သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၀)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၀)
"ဘော့စ်ရေ အခြေအနေမကောင်းဘူး"
"ဘာဖြစ်လို့လဲ"
"နေရာကို ရှာမရခဲ့ဘူး သူတို့ပြောတာကတော့ တောမှောက်နေတယ်တဲ့"
"တောထဲ နေတဲ့သူတွေက တောမှောက်ပါ့မလားဗျ"
"ဟုတ်တယ် ဒီလူ လိမ်ပြောတာလား မသိဘူး"
"သုံးဖို့ စွဲဖို့ တောင်းတယ်မဟုတ်လား"
"ဒါကတော့ တောင်းတာပေါ့ မဖြစ်လောက်ပါဘူး"
"နောက်မှာ လာနေပြီ မေးသာ ကြည့်တော့ ဘော့စ်"
ကိုဝင်းကြိုင်ရောက်လာတော့ မေးပါတယ် ။ သူပြောတာတွေက မူလက ပြောခဲ့တာတွေနဲ့ ကွာဟနေပါပြီ ။ သေချာတာကတော့ ဒီလူ ပြောခဲ့တာတွေဟာ တဆင့်စကား တဆင့်နားနဲ့ ပြောခဲ့တာတွေပါ ။
ကိုခင်မောင်ဝင်းရယ် ကျနော်ရယ် သူဌေးရယ် စကားပြောကြပါတယ် ။ ( ကျနော်က သက်သေပေါ့ ကိုဝင်းကြိုင် မူလက ပြောခဲ့တဲ့ စကားက ဘယ်လို အခု ဘယ်လိုဆိုတာ ကျနော်လည်း အတူကြားခဲ့တာကိုး ) အခုပြောပေါက်က သိန်း ၁၀၀၀ အရင်ချပေးမှ နေရာအမှန် ခေါ်မယ် ပြောနေတာပါ ။ လိမ်နေတယ်လို့ ကောက်ချက်ချပြီး ပြန်လာပါတယ် ။
နောက်သူဌေးဆီကို ဖုန်းဝင်လာပါတယ် ။ မကွေးတိုင်းထဲမှာ တွေ့ထားတဲ့သူရှိတယ် ယူပေးမယ်လို့ ပြောပါတယ် ။ ကျနော့်ကို လိုက်ခဲ့ပါတဲ့ ။ လိုက်မသွားဖြစ်ပါဘူး သူတို့ဘာသာ သွားကြပါတယ် ။
ကိုခင်မောင်ဝင်း ပြန်ပြောပြတာပါ ။ သူတို့ မကွေးတိုင်း ပွင့်ဖြူ နယ်ထဲက ရွာတရွာ ရောက်သွားပါသတဲ့ ။ အဲဒီရွာမှာ လူတယောက်က သူ့အိမ်ခေါ်သွားပြီး ကျကျနန ချက်ပြုတ် ကျွေးမွေး ဧည့်ခံပါသတဲ့ ။ ပြီးတော့ မနက်လင်းလင်းခြင်း သူသွားပြီး ယူပေးမယ်တဲ့ ။ ပစ္စည်းရှင်တွေက အလွန်ကြောက်တတ်လို့ လူစိမ်းပါလာရင် ပစ္စည်းထုတ်မပြလို့ပါတဲ့ ။
ဒါနဲ့ သူ့အိမ်မှာ ညအိပ်ကြပါတယ်တဲ့ ။ သူ့မိသားစုနဲ့လည်း စလိုက်နောက်လိုက် နဲ့ ရင်းနှီးသွားပါသတဲ့ ။ နောက်တနေ့ သွားခါနီး ပစ္စည်းရှင်ဆီ ဖုန်းဆက်ပါရော သူလာမယ် ပြောတော့ ပစ္စည်းရှင်က လာရင်လည်း ပစ္စည်းကြည့်ပဲရမယ် ထည့်မပေးနိုင်ဘူး အရင်တခါကလည်း ဒီလိုယူသွားပြီး ဘာမှ ဖြစ်မလာလို့တဲ့ ။
ပစ္စည်းတော့ ပေးလိုက်ပါ ဘာညာ ဆိုတော့ တဖက်က မင်းဘာသာ စိတ်တိုင်းကျစမ်း မှန်ပြီဆိုမှ ငါးသိန်းပဲ ပေးထား ပစ္စည်း ပေးလိုက်မတဲ့ တဲ့ ။
ဒါနဲ့ သူဌေးကို ဘယ်လို လုပ်မလဲ ဆိုတော့ သူဌေးက သံချောင်း အသစ် ပေးပြီး စမ်းတဲ့ပုံ video ပါ ရိုက်ခဲ့ပါ မှန်ရင်ငါးသိန်း ပေးခဲ့ မမှန်ရင် ၁ သိန်းပေးခဲ့ ဆိုပြီးငါးသိန်းထည့်ပေးပြီး လွှတ်လိုက်ပါရော ။
နေ့လည်မှာ စမ်းထားတဲ့ video ကို လှမ်းပို့ပေးပါတယ် ။ ပြန်လာနေပြီ ယူခဲ့ပြီတဲ့ ။ နောက် ဖုန်းတွေ အဆက်မပျက် (သူခေါ်. ကိုယ်ခေါ် ပေါ့) ပြောနေရင်း ညနေမှာ အဆက်ပျက်သွားပါတယ် ။ ဒီကလူတွေ ပြာသွားပါတယ် ။
ငွေလိမ်သွားရအောင်ကလည်း သူ့မိသားစုနဲ့ သူ့အိမ်ကစောင့်နေတာ ဆိုတော့ မဖြစ်နိုင်ဖူးပေါ့ ။ ငွေကလည်း မဖြစ်သလောက်ကိုး ။ အမျိုးမျိုးထင်ကြေးပေးနေတုန်း သူ့ဆီက ဖုန်းဝင်လာပါတယ် ။ အားလုံးဝမ်းသာအားရ ကိုင်လိုက်တော့ အခြားလူ အသံပါတဲ့ ။
ပွင့်ဖြူ မြို့ အစပ်မှာ ဒီဖုန်းပိုင်ရှင်ကို တရားဝင်သယ်ဆောင်ခွင့်မရှိတဲ့ သံစားကျောက်နဲ့ အတူ မိထားလို့ စစ်ဆေးရာမှာ ယခု ဖုန်းနံပါတ်မှ အကြိမ်များစွာ ဆက်သွယ်ထားတာ တွေ့ရလို့ မသင်္ကာပါဘူးတဲ့ ။ ယခု ရောက်ရာအရပ်ကနေ ပွင့်ဖြူရဲစခန်းကို လာရောက် ဖြေရှင်းပါလို့ ပြောပါသတဲ့ ။
အားလုံးလည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး သူ့အိမ်က ဒီလူ့ မိန်းမကို အကျိုးအကြောင်းပြောပြီး သူတို့ လာတာ မပြောဖို့နဲ့ သူ့မိန်းမကို ကိုယ့်ဘာသာရဲစခန်းလိုက်သွားပြီး လိုအပ်တာ လုပ်ပေးဖို့ နောက်ထပ် ငါးသိန်းပေးပြီး ပြန်လာရပါသတဲ့ ။
အင်မတန် လှတဲ့ ဇာတ်လမ်းဗျ ။ အားလုံးပေါင်းလိမ်နေတာ ။ ဘယ်မှမသွားပဲ လိမ်ပြသွားတာပါ ဒီနေ့ထိ လိမ်နေတုန်းပါပဲ ခံရသူတွေ မနည်းပါဘူး ။ ဒီလောကသား အတော်များများ ခံရဖူးပါတယ် ။
ကျနော်လည်း လိမ်မှန်း နောက်မှသိရတာပါ ။ ဒါက ကိုခင်မောင်ဝင်းတို့ ခံခဲ့ရတာပေါ့လေ ။ အလိမ်တွေကြားထဲကနေ ငွေရတာလေး ပြောချင်ပါသေးတယ် ။
တနေ့ လွိုင်ကော်ကို ခနောက်စိမ်း သွားကြည့်ပါတယ် ။ စျေးကြနေလို့ မရောင်းပဲ ထားတဲ့ ခနောက်စိမ်းတွေပါ ။ မိတ်ဆွေ တယောက်က လိုချင်တယ် ဆိုလို့ ချိတ်ဆက်ပြီး သွားခဲ့တာပါ ။ ကျနော်က ရှေ့ပြေး သွားကြည့်တာပါ ။ ဂိုဒေါင်ထဲမှာ တန် ၂၀၀ ထည့်ထားတာပါ (တော်ရုံ ဘယ်ရင်းရဲပါ့မလဲ) ။ သန့်ထားတဲ့ ခနောက်စိမ်းတွေပါ ၃၅% အထက်ပါဝင်ပါတယ် ။
အဲဒါကို နောက်ဆုံးထုတ် ဂျာနယ်နဲ့ ပစ္စည်းရယ် လူရယ် အတူတွဲရိုက်ပြီး ဓါတ်ပုံပို့ပေးရပါတယ် ။ ဂျာနယ်မပါဘူးဆိုရင် ဟိုအရင်က ပုံအဟောင်းတွေနဲ့ ပြတာလို့ ထင်မှာ ဖြစ်ပါတယ် ။ တခါတည်း လာမယ် စောင့်နေပါတဲ့ ၂ ရက်စောင့်ရမယ် ပြောပါတယ် ။
စောင့်နေတုန်းမှာ သတင်းတခု ရလာပါတယ်။ တီကျစ်နဲ့ နောင်တရားကြားထဲမှာ အလွန်ထူးဆန်းတဲ့ အရုပ် တခု လာကြည့်ပါတဲ့ ။ ဒါနဲ့ အဲဒီနေရာကို ပြန်လာခဲ့ပါတယ် ။ နောင်တရားမှာ ထမင်းဆိုင် ရှိမရှိ မသိတာနဲ့ ပင်လောင်း ရေကန်နားက ဆိုင်မှာ ခေါက်ဆွဲကျော် စားပါတယ် ။ (ဖုန်းအား သွင်းမရတဲ့ ထမင်းဆိုင်ကိုတော့ အားမပေးတော့ပါဘူး)
နောင်တရားကျော်ပြီး ၁၀ မိနစ်လောက် စီးအပြီးမှာ သူညွှန်သလို မလာတတ်တော့ လမ်းမကြီး ဘေးကနေ စောင့်နေရပါတယ် ။ မိနစ် ၂၀ လောက်မှာ လူတယောက်လာခေါ်ပါတယ် ။ လမ်းမကြီးကနေ ဘယ်ဖက်ဖဲ့ဆင်းသွားရပါတယ် ။
ခဏနေတော့ ရွာတရွာ ကိုရောက်ပါတယ် ။ ပအို့ဝ်ရွာတွေဟာ တိုက်တွေ များပါတယ် ( စုတ်တီးစုတ်ချာ အိမ် သိပ်မတွေ့ရပါဘူး) ။ နှစ်ထပ်အိမ်ကြီး တခုမှာ ပစ္စည်း စမ်းရပါတယ် ။
အရုပ်က မျောက်ရုပ်လေးပါ ။ ထူးခြားတာက မျောက်မှာ ဘုရင်တွေလို ခေါင်းပေါင်း စလွယ် သံလျှက်တွေ ပါနေတာပါ ။ ကြေးနီရုပ်ပဲဖြစ်ပါတယ် ။ သူ့အစွမ်းက ရေထည့်ထားတဲ့ ဖလားထဲမှာ ထည့်ထားလိုက် တုတ်တုတ်မလှုပ်ပါဘူး ။
အဲဒီဖလားထဲကို သဲအပြည့်ထည့်ပြီး အရုပ်ကို လည်ပင်းအထိ သဲထဲ မြှပ်ထားလိုက်ပါက အရုပ်ကလေးဟာ သဲထဲမှာ ဖြေးညှင်းစွာ လည်နေတာ တွေ့ရပါတယ် ။ စတီးဖလားဖြစ်နေလို့ များလားဆိုပြီး ကော်ဖလားထဲထည့်စမ်းလည်း လည်နေတာပါပဲ ။
ဘာပစ္စည်းဆိုတာ ဘယ်ဂမ္ဘီရဆရာမှ မပြောနိုင်ပါဘူး ။ ဒါနဲ့ နောက်နေ့မှ ပြန်လာပါ့မယ်ဆိုပြီး ပြောခဲ့ပါတယ် ။ လွိုင်ကော်မှာ ခနောက်စိမ်း ကိစ္စစာချုပ် ချုပ်ပြီးတာနဲ့ ပွဲခ ယူပြီး ချက်ခြင်း ရပ်စောက်ပြန်ပါတယ် ။ သူဌေးပေါင်းစုံ ချိတ်တော့ ၃ ရက်မြောက်မှာ နားတော့ မလည်ဘူး ဒါပေမယ့် ၂၀၀ ပေးမယ်တဲ့ ။
ပိုင်ရှင်ကို ဖုန်းဆက်မေးကြည့်တော့ ၂၅၀ ရမှတဲ့ ။ သူဌေးကိုပြောတော့ ၂၂၅ နဲ့ တည့်ပါရော ။ ဒါနဲ့ ချိန်းပြီး သွားဝယ်ကြပါတယ် ။ စမ်းတော့လည်း မူလပြောထားသလို ဖြစ်နေတာပါပဲ ။ ပွဲခကို ၂၅ သိန်းပဲ ပေးပါတယ် (အမှန်ဆိုရင် ၄၄ သိန်းရမှာပါ ၂၀% သတ်မှတ်ထားတာကိုး) ။ ဆက်သွယ်ပေးတဲ့ ဒေသခံကလည်း ပွဲခကို နားမလည်ဘူး ကျနော်ကလည်း လောဘမကြီးတော့ အဆင်ပြေပါတယ် ။
တွေ့ဖူးတာကိုက အမြတ်ရှိနေပါပြီ ။
နောက်ရပ်စောက်ပြန်ရောက်တော့ ဦးမိုးကပြောပါတယ် ။ မီးဖြတ် အတု လိုချင်လို့ ဆိုပြီး သူ့မိတ်ဆွေက ပူဆာနေတယ်လို့ ပြောပါတယ် ။ ကျနော်က လူလိမ်တွေဆီမှာ ရှိမှာပေါ့ဆိုတော့ လိုချင်တဲ့သူကို ခေါ်လိုက်ပါတယ် ။ နောက်စကားပြောကြတာပေါ့ ။
"ဒါက ကိုမျိုး သူက ကိုမြင့်တဲ့"
"ကိုမြင့်ရေ လူလိမ်တွေဆိုတာ ၁၀၀% နော် ဘယ်လိုလိမ်မယ်ဆိုတာတော့ မသိဘူး"
"ရပါတယ် ကျနော့် မျက်မြင်ဆိုရပြီ"
"ဟုတ်ပြီ အခု ကျနော် ဖုန်းဆက်မယ် စပီကာဖွင့်ပြီး မေးပေးမယ် ကိုမြင့် သိချင်တာ ရှင်းအောင်မေးပါ သူ့စကားကို ယုံရင်လုပ် မယုံရင် မလုပ်ပါနဲ့ ချင့်ချိန်ကြည့်ပါ"
"ရတယ် ဖုန်းသာ ခေါ်ပါ" (ကျနော် ခေါ်လိုက်ပါတယ်)
"ဟလို ကိုမျိုး ဘယ်ပျောက်နေလည်း"
"အေး ရှိပါတယ်ဗျာ အခု ကိုယ့်မိတ်ဆွေတယောက်က မင်းဆီက ပစ္စည်း လိုချင်တယ်ဆိုလို့ မေးချင်လို့"
"ဟာ ရတာပေါ့ဗျာ ဘာပစ္စည်းလည်း"
"မီးဖြတ်တဲ့ စပီကာ ဖွင့်ထားတယ် သူပြောလိမ့်မယ်"
"OK ပါဗျာ ပြောပါ"
"ညီလေးကိုယ့်နာမည် ကိုမြင့်ပါ"
"ဟုတ် ပြောပါ ကိုမြင့်"
"ညီလေးပစ္စည်း အစွမ်းလေး "
"ငါးပေ အကွာက ၂ မိနစ်အတွင်း မီးငြိမ်းမယ် ဆိုင်ကယ်စက်ရပ်မယ်"
"ဘယ်နှစ်ကြိမ် ရမလဲ"
"တစ်လ"
"ဘာအရုပ်လဲ အလေးချိန်ကော"
"လောလောဆယ် မြင်းရုပ်ရှိတယ် ၁၅ ကျပ်သား"
"ဘယ်စျေးလည်း"
"ဒုံးစျေး ၂၀၀"
"OK. အကြောင်းပြန်မယ်"
ဖုန်းချပြီး စကားပြန်ပြောပါတယ် ။
"ကဲ ဒီလူက စိတ်ချရပါ့မလား ကိုမျိုး"
"လူလိမ်ပါဆိုမှ ဘယ်စိတ်ချရပါ့မလဲ "
"အဲဒါ ပြောတာ မဟုတ်ဖူး သွားပြီးပစ္စည်း မတွေ့ရမှာ စိုးတာ"
"ဟုတ်ပြီ သွားရင်ပစ္စည်းတွေ့ရမယ် စမ်းရမယ် သူကတော့ ခင်ဗျားလို အလိမ်ခံမယ့်လူ ရှာနေတဲ့ လူလိမ်ဆိုတော့ တွေ့ရမှာ သေချာတယ် ။ ပစ္စည်းက သူပြောသလို ဖြစ်မဖြစ် အာမ မခံနိုင်ဘူး ။ မဖြစ်ရင်တော့ စရိတ်ကုန်မယ် ။ ဖြစ်ခဲ့ရင် တော့ ခင်ဗျား ငွေကုန်မယ် ။ သူပြောသလို တလ မခံခဲ့ရင် ခင်ဗျားခံရမှာပဲ "
"ရတယ်ဗျာ ကျနော်ရင်းနိုင်တယ် ကိုမျိုးရော ကိုမိုးရော လိုက်ခဲ့ပါ ကုန်ကြစရိတ် ကျနော့်တာဝန်ပေါ့"
"ရတယ်လေ တို့ကမင်းအလိမ်ခံရတော့လည်း ပညာရတာပေါ့ "
"ကဲ ဒါဆို ကိုမျိုး ချိန်းလိုက်ဗျာ"
ကဲ ဇာတ်လမ်းကတော့ ကျနော့်ကို ဂမ္ဘီရလောကရဲ့ အမှောင် ကမ္ဘာထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး လေ့လာဖို့ ဖန်တီးလာပါပြီ ။ ခိုင်သင်းကြည် တို့လို သူဌေးမင်းသမီးတောင် ဒီလောက မှာ ပါတ်သပ်နေတာ သိခဲ့ရပါတယ် ။
ခိုင်သင်းကြည်နဲ့ တွေ့ရတာက ဒီလိုဗျ ........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment