သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၈)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၈)
ပုဆိုးတိုတိုဝတ်ပြီး သံထိုးဖို့ ဆင်းလိုက်ပါတယ် ။ တွင်းထဲလည်း ဒိုးပင် အမြစ်တွေရှိနေတော့ အနံ့ကတော့ ဒိုးပင်နံ့ပဲ ရတာပေါ့ ။ ဒါနဲ့ အိတ်ရဲ့ အပေါ်ပိုင်း အညှာ နားလေးကနေ သံကို သုံးပုံနှစ်ပုံ ထိုးသွင်းပြီး အပေါ်ပြန်တက်ခဲ့ပါတယ် ။
နာရီဝက် လောက်ရှိမှ ပြန် နုတ်ကြည့်မယ်ဆိုပြီး ဖုန်းပြောနေမိပါတယ် ။ အဲလိုနေတုန်း မိနစ် နှစ်ဆယ်လောက်ရောက်တော့ ပိုင်ရှင်ထဲက လူတယောက်က မပြောမဆို တွင်းထဲ ဆင်းသွားပြီး သံချောင်းကို နုတ်ယူလာပါတယ် ။
ပါလာတဲ့ လူတွေလည်း ဝမ်းသာနေကြပါတယ် ။ ကျနော်က သံချောင်းခဏလောက် ဆိုတော့ လာပေးပါတယ် ။ ကျနော်လည်း အသေအချာကြည့်ပါတယ် ။ ပြီးမှ သံချောင်း ပေးလိုက်ပါ ဆိုတော့ မပေးနိုင်ဘူး ဆိုပြီး အကြောက်အကန်ငြင်းပါတယ် ။ ခေါ်လာတဲ့ မိတ်ဆွေတွေက မျက်မြင်မို့ အမှန် အရမ်းလုပ်ချင်နေတော့ ကျနော့်ကို မရစ်ပါနဲ့ ဆိုတဲ့ အပြောအဆိုတွေနဲ့ ပြောလာပါတယ် ။ ဒါနဲ့ ခပ်လှမ်းလှမ်းမှာ ပြောရပါတယ်
"ခင်ဗျားတို့ လောဘ မကြီးပါနဲ့ မသင်္ကာစရာတွေ ရှိနေတယ်"
"ဟာ ဒီလောက် ရှင်းနေတာ ခင်ဗျားကိုယ်တိုင် ထိုးလာတဲ့ သံ သူတို့ နုတ်လာတာပဲလေ"
"သူက လူကွယ်ပြီးမှ နုတ်လိုက်တာပါ သတိထားမိသလား"
"မျက်စေ့ရှေ့တင်ပါဗျာ "
"ညာတင်ကုတ်တုန်းကလည်း ဒီလိုပဲ မဟုတ်လား"
"အဲဒါ စမ်းပြီးမှ ပစ္စည်းခြင်း အလဲခံရတာပါ"
(မလျော့သေးဘူး)
"ကဲ ခုနက video ပြစမ်းပါအုံး"
အသေအချာ ကြည့်တော့ ကျနော့် သံသယ မှန်နေပါပြီ သံကွေးလိုက်တဲ့ လက်ညိုးမှာ မဲနေတဲ့ အရာတွေ့ရလို့ပါ သံဆို ဘယ်မဲမလဲ ဒါကို ပြောပြတော့ မဟုတ်ဘူး သံပူနေရင် မဲသတဲ့ ။ ကိုင်း ခင်ဗျားတို့က အရမ်းလုပ်ချင်နေတယ် ကျနော့်ကို စစ်ဆေးဖို့ ခေါ်လာပြီးမှ အခု ကျနော်ပြောတာလည်း လက်မခံဘူး ဖြစ်ချင်တဲ့ ဆန္ဒဇောတွေနဲ့ ကောက်ချက်ချနေကြတယ် ။ ဒီတော့ ကျနော်ပြောမယ် .......
၁.သံကို စစ်ဆေးရမယ့် ကျနော့်အား အနုတ်မခံပဲ ပစ္စည်းရှင်မှ အချိန်မစေ့သေးပဲ သွားနုတ်တာ မသင်္ကာဘူး
၂. သံကွေးလိုက်တဲ့ လက်ညှိုးမှာ မဲသွားတာ မသင်္ကာဘူး
၃. စမ်းပြီးတဲ့ သံ မပေးရဲတာ မသင်္ကာဘူး
၄. အခု နောက်ဆုံး ငွေတောင်းမယ်ဆိုရင် လိမ်နေတာ သေချာသလောက်ရှိပြီ
ကဲ လုပ်ငန်းဘယ်လို ဆက်လုပ်မလဲ မေးပေတော့ လို့ ပြောလိုက်ပါတယ် ။ ထင်တဲ့ အတိုင်းပဲ သူတို့ကို သိန်း (၅၀) ပေးထားရမတဲ့ ။ ပြီးမှ ဝယ်လက်ခေါ်ပြီး ဆက်ရောင်းပေးပါတဲ့ ။
ဒါနဲ့ ငွေကို ဘဏ်မှာ သွားထုတ်မယ်ဆိုပြီး ပြန်လာကြပါတယ် ။ အနီးဆုံးမြို့က သုံးဆယ် / သာယာဝတီ လမ်းမှာ ကျနော်က လိမ်နေပြီ သေချာတယ်ဆိုတော့ သူတို့ လက်မခံပါဘူး ။ ကျနော် ပါနေပြီး အလိမ်ခံရတယ်ဆိုရင် ရှက်လို့ ပြန်ပြီဆိုပြီး ကျနော်လည်း ကြုံတဲ့ ကားနဲ့ ပြန်လာပါတယ် ။ သူတို့ကတော့ ပြန်လေ ကောင်းလေ ဆိုတဲ့ အပေါက်တွေပေါ့ ။
သိန်း ၇၀ ကုန်သွားပါတယ်။ ဝယ်လက်ကို သိန်း ၂၀ နဲ့ တင်ခေါ်တာလေ ။ အတုကြီးပါပဲ နောက်နောင် မိတ်ဆွေများ သာယာဝတီ သုံးဆယ် ဒိုးဆီဆို ဝေးဝေးရှောင်ပါ ။ မုံရွာ မှာလည်း ရှိပါတယ် ။ လူလိမ္မာသည် သူတပါး အမှားမှ သင်္ခန်းစာယူတတ်၏ ။ လူမိုက်သည်ကား ကိုယ်တိုင်မှားမှ သင်္ခန်းစာယူ၏ ။ ပို၍မိုက်မဲသူတို့ကား ကိုယ်တိုင်မှားလည်း သင်္ခန်းစာ မယူ တဲ့ဗျ ။
ရပ်စောက်ကို ပြန်ရောက်တော့ အုန်းကြော ဟဲလယ် ဖက်က အင်မတန်ကောင်းတဲ့ ခဲကျောကို ကျနော့်သူဌေးရဲ့ မိတ်ဆွေတွေ လုပ်ချင်တယ် ဆိုလို့ ကူပြီး လုပ်ပေးရပြန်ပါတယ် ။ စမ်းသပ်တူးဖေါ် လျှောက်ထားဆဲ မှာပဲ ဒေသခံ လုပ်ငန်းရှင်တယောက်က အဲဒီခဲကြောကို တူးယူနေပါတယ် ။
မန္တလေးတိုင်း အစိုးရကို တိုင်ကြပါတယ် ။ စစ်ဆေးနေတဲ့ ကာလ လုပ်ငန်းတွေ ဆိုင်းငံ့ထားရပါတယ် ။ ပြဿနာ ပေါင်းစုံနဲ့ အခုချိန်ထိ တယောက်မှ မလုပ်နိုင်သေးပါဘူး ။
သူတို့သာ မလုပ်တာပါ ။ လူရုပ်တောင်က ရွှေကြောကတော့ တူးဖေါ်နေပါပြီ ။ တိတ်တိတ်လေး ခိုးတူးတာ မဟုတ်ပါဘူး လမ်းတွေ ကျကျနနဖောက်ပြီး တူးနေကြပါတယ် ။ သူဌေးကို မေးကြည့်တော့ သူလည်း မသိဘူးတဲ့ ဒေါသတောင်ထွက်နေသေးတယ် သူ့ ကျော်လုပ်သွားလို့တဲ့ ။
ဒီကြားထဲမှာ လူတယောက်က တောထဲမှာ ထူးထူးဆန်းဆန်း တွေ့ထားတာ လာပြောပါတယ် ။ ဂူတခုထဲကတွေ့ရတာပါတဲ့ ။ ဂူနားလေးမှာ ညဖက် သွားနေတော့ မီးတုတ် နဲ့ သွားရပါသတဲ့ ။ အဲဒီမီးတုတ်ဆီကို ပင်းကူမြှင်လို နွယ်တန်းက လိုက်လာပါတယ်တဲ့ ။
သုံးလေးကြိမ် စမ်းပြီး ဘာမှန်းမသိလို့ ပြန်လာခဲ့ပါသတဲ့ ။ ဘာပစ္စည်းလဲတော့ မသိပါဘူး ။ ဂန္ဘီရပစ္စည်းထဲမှာ သူနဲ့ နီးစပ်တာ တခု ရှိပါတယ် ။ ဖယောင် ဆိုတဲ့ ပစ္စည်းပါ ။ ရုပ်ထုကို အောက်ကနေ ဖယောင်းတိုင် မီးလေး ပြလိုက်ရင် ပင့်ကူမြှင်လို အတန်းလေး က မီးရှိရာကို ဆင်းလာပါတယ် ။ အဲဒီ အမြှင်တန်းလေးကို ဖြတ်ယူဖို့ ကတ်ကြေး (သို့) ဒါးနဲ့ အဆင်သင့် ချိန်ရွယ်ပြီး စောင့်နေ အမြှင်ကျလာတာနဲ့ ဖျက်ကနဲ ကိုက်လိုက် ဘယ်တော့မှ မကိုက်မိပါဘူးတဲ့ ။ အမြှင်လေးက လျှပ်စီးလက်သလို ဖျက်ကနဲ ဝင်သွားလို့ပါ ။ ဘယ်လောက် လက်မြန်မြန် မညှပ်မိပါဘူးတဲ့ ။ အဲဒီအရုပ်ကို ဖယောင်လို့ ခေါ်ပါတယ် ။ ဒီဂူထဲက အမြှင်တွေဟာ ဖယောင် ရဲ့ သဘောသဘာဝတွေ ဖြစ်နေပါတယ် ။
ကျနော် ချင်းတောင်တန်း သွားတုန်းက ယင်းမာပင်က ကျောက်လက်ဝါး ကိစ္စမှတ်မိကြမှာပါ ။ အဲဒါ ပြန်ချိတ်လာပါတယ် ။ သူတို့တွေ လိုက်ပြမယ် ဘယ်လိုခွဲယူမလည်းတဲ့ ။ ဟုတ်ပြီ ဒါဆို ယူပေးမယ့် ရွှေရင်ကျော်ဆရာနဲ့ ညှိမယ်ဆိုပြီး အကြောင်းပြန်လိုက်ပါတယ် ။
ဆရာနဲ့ တွေ့တော့ သူလည်း မြင်းခြံသားဖြစ်နေပါရော ။ လေဖြတ်တာ ကုပေးတဲ့ နေရာမှာ နာမည်ကြီးပါတယ် ။ ပယောဂလည်း ကုပေးသတဲ့ဗျ ။ မြင်းခြံရဲ့ အနောက်ဖက် ကပ်လျှက် လေးအိမ်တန်းရွာကပါ ။ ဆရာနဲ့ ညှိတော့....
"အဲဒါ ဘယ်လောက်တန်သဲ"
"သိန်း ၃၀၀၀ တန်တယ်ဆရာကြီး"
"ဒါဆို ဘယ်လိုခွဲမလဲ"
"လောလောဆယ်တော့ ပစ္စည်းရှိရာပြမဲ့ အဖွဲ့ ရယ် ယူပေးမယ့်ဆရာကြီး ရယ် ကြားက အရောင်းအဝယ် လုပ်ပေးရမယ့် အုပ်စုရယ်ဆိုပြီး သုံးဖွဲ့ ခွဲယူရမှာပါ ဆရာကြီး "
"တဖွဲ့ တစ်ထောင်ပေါ့ "
"ဟုတ်ပါတယ် ဆရာကြီး"
"လုပ်ဗျာ သဘောတူတယ်"
ဒါနဲ့ ယင်းမာပင်ကို သုံးစု ခွဲဖို့ ပြောတော့
"ကျနော်တို့က ငါးယောက်ရှိတာဗျ"
"ဒီတော့"
"ပိုပေးမှ အဆင်ပြေမယ်ထင်တယ်"
"ပိုမပေးနိုင်ဘူး ငါးယောက်ထဲကတယာက် ဒီဖက်လာပူးလှည့် ကျနော်က သုံးယောက်ထဲ"
"ဒါဆို ရပါတယ် "
ညှိလို့ ပြီးသွားပါပြီ ။ ကျောက်လက်ဝါးအကြောင်း သိသလောက် ပြောပါမယ် ။ လူရဲ့ လက်ပုံသဏ္ဍန်ဖြစ်နေတဲ့ ကျောက်ပါ ။ အချို့က လက်ကောက်ဝတ်ခန့်သာ ရှိပြီး အချို့က တတောင်ဆစ်နားထိ ရှိတတ်ပါတယ် ။ လူလက်ကဲ့သို့ အမွှေးတွေ ပေါက်ပါတယ် သူ့သက်တန်းအရ အမွှေး အတိုအရှည်ကွာပါတယ် ။
အစောင့်အရှောက်ရှိနေလို့ အစာ ရေစာ ပေးရကျွေးရပါတယ် ။ ယူလာစမှာ သက်သက်လွှတ် ထမင်းဟင်းနဲ့ စတင်လေ့ကျင့် ကျွေးမွေးခဲ့ရင် နူးညံ့တဲ့ ကျောက်လက်ဝါး အဖြစ် စောင့်ရှောက်သလို မူလအစာကျွေးစမှာ ကြက် ငှက် အစရှိတဲ့ သတ္တဝါတွေနဲ့ ကျွေးမိရင် ကြမ်းတမ်းတဲ့ ကျောက်လက်ဝါး ဖြစ်လာပါတယ် ။ အစွမ်းတော့ အတူတူပါပဲ ။
ကျွေးရပုံကတော့ ကျောက်လက်ဝါး သိမ်းထားတဲ့ သေတ္တာတို့ အိုးတို့ အထဲမှာ ထည့်ပေးရတာပါ ။ မူလပိုင်ရှင် မရှိတဲ့ တောတောင်ထဲက ကျောက်လက်ဝါးကို ယူမယ်ဆိုရင် ယခုလို အထက်လမ်းဆရာတွေမှ ယူနိုင်ပါတယ် ။
စမ်းသပ်နည်းကတော့ အများအားဖြင့် သတ်မှတ်ထားတဲ့ အုန်းသီး ခူးခိုင်းပါတယ် ။ ဖယောင်းတိုင် သုံးတိုင်ထွန်းပြီး ဘယ်ဖယောင်းတိုင် မှုတ်ပြပါဆိုပြီး ခိုင်းပါတယ် ။ သူတပါးအိတ်ထဲက ပိုက်ဆံယူခိုင်းပါတယ် ။
ဘယ်နေရာ သုံးလည်းဆိုရင် ယိုးဒယားကတော့ သူဌေးတွေက အိမ်စောင့်ထားသတဲ့ ။ ဒီမှာကတော့ ဘိုးတော်တွေ အစွမ်းပြတယ်ဆိုတာ ကျောက်လက်ဝါး နဲ့ ဆိုင်နေမလား စဉ်းစားမိပါတယ် ။ ရေကို မန်းလိုက်တာ ဆီဖြစ်သွားတာတို့ ဘာတို့ပေါ့ ။
အဲဒါ သွားယူမယ့်နေ့ မနက်မှာပဲ ဆေးဆရာ ရောက်လာပါတယ် ။ သူနဲ့ အတူ ဗိုလ်ကြီးတယောက်လည်း ပါလာ ပါတယ် ။ ဗိုလ်ကြီးက မေးပါတယ်
"ပစ္စည်းက သေချာလား"
"ကျနော်ကိုယ်တိုင်တော့ တွေ့ထားတာ မဟုတ်ပါဘူး"
"မတွေ့ရင် ဘယ်လိုလုပ်မလဲ"
"မတွေ့လည်း ပြန်လာယုံပေါ့ ဗိုလ်ကြီး"
"မတွေ့ရင် ခရီးစရိတ် သူတို့ပြန်ပေးမှာလား"
"ခရီးစရိတ်က ကျနော်အကုန်တာဝန်ယူမှာပါ"
"မဟုတ်ခဲ့ရင် လူပင်ပန်းမယ်ဗျ"
"ငွေလိုချင်ရင် ရင်းရမှာပဲ ဗိုလ်ကြီး"
"ဆရာကြီး က အသက်ကြီးပြီဗျ"
"ကဲ ဒါဆို သွားမှာလား မသွားဘူးလား ဒါပဲ ပြောပါဗျာ"
စားပွဲဝိုင်းတခုလုံး တိတ်ဆိတ်သွားပါတယ် ။ သူတို့ တယောက်မျက်နှာတယောက် ကြည့်နေပြီး မှ .............!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment