သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၁)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၁)
ကိုမြင့်ရဲ့ကားနဲ့ ချိန်းထားတဲ့ မိတ္ထီလာကို လာခဲ့ကြပါတယ် ။ ဒါပေမယ့် သူတို့ ပွဲတပွဲ လုပ်နေလို့ အမြန်လမ်းက မိုင်တိုင် ၂၆၂ ကို လာခဲ့ဖို့ ချိန်းပါတယ် ။ ကျနော်တို့လည်း ချက်ခြင်း လိုက်သွားပါတယ် ။
ကိုမြင့်ရယ် ကျနော်ရယ် ကိုမိုးရယ် သုံးယောက် စမ်းမယ့် ဆီ လိုက်သွားပါတယ် ။ လမ်းအနောက်ခြမ်းက လယ်ကွင်းထဲက တဲ ကလေးဆီမှာပါ ။ လောကနတ်ရုပ်လေးပါ ။ ပထမ ကျားခေါင်း ဓါတ်မီး သုံးတောင့်ထိုးနဲ့ စမ်းပြပါတယ် ။ ငါးပေ အကွာက ထိုးပါတယ် ဓါတ်မီးဟာ တမိနစ်အတွင်း တဖြေးဖြေး မှိန်ပြီး ငြိမ်းသွားပါတယ် ။ နောက်အရုပ်ကို ဖယ်လိုက်တော့ တဖြေးဖြေး ပြန်လင်းလာပါတယ် ။
အဝယ်အဖွဲ့ထဲမှာ မျက်မှန်အမည်းတပ်ထားတဲ့ အမျိုးသမီးတယောက်ပါ ပါတယ် ။ အတော်ချောတာ သတိထားမိပါတယ် ။ ဒါပေမယ့် ပစ္စည်းဆီ အာရုံရောက်နေတော့ သတိမထားမိပါဘူး ။ နောက်တခါ စက်နှိုးထားတဲ့ ဆိုင်ကယ် ပေါ် ပစ္စည်းတင်ပါတယ် ပြီးတော့ လီဘာဆွဲခိုင်းပါတယ် ။ လီဘာဆွဲရင်း စက်သေသွားပါတယ် ။ နောက် ပစ္စည်းပြန်ချပြီး ဆိုင်ကယ်စက်ပြန်နှိုး လီဘာဆွဲ ပုံမှန်အတိုင်းပြန်ဖြစ်နေပါတယ်ဘ။ ကိုသက်က ပြောပါတယ်
"ကဲ အမ ပစ္စည်းကတော့ အမြင်ပဲ ယူမှာလား ? မယူရင် ဒီက အကိုတွေ ယူဖို့ ပြောထားလို့"
"ဟာ ရတယ် ညီ ကိုယ်ယူမယ်"( တားမရဆီးမရ ကိုမြင့် ဝင်ပြောတာလေ )
"အိုး ဘယ်ရမလဲ ကျမ ယူမှာပေါ့ တကူးတက အချိန်ပေးပြီး လာခဲ့ရတာ ပစ္စည်းယူချင်လို့လေ"
(အသံကြားရမှ အသေအချာကြည့်မိပါတယ် ခိုင်သင်းကြည် ဖြစ်နေပါတယ်)
"ရတယ် အမကိုပဲ ရောင်းမှာပါ"
"ညီလေးကိုယ်တို့အတွက်.........."
(ကိုမြင့် ဝင်ပြောနေလို့ လက်ကုပ်ပြီး တားလိုက်မှ တပိုင်းတစ ရပ်သွားပါတယ်)
ဟဲ ဟဲ အရုပ်ကို ကျနော်တို့ လုဝယ်မှာ စိုးလို့နဲ့ တူပါရဲ့ ကားဆီကို အရုပ်ကြီး ဇွတ်ယူသွားပြီး ကိုသက်ကို ငွေပေးတာ တွေ့ရပါတယ် (နောက်မှ သိရတာ သိန်း ၂၀၀ ပါ) ။ သူတို့အုပ်စု ပြန်သွားတော့မှ ကိုသက်က အေးဆေးပေါ့ဗျာ သွားကြရအောင်ဆိုပြီး ခေါ်သွားပါတယ် ။
အမြန်လမ်းပေါ် ရောက်တော့မှ ကိုသက်က ပြောပါတယ် ။ အခု ပြမယ့် ပစ္စည်းက ပိုပြီးကောင်းတယ်တဲ့ ။ ကဲ ဒါဆိုစမ်းရအောင် ဆိုတော့ ပစ္စည်းက ပျော်ဘွယ်ရဲ့ တောင်ဖက်က ဒါးတွေရောင်းတဲ့ ရွာမှာသွားယူရမယ်တဲ့ ။
ဘိန်းငတ်နေတဲ့ ဆေးသမား ယင်းထနေတုန်း ဘိန်းသံကြားရလို့ ငမ်းငမ်းတပ် ဖြစ်နေသလို ဖြစ်သွားတဲ့ ကိုမြင့် အခုချက်ခြင်း သွားရအောင်ဆိုပြီး သွားကြပါရောဗျာ ။ ဒီလိုနဲ့ ဒါးရောင်းတဲ့ ရွာထဲဝင်ပြီး ပစ္စည်း ယူကြပါတယ် ။ ရှေ့ဖက်က ညာခြေကြွနေတဲ့ မြင်းရုပ်ကလေးပါပဲ ။ ကိုသက်က ပြောပါတယ်
"ဓါတ်မီးပါသလားဗျ"
"ပါတယ် ကိုသက်"
"ဒါဆိုရင် လမ်းဘေးက စားသောက်ဆိုင်တဆိုင်ဆိုင်မှာ သွားစမ်းကြရအောင် "
"ဒီနားက ဘာဖြစ်လို့လည်း "(ကိုမြင့်က မေးတာပါ)
"ဒီပြင်နည်းတွေပါ ပြချင်လို့ လမ်းဘေးက ဆိုင်ဆိုတော့ ပစ္စည်း ကွာလတီ စိတ်ချရတာပေါ့"
"ကောင်းပြီ သွားကြတာပေါ့"
ပျော်ဘွယ် နဲ့ ရမည်းသင်းကြားထဲက လမ်းဘေးထမင်းဆိုင်မှာ နားပြီး စမ်းကြပါတယ် ။ ပထမဆုံး ကျနော်တို့ ပါလာတဲ့ ဓါတ်မီးကို ကိုသက်က စစ်ပါတယ် (ဓါတ်ခဲတို့ ဖင်ပိတ်တို့ကို အသေအချာ ကြည့်တာပါ) ပြီးတော့ ပြန်ပေးပါတယ် ။ ပစ္စည်းကို စစ်တော့ သုံးကြိမ်စလုံး အောင်ပါတယ် ။
နောက်ပြီးတော့ ဆိုင်ထဲမှာ ထမင်းစားနေတဲ့ ကောင်လေး သုံးယောက်ရဲ့ ဆိုင်ကယ် နဲ့ အကူအညီတောင်းပြီး စမ်းပါတယ် ။ ဆိုင်ကယ်ကို ခဏစီးကြည့်ပါတယ် အားလုံးပုံမှန် အလုပ် လုပ်ပါတယ် ( ဂီယာ/လီဘာ) ။ ပစ္စည်းတင်ပြီး စမ်းပါတယ် လီဘာ စိတ်ကြိုက်ဆွဲ ထိုးရပ်သွားတာပါပဲ ။
ကိုမြင့်ကတော့ အူယွနေပါပြီ ။ အရုပ်ကို လက်ထဲက မချတော့ဘူးဗျ ( သူက ခိုင်သင်းကြည်ထက် ပိုဆိုးပါတယ်) ။ ဒါနဲ့ ဆိုင်ထဲ ပြန်သွားပါတယ် ။ ဆိုင်ထဲမှာ ပြနေတဲ့ TV ပေါ်ကို ပစ္စည်းတင်တော့ TV က ရှဲ ရှဲ ရှဲ ဆိုပြီး လိုင်းပျောက်သွားပါတယ် ။ ပစ္စည်း ပြန်ချတော့ လိုင်းပြန်ကောင်းသွားပါတယ် ။
ကိုမြင့် ရူးမတတ်ဖြစ်နေပါတယ် ။ လိမ်နေတာနော် ကိုမြင့် စဉ်းစားအုံး ဆိုတော့ တားမရ ဆီးမနိုင် သူလိုက်ရှာနေတာ နှစ်ပေါင်း ဆယ်ချီနေပြီ ဒီလောက်ကောင်းတဲ့ အတု မတွေ့ဖူးသေးဘူးတဲ့ ။ ဖြစ်ချင်ရာဖြစ် ဝယ်မယ်တဲ့ ။ ဒါနဲ့ ကိုသက်ကို ကျနော် စျေးဆစ်ပေးလိုက်ပါတယ် ။ ၁၀၀ နဲ့ ပေးလိုက်ပါတယ် ။ ကိုမြင့်လည်း ကားပေါ်က ငွေယူပေးတယ်ဗျ ။ ( ငွေတခါတည်း ပါလာတာကိုး ကျနော်က မယူခဲ့ဖို့ မှာထားတာ ဗျ ငွေပါလာရင် ကိုသက်တို့က လိမ်မရရင် လုယူတဲ့ အုပ်စု အန္တရာယ်များတယ် ငွေကို တပါတည်း ဘယ်တော့မှ မသယ်ရ ဆိုတာ ဒီလောကရဲ့ အထာပဲဗျ)
ကျနော်တို့လည်း ပြန်လာပါပြီ ကိုမြင့်လည်း အရုပ်ထည့်ထားတဲ့ ဗူးကြီး တပွေ့ပွေ့နဲ့ ပေါ့ ။ ရေယားမှာ ထမင်းစားနားတော့ အရုပ်ကို ပြန်စစ်ကြည့်ပါအုံး ဆိုတော့ ကိုမြင့်က မစစ်တော့ဘူး အတုဆိုတော့ အာနိသင် လျော့သွားမှာ စိုးလို့တဲ့ ။ သူသွားရောင်းပြီးရင် ဝေစုပေးမယ်တဲ့ ။
ရပ်စောက်ပြန်ရောက်လာပြီး ကိုမြင့်တယောက် မန္တလေးကို သွားပါတယ် ။ ပစ္စည်းသွားရောင်းတာလေ ။ နောက် ၂ ရက်မှာ ပြန်လာပါတယ် ပစ္စည်းက မအောင်ဖူးတဲ့ ။ သူပြောတာကတော့ ကိုသက်က ပစ္စည်းအမှန်နဲ့ စမ်းပြပြီး ကျနော်တို့ကို ပစ္စည်းခြင်း လဲပေးလိုက်တာတဲ့ ။ မြင်းရုပ်ကို ထုတ်ပြပြီး မူလ စမ်းတဲ့ အရုပ်က ဘယ်ခြေ ကြွနေတာတဲ့ ။ အခု အရုပ်က ညာခြေ ကြွနေပါသတဲ့ ။ ( မူလအရုပ်ပါပဲ သူစိတ်ထင်ရာ ပြောနေတာပါ မူလကတည်းက ညာခြေကြွထားတာပါ)
ဒီနေရာမှာ ငါအလိမ်ခံရတာ အ လို့ မဟုတ်ဖူး ။ ငါတို့ စမ်းတုန်းက အကွက်စေ့တယ် စေ့စပ်သေချာတယ် ငါတို့ကို လိမ်လို့မရနိုင်ဘူး ဆိုတဲ့ မိမိကိုယ်ကို လှည့်စားဖြေသိမ့်ပြီး တွေးတတ်တဲ့ အတွေးတွေကြောင့် ထပ်ခါထပ်ခါ မှားနေကြတာပါပဲ ။ လူလိမ်တွေက မိမိထက် တော်တယ်ဆိုတာ လက်ခံထားရင် သိပ်ပြီး အလိမ်မခံရနိုင်ပါဘူး ။
မြန်မာပြည်က ထူးခြားတဲ့ သယံဇာတတွေ အကြောင်း လည်း ပြောပြချင်ပါတယ် ။ တနေ့ တရုတ်အဝယ်ကိုယ်စားလှယ်တဦးရောက်လာပါတယ် ။ သူက ဘာလိုချင်တာလည်း ဆိုတော့ သံကပ်တဲ့ ကျောက် လိုချင်တယ်တဲ့ ။ ကျောက်က သံလိုက်ဓါတ်ပါတဲ့ သဘောပေါ့ ။ နာရီကို တင်လိုက်ရင် နာရီ ရပ်ရမယ် ။ မီးသီးဖင်နဲ့ ထိထားရင် မီးသီး က မှိန်မှိန်လေး လင်းရမယ်တဲ့ ။
လိုက်ရှာတော့ တွေ့ပါရော ။ ဒါပေမယ့် ပြဿနာက လေးလက္မသံကို လေးလက္မအကွာကနေ မဆွဲနိုင်တော့တာပါပဲ ။ မူလ တွေ့ရတဲ့ နေရာမှာ ဆွဲပါတယ် ။ ဖဲ့ပြီးယူလာတဲ့ အခဲတွေကျတော့ ဆွဲအား နည်းသွားပါတယ် ။ ယခုချိန်ထိ အရောင်းအဝယ်မရှိသေးပါဘူး ။ နေရာ သိထားသူတွေ ရှိနေပါတယ် ။
သဘာဝ ပစ္စည်းသာ ခက်နေတာဗျ အတုလုပ်တဲ့ သူတွေက လုပ်ပြီး ရောင်းနေပါရော ။ ရှာရှာဖွေဖွေ စဉ်းစားတဲ့ နေရာမှာ အလွန်တော်ပါ့ဗျာ ။ မိုင်းရှာတဲ့ စက်ထဲက အလွန်အားကောင်းတဲ့ သံလိုက် နဲ့ ကျောက်ခဲ အတုထဲ ထည့်ပြီး တရုတ်တွေကို လိမ်ရောင်းတာပါ ။ ( တသက်လုံးက အညံ့စားပစ္စည်းတွေနဲ့ မြန်မာပြည်ကို ဂျင်းထည့်လာတဲ့ တရုတ်တွေ မြန်မာ 420 တွေနဲ့ တွေ့မှ ခံရပါရောလား)
တရက် လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း ဦးမိုးက ပြောပါတယ် ။ သူ့အသိတယောက်ဆီကို ကိုသက်တို့ ဆက်သွယ်တယ်တဲ့ ။ သူတို့ လိမ်နည်းတွေ သိထားရင် အကျိုးရှိမယ် ကိုယ့်မိတ်ဆွေတွေ နောက်ထပ် အလိမ်မခံရတော့ဘူးပေါ့ လို့ ပြောပါတယ် ။
ကျနော်က ပြန်မေးပါတယ်
"ဦးမိုးက ဘာလုပ်ချင်တာလည်း"
"ခင်ဗျားက လျှင်တယ်ဗျ ခင်ဗျား သူ့လူ ကိုယ့်ဖက်သား လုပ်ပြီး ပညာရသလောက် ယူခဲ့ဗျာ"
"ကျနော့် အလုပ်က ရှိသေးတယ်လေ "
"လစာမဲ့ ခွင့်ယူဗျာ လစာနဲ့ စရိတ်ကို ကျနော် ကူညီမယ်"
"ဒါဆို သူဌေးကို ပြောကြည့်မယ်"
ကျနော် သူဌေးကို ပြောတော့ ခွင့်ပြုပါတယ် ။ ဦးမိုးနဲ့ တိုင်ပင်ပြီး အမှောင်လောကထဲကို ဝင်ဖို့ ခြေလှမ်းစပါပြီ ။ ဦးမိုးရဲ့ မိတ်ဆွေ ဦးမြင့်ဆွေ ဆိုတဲ့ လူနဲ့ ချိတ်ဆက်ပြီး နေပြည်တော် မှာ ချိန်းလိုက်ပါတယ် ။
နေပြည်တော် စည်ပင်ရိပ်သာမှာ တည်းကြပါတယ် ။ အသက် ၇၀ ခန့် ထောင်ထောင်မောင်းမောင်းနဲ့ သင်္ဘောသားဟောင်းကြီးဟာ အင်မတန် ခင်စရာ ကောင်းလှပါတယ် ။သူ့ကို ဆက်သွယ်တာက မောင်ခိုင်ဆိုတဲ့ လူပါပဲ ။ အလုပ် လုပ်ဖို့ စီစဉ်ပုံက ကိုသက်တို့လို ဂွင်မျိုးပါပဲ ။
ဦးမြင့်ဆွေနဲ့ အတူပါလာတာ ပွင့်ဖြူက လူပါ ။ သူကတော့ ကိုခင်မောင်ဝင်းတို့ကို လိမ်လိုက်တဲ့ မောင်လင်းဆိုတဲ့ လူလိမ်ပါ ( နောက်မှသိရတာပါ) ။ ချိန်းထားတဲ့ တပ်ကုန်းမြို့ကို ရောက်တော့ လူလိမ်တွေ နဲ့ တွေ့ပါပြီ ( ဦးမြင့်ဆွေ ကတော့ မသိပါဘူး) ။ လူလိမ်တွေက ၂ ယောက်ပဲ လိုက်ခဲ့ပါ ဆိုတော့ ဦးမြင့်ဆွေ နဲ့ အတူ ဘယ်သူလိုက်မလဲ ? ဦးမိုးက ကိုမျိုးပဲ လိုက်သွားပါတဲ့ ။
ဆိုင်ကယ်နဲ့ လိုက်သွားပြီး ပစ္စည်း စမ်းတော့ ကျနော် မကြည့်ပါဘူး ။ သူတို့ အုပ်စုထဲက ခေါင်းဆောင် ကို တိုးတိုးလေး ကပ်ပြောလိုက်တော့ သူရုတ်တရက် လန့်သွားပါတယ် ။ ကျနော်ပြောလိုက်တာက ............!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment