့ တခုခုကို အဲဒီငွေဒါးနဲ့ လေထဲက ခုတ်လိုက်ရင် စုတ်ပြဲ သွားပါသတဲ့ ။ ရွှေဒါးကတော့ ဝတ္ထုစာအုပ်ကို အပေါ်ကနေ ရွှေဒါးနဲ့ ဖိထားလိုက် အတွင်းက စာတွေ ပျောက်သွားပါသတဲ့ ။
ဝယ်မဲ့သူ မပြောနဲ့ နားလည်သူကို ခုထိ မတွေ့ပါဘူး ။ ဒီလိုနေတုန်း ရွှေညောင်က ဘုန်ကြီးလူထွက် ကိုပေါ်ထွန်းက လာပြောပါတယ် ။ မိမိအမြီး မိမိ မြိုထားတဲ့ မပုပ်မသိုးသော မြွေအသေ ဝယ်သူ ရှိသလားတဲ့ ။
ကျနော်လည်း သူ့ရှေ့မှာပဲ ဖုန်းဆက်မေးလိုက်ပါတယ် ။ ဝယ်မယ် ရောင်းစျေးပြောပါဆိုတော့ သူလည်း မပြောတတ်ဖူး ပိုင်ရှင်က ရွှေညောင်က ဘုန်းကြီးတပါးတဲ့ ။ ကျနော့်ကို လိုက်ကြည့်ပြီး ဘုန်းကြီးကို လျှောက်ပါဆိုတော့ ၁၀ သိန်း ပူပူနွေးနွေးရထားတဲ့ ကျနော် ကိုစိုးခေါ်ပြီး သွားပါရော ။
ကိုပေါ်ထွန်းက ရွှေညောင်လမ်းမကြီးရဲ့ မြောက်ဖက်အခြမ်းမှာ ပေါ်ထွန်း အကြော်စုံဆိုပြီး အကြော်စုံ ရောင်းနေသူဖြစ်ပါတယ် ။ အဲဒီတုန်းကတော့ လင်မယား နှစ်ယောက်ထဲဗျ ။
ရီစရာ ဖူးစာပြောရအုံးမယ် ။ မူလက ကိုပေါ်ထွန်းက ဘုန်းကြီးဗျ ။ သူက နိုင်ငံခြား အလုပ်သမား ပွဲစားဘုန်ကြီးပေါ့ ။ ကောင်မလေးက နိုင်ငံခြားသွားဖို့ ဘုန်းကြီးက တဆင့် လုပ်ပါရော ။ ရန်ကုန်ပွဲစားက လိမ်သွားတော့ ဘုန်းကြီးကြားညပ်ပါရော ။
ကောင်မလေးကလည်း အမေတခု သမီးတခု အခြားအားကိုးစရာလည်းမရှိ ဆိုတော့ တငိုငို တရီရီ ဖြစ်နေတာ မကြည့်ရက်တဲ့ ဘုန်းကြီး ဦးပေါ်ထွန်းက ငါ့ ပယောဂကြောင့် နင်တို့ ဒုက္ခရောက်တာ ငါ့မှာ တာဝန်ရှိတယ် ဒီတော့ နင်သဘောတူရင် ငါလူထွက်ပြီး နင်နဲ့လက်ထပ်မယ် ။ နင်တို့ သားအမိကို ငါလုပ်ကျွေးမယ်ဆိုပြီး ညားပါရောတဲ့ ။
အကြော်ဆိုင်မှာ ခဏနားပြီး ဘုန်းကြီးကျောင်း သွားကြပါတယ် ။ ကျောင်းပေါ်ရောက်တော့ အဆင်သင့်တွေ့ရပါတယ် ။
" ဒကာ မောင်ပေါ်ထွန်းပါလား ဘာကိစ္စလည်း ပါလို့ ပါလား"
"တင်ပါဘုရား အရှင်ဘုရားရဲ့ မြွေလေး စိတ်ဝင်စားလို့ လာကြည့်တာပါဘုရား ရှိကော ရှိပါသေးလားဘုရား"
" ရှိပါ့ဗျာ ကြည့်လို့လည်း ရပါတယ် ဒါပေမယ့် တခုတော့ ရှိတယ် "
" တင်ပါ့ဘုရား ဘာများပါလိမ့်"
" ဒီလိုကွ........."
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment