ကြီးမြတ်တဲ့ လက်ဆောင်ပေးပါ

ကြီးမြတ်တဲ့ လက်ဆောင်ပေးပါ

“ မှားတတ်တာဟာ လူ့သဘာဝ ဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်ခြင်းကတော့ လက်ဆောင်မွန်တစ်ခုပေါ့” ဆိုတဲ့ အလက်ဇန္ဒားပုပ်ရဲ့ ဆိုရိုးစကားလေးကို ဖတ်ပြီးတော့ ကျွန်တော် စဉ်းစားမိတယ်။ 

ကျွန်တော်တို့ တခြားသူတွေ မှားယွင်းတဲ့အခါ ဒေါသထွက်ခဲ့ကြတယ်။ စိတ်တိုခဲ့ကြတယ်။ ပြစ်တင်ခဲ့ကြတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခွင့်လွှတ်ခဲ့ကြတာလည်း သေချာပါတယ်။ သတိမထားမိဘဲ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခွင့်မလွှတ်နိုင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ရှိနေပါတယ်။ အဲဒါကတော့ သင်ကိုယ်တိုင်ပါပဲ။ တခြားသူကို သဘောထားကြီးပြီး ခွင့်လွှတ်တတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျ သဘောထား ကြီးမပေးနိုင်ကြဘူး ဖြစ်နေတယ်။ 

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှုက အကြီးမြတ်ဆုံးသော လက်ဆောင်မွန်တစ်ခုပါလို့ စကားလက်ဆောင် ပေးချင်ပါတယ်။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့။ 

ခင်ဗျားဟာ စိတ်ချမ်းသာပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အားသာချက်နဲ့ လုပ်ဆောင်အောင်မြင်ခဲ့မှုအတွက် ကိုယ့်ကျောကိုယ်သပ် ချီးမွမ်းလိုက်ပါ။ ကိုယ့်ရဲ့အားနည်းချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ အမှားအတွက် နောင်မဖြစ်စေရဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ခွင့်လွှတ်ခြင်းဆိုတဲ့ ကြီးမြတ်တဲ့လက်ဆောင်တစ်ခု ပေးလိုက်ပါ။

ထူးအောင်ဝင့်

(၂၃.၁.၂၀၂၃)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်