သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၉)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၉)

ဆရာကြီးက ပြောပါတယ် ကားစီစဉ်ပေးနိုင်မလားတဲ့ ။ ကားက ယင်းမာပင်မှာထိပဲ ရမှာပါ ဟိုဖက် တောထဲ ကားလမ်းမရှိဘူးလေ ဆိုတော့ ဗိုလ်ကြီးက ပြောပါတယ်
"ဒါဆိုရင် သွားပြီး အလကား မဖြစ်အောင် ပစ္စည်းမတွေ့ခဲ့ရင် ၅ သိန်း လျှော်ရမယ်"
"အရောင်းအဝယ်လုပ်မယ်ဆိုရင် ဒီလို အလျှော်အစားက ရှိတတ်ပါတယ် ဒါပေမယ့် အခုဟာက အကျိုးတူ အားလုံး စုပေါင်း လုပ်ကြတာ မဟုတ်ဖူးလား ? ဆရာကြီးက ယူပေးပြီးရင် ခွဲတမ်း မယူတော့ ဘူးလား"
"ဒီလိုလည်း မဟုတ်ဖူးလေ ကိုယ့်ဖက်က သေချာအောင် ပြောထားတာပါ"
"ကဲ ဆရာကြီး မလုပ်တော့ဘူး ဒီလောက် လောဘကြီးပြီး တကိုယ်ကောင်းဆန်သူတွေနဲ့ ကျနော် အလုပ် မလုပ်ချင်ဘူး "
"နေပါအုံးကွ ဒီဗိုလ်ကြီးကလည်း ငါတို့ မြင်းခြံသားပါပဲ "
(ဆရာကြီးက ဝင်ပြောတာပါ)
"ခင်ဗျား ကျုပ်ဘာဆိုတာ မသိဘူးလား"
(ဗိုလ်ကြီးက ပြောတာပါ)
"သြော် ဗိုလ်ကြီး ဆိုတာနဲ့ ထပြီး အလေးပြုရမှာလား"
"ခင်ဗျားပြောတာ ရင့်လှချည်လား"
"ရပ်စောက်လို မြို့မျိုးမှာ ဗိုလ်ကြီး အဆင့်ဆိုတာ မတွေ့ချင် မမြင်ချင်အဆုံးပါ တကက သင်တန်းကနေ စစ်ဦးစီး တက္ကသိုလ်အထိ ဒီမှာရှိတယ် ဘာမှမဆန်းဘူး "
"ခင်ဗျား ဒီအလုပ် ဆက်လုပ် ကျုပ်နဲ့တွေ့မယ်"
"ဂျာကြီးဘာဖြစ်နေတာလည်း"
(သစ်ကုမ္ပဏီ တုန်းက ကျနော့်ရဲ့ ငွေစာရင်းကိုင် တပ်က CQ ကြီး ဦးလှမြင့်ပါ)
"ဒီမှာ ကျနော့ကို ဗိုလ်ကြီးက ရစ်နေလို့ ဆရာကြီး"
"ဗိုလ်ကြီး ကြည့်ရစ် တပ်နယ်မှူးအိမ်ကို တံခါးမရှိ ဒါးမရှိ ဝင်ထွက် နေတဲ့ ကုမ္ပဏီ မန်နေဂျာနော် ကျောက်တုံး ကန်မိအုံးမယ်"
"မန်နေဂျာ ဘာလုပ်ရမှာလည်း "
"ဘာမှ မလုပ်နဲ့ လေ့လာလိုက် ကဲ လာပါကိုမျိုး သွားကြရအောင် "
ကျနော်လည်း ပြန်လာခဲ့ပါတယ် ။ နောက်ထပ် အခြား တယောက် ဆက်သွယ်တော့ တွေ့ပါတယ် ။ အေးအေးဆေးဆေး ပါပဲ ။ နဖူးပြောင်ပြောင်နဲ့ ခပ်ဝဝ ရွှေရင်ကျော် ဆရာကို ခေါ်သွားပြီး လယ်ပြင်မှာ မွှေကြပါတယ် ။ လျိုချောက် အလွန်ပေါတာပါပဲ ။
ဦးတည်ရာကို ရောက်တော့ အားလုံး မောသွားပါတယ် ။ သူတို့ တွေ့ထားတဲ့ လျှိုထဲက ဂူလေးဟာ ရေတွေ ပြည့်နေပါတယ် ။ ဘယ်လိုမှ ဝင်မရခဲ့ပါဘူး ။ ရွှေရင်ကျော်ဆရာကတော့ ပြောပါတယ် ။ ဟုတ်တယ် ဒီနေရာပဲတဲ့ အချိန်မတန်သေးလို့ မရသေးဘူး ပြောပါတယ် ။
ပါလာတဲ့ ကန်တော့ပွဲတွေ ဂူဝမှာ ပြင်ဆင်ပြီး ထားခဲ့ပါတယ် ။ ရွှေရင်ကျော် ဆရာကတော့ နောက် ၇ နှစ် စောင့်ရမယ်တဲ့ ။ ကိုယ်လုပ်နိုင်စွမ်းထက် ကျော်နေတော့ ပြန်ခဲ့ရပါတယ် ။
ရပ်စောက်ရောက်တော့ ထီးဆန်ကုန်းက ကိုသိန်းကျော် ရောက်နေပါတယ် ။ ဘာလဲ ဆိုတော့ ကျောက်တုံး တစ်တုံး ပါလာ ပါတယ် ။ ဒါးနဲ့ ထုလိုက်တော့ အတွင်းက ရွှေတွေလို ဝင်းဝါနေတဲ့ ဗဟမ်းတွေ တွေ့ရပါတယ် ။ ( ဗဟမ်းကို အဲဒီလို တစ်တုံးလုံး ဖြစ်နေတာ အခုမှ မြင်ဖူးပါတယ် )
အဲဒါ နေရာ သိသူ ရှိတယ်တဲ့ ။ ဗဟမ်းတော့ မှန်တယ် ရွှေရှိချင်မှ ရှိမှာ နော် ဆိုတော့ ကိုစိုးက ပြောပါတယ် ရွှေရှိရင်လည်း အစုလိုက် အပြုံလိုက် ရှိတတ်သတဲ့ ။ သွားကြည့်ရအောင်တဲ့ ။ သူဌေးဆီကို သတင်း ပို့တော့ လူရုပ်တောင် ရွှေကွက်ကို ကျော်ခွ လုပ်ထားတဲ့ သူ့မိတ်ဆွေကို မကျေနပ်သေးတဲ့ သူဌေး ချက်ခြင်း သွားကွာတဲ့ ။
ဘယ်ကို သွားရမှာလည်း ဆိုတော့ ကိုသိန်းကျော်က မပြောဘူး လိုက်သာ လိုက်ခဲ့ပါ ရောက်တော့ သိမယ်တဲ့ ။ တောထဲ တောင်ထဲ ငတ်နေမှာ စိုးလို့ ဘာတွေ ဝယ်ခဲ့ရမလဲ မေးတာ လို့ ပြောတော့ ရတယ် ရွာ အကြီးကြီး ရှိပါတယ် တဲ့ ။
ကိုင်းဒါနဲ့ ဆိုင်ကယ် နှစ်စီး ပြင်ချိန်တောင်မရဘူး ထွက်လာရပါရော ။ ဘယ်လည်းဆိုတော့ ပင်းတယဖက် ထွက်လာပါတယ် ။ ပင်းတယ မှာ ထမင်းစားတော့ ဘယ်သွားရမှာလည်း ထပ်မေးပါတယ် ။ ပလောင်ဆတ်သေ တဲ့ ကြားကို မကြားဖူး ဘူးဆိုတော့ ပင်းတယ နဲ့ ရပ်စောက် နယ်စပ် က အစွန်ဆုံး ရပ်စောက်ပိုင်တဲ့ ရွာတဲ့ ။
ဒါဆို အခု ဘယ်လို သွားမလဲဆိုတော့ ပင်းတယကနေ သွားဖို့ လမ်းမရှိဘူးတဲ့ ။ ရွာငံနယ်ထဲကနေ လှည့်ဝင်ရမှာတဲ့ ။ ဒါနဲ့ စားသောက်ပြီး ဆက်သွားကြပါတယ် ။ မြိုင်ကိုကျော်တော့ မှိုတွေ လမ်းဘေးမှာ ရောင်းနေတာ တွေ့ရပါတယ် ။
ဒါနဲ့ ရွာရောက်ရင် ချက်ခိုင်းမယ်ဆိုပြီး ဝယ်ခဲ့ပါတယ် ။
လမ်းမကြီးကနေ ညာဖက်ချိုးဝင်ရပါတယ် ။ ဗြုံးကျောက်ခင်းထားတဲ့ လမ်းမို့ စီးကောင်းလှပါတယ် ။ နောက် သစ်ပင် ဝါးပင်တွေ အင်မတန်ပေါလှတဲ့ စိမ်းစို အုံ့မှိုင်းနေတဲ့ ရွာကြီးကို ဖြတ်ရပါတယ် ။ ကျောက်မီးခတ် ရွာ တဲ့ ။ ရှေ့ဆက်သွားတော့ လမ်းခွဲလေးတခုရောက်မှ မှတ်မိပါတယ် ကျနော်တို့ကို ကောင်းဘိုရွာက မပု ခေါ်သွားဖူးတဲ့ ဆင်စာပြားရွာ ဖက် သွားတဲ့ လမ်းပါလား ။
ဆင်စာပြား ရောက်တော့ ထီးဆန်ကုန်း ကိုသိန်းကျော် သွားနေတာလည်း ဆင်စာပြား ကိုသိန်းကျော် အိမ်ပါပဲဗျာ ။ သူလည်း ကျနော် နဲ့ ကိုစိုးကို မြင်တော့ အံ့သြနေလေရဲ့ ။ အကျိုးအကြောင်းပြောပြီး ဝယ်လာတဲ့ မှိုတွေ ကြော်ကျွေးဗျာ ဆိုပြီး ပြောတော့ ရီပါတယ် ။ သူ့မိန်းမကို ကြော်ခိုင်းပြီး ခဏဗျာဆို ခမောက်ဆောင်းပြီး ပလိုင်းနဲ့ ထွက်သွားပါရော ။
မှိုကြော်ပြီးလို့ ထမင်းပွဲ ပြင်နေတုန်း ပလိုင်းတလုံးစာ မှိုအပြည့်နဲ့ ပြန်လာပါတယ် ။ ရော့ အပြန်ယူသွားတဲ့ ဒီနယ်မှာ ဘယ်သူမှ မှိုဝယ်မစားဖူးတဲ့ အံ့ရော ပေါလိုက်တဲ့ မှိုတွေ ။
စားပြီးတော့ ဆင်စာပြား ကိုသိန်းကျော်က သူ့တူတယောက် ထည့်ပေးပါတယ် ။ ပလောင်ဆတ်သေရွာကို သွားပါပြီ ။ ဆင်စာပြားကနေ အရှေ့ဖက်က တောင်ပေါ် တက်ခဲ့ရတာပါ ။ တောင်ဟာ အလွန်မြင့်ပါတယ် ။ ထင်းရှူးတောတွေချည်းပါပဲ ။
တောင်တက်လမ်းကတော့ ထော်လာဂျီလမ်းပါပဲ ။ မိုးဒဏ်ကြောင့် လမ်းဟာ ခဲရာ ခဲဆစ် စီးရပါတယ် ။ နာရီဝက်လောက် စီးတော့ အတော်အသင့် ရှိတဲ့ ရွာကိုရောက်ပါတယ် ။ ပလောင်ဆတ်သေတဲ့ ။ ရွာထဲ ကနေဆက်သွားပါတယ် ။ ဘယ်ထိလည်း မေးတော့ ရှေ့မှာ ပလောင် ဆတ်သေ အပေါ်ရွာ ရှိသေးသတဲ့ ။
ထော်လာဂျီလမ်း မရှိတော့ပါဘူး ။ ဆိုင်ကယ်က သုံးစီးပါ ။ ကိုစိုးနဲ့ ကိုသိန်းကျော်က တစီးပါ ။ ကျနော်က တယောက်ထဲပါ ။ လမ်းတွေဟာ ကြမ်းသထက် ကြမ်းလာပါတယ် ။ အချို့ အဆင်းတွေဟာ ဇောက်ထိုး နီးပါးပါပဲ ။ ကိုသိန်းကျော်ဆို လမ်းဆင်းလျှေက်ပါတယ် ။
တနေရာမှတော့ တောင်ခါးပန်းမှာ ရှိနေတဲ့ လမ်းဟာ ကျဉ်းလွန်းပါတယ် ။ တဖက်က ချောက်ကို ငုံ့ကြည်သို မြင်နေရတော့ ကိုသိန်းကျော်ဆို အတင်းရပ်ခိုင်းပြီး လမ်းဆင်းလျှောက်ပါတယ် ။ ဆိုင်ကယ် နှစ်စီး ပင် မရှောင်သာအောင် ကျဉ်းတဲ့ လမ်းပါ ။ ပေ ၆၀၀၀ ကျော် မြင့်တဲ့ တောင် ခါးပန်းကနေ စီးနေရတာပါ ။ လမ်းကလည်း ရေညှိနဲ့ ချော်ချင်ပါတယ် ။ ဂီယာနံပါတ် ၁ နဲ့ မနည်းကို ထိမ်းဆင်းရပါတယ် ။ ( ကျနော့် ဘဝမှာ အကြောက်ရွှံခဲ့ရဆုံး ဆိုင်ကယ် စီးခဲ့ရတာပါပဲ အုန်းကျော ဟဲလယ် လမ်းဟာ ဒီလောက် ကြောက်စရာ မကောင်းလှပါဘူး )
တောင်ပေါ်ချောင်းကိုလည်း အကြိမ်ကြိမ် ဖြတ်ရပါတယ် ။ နောက် ပလောင်ဆတ်သေ အပေါ်ရွာကို ရောက်ခဲ့ပါတယ် ။
အချိန်မဆိုင်းပဲ တောင်ထိပ်ကနေ လိမ္မော်ပင်တွေ ကြားထဲမှ လမ်းလျှောက်ပြီး လျှိုထဲ ဆင်းသွားရပါတယ် ။ အောက်ရောက်လေ အအေးဓါတ်က ပိုလာလေပါပဲ ။ လျှိုထဲက ချောင်းလေးအတိုင်း ဆင်းသွားတော့ နေရောင်ဟာ ခပ်မှိန်မှိန်ပဲ မြင်ရပါတော့တယ် ။
တနေရာရောက်တော့ ပါလာတဲ့ ကလေးက ကမ္ဘားက ကျောက်ကို ယူပြီး ဖဲ့ပြပါတယ် ။ တစ်တုံးလုံး ဝင်းနေတဲ့ ဗဟမ်းတွေပါပဲ ။ ဒါနဲ့ နိုင်သလောက် အဲဒီ အတုံးတွေ သယ်ပြီး ပြန်လာကြပါတယ် ။ အပြန်မှာလည်း ကိုသိန်းကျော်ကတော့ ခြေလျှင်တလှည့် ဆိုင်ကယ်တလှည့် စီးလာရတာပါပဲ ( ကိုယ်လည်း သူ့လို လမ်းလျှောက်ချင်တာဗျ ရှက်လို့ ကြောက်ကြောက်နဲ့ ဟန်မပျက် စီးလာရတာ )
ဆင်စာပြား ကိုသိန်းကျော်အိမ်ရောက်တော့ ည အိပ်ခိုင်းပါတယ် ။ ညနေ ၅ နာရီ ဆိုတော့ ပြန်လို့ ရသေးတယ်ဆိုပြီး ပြန်လာကြပါတယ် ။ အံ့သြစရာတခုက ထီးဆန်ကုန်က ကိုသိန်းကျော်က ဒီ ဆင်စာပြားထိ ခြေလျှင်လာတာတဲ့ဗျ ။ ( မပုတို့လည်း ကောင်းဘိုကနေ ခြေလျှင်လာသတဲ့)
ပြန်ရောက်တော့ ညဉ့်နက်နေပါပြီ ။ ကိုသိန်းကျော်ကို အိမ်မှာ အိပ်ခိုင်းပြီး မနက်ကျမှ ရွှေကမ္ဘာမှာ လက်ဖက်ရည်တိုက်ပါတယ် ။ နောက် ငွေ ၁ သိန်းပေးလိုက်ပါတယ် ။ ( အလုပ်ဖြစ်မှန်း မဖြစ်မှန်း မသိပေမယ့် ပေးသင့်တယ် ထင်လို့ ပေးလိုက်တာပါ ) ။
နောက် ပါလာတဲ့ အတုံးတွေကို တချို့ တဝက် ရန်ကုန်ပို့ပြီး တချို့ကို ရပ်စောက်မှာပဲ ပြဒါးနဲ့ ဖမ်းကြည့်ပါတယ် ။ ရွှေ တမုံမှ မပါဘူးဗျာ ။ ရန်ကုန်က အဖြေမှာလည်း ရွှေမပါဘူးဗျ ။ ကိုင်း ရွှေဆရာတွေ စိတ်ဝင်စားရင် သွားနိုင်ပါတယ် ။ ကျနော်တော့ ဉာဏ်မမှီပါဘူး ။ စိတ်ဝင်စားတယ် သွားချင်တယ်ဆို လမ်း အတိအကျ ညွှန်ပေးပါမယ် ။ တရုတ် ကုလားတော့ မကူညီချင်ပါဘူး မြန်မာဆိုရင် လိုက်ပို့ပါ့မယ် ။
နှစ်ရက်နားပြီးတော့ ကိုစိုးဆီက video ခွေ ကြည့်ရပါတယ် ။ ခြတောင်ပို့လို ဖြစ်နေတဲ့ အချွန်လေးရဲ့ ထိပ်မှာ လေးလက္မ သံချောင်း တင်လိုက်တာ ခဏနေတော့ ဖြတ်ဆို သံချောင်းက ခါးကျိုးကျသွားပါတယ် ။ ဘယ်ကရတာလည်း ဆိုတော့ ထီးခမ်းကတဲ့ ။ မိုးကြိုးသွား အတုလုပ်တတ်တဲ့ အဂ္ဂိရပ်ဆရာရဲ့ရွာဗျ ။ ရပ်စောက်တောင်ဖက် ၁၇ မိုင် လမ်းကြီးပေါ်မှာပဲ ။
တောင်ကြီးက အဘဆီ ဖုန်းဆက်မေးတော့ သူလည်း အဲဒီခွေ တွေ့တယ် အခု သူဌေးလည်း တောင်ကြီးမှာ ရောက်နေတယ် သွားစုံစမ်းပါ သေချာရင် ချက်ခြင်း လာခဲ့မယ်တဲ့ ။ ဒါနဲ့ ကိုစိုးနဲ့ နှစ်ယောက် သွားလိုက်ပါတယ် ။
ထီးခမ်း သစ်တောရုံးရဲ့ ခေါင်းရင်း က အိမ်ထဲ ရောက်သွားပါတယ် ။ အဲဒီတုန်းကတော့ ခြေတန်ရှည်အိမ်လေးပါ ( ယခု နှစ်ထပ် ဖြစ်နေပါပြီ) အိမ်ပေါ်မှာ လူတွေ လေး ငါးယောက် တွေ့ရပါတယ် ။ video လည်း ပြနေပါတယ် ကျနော်တို့ ကြည့်ခဲ့တဲ့ ခွေပါပဲ ။ အိမ်ရှင်က ဆေးကုတဲ့ ကိုဝင်းကြိုင်တဲ့ ။
သူဆေးကုပြီး အသက်ကယ်ခဲ့လို့ ရှမ်းအဖွဲ့ ခေါင်းဆောင်ကသူတယောက်ပဲ ခေါ်ပြီး ပြတဲ့ နေရာဖြစ်ကြောင်း သံချောင်းကိုလည်း သူကိုယ်တိုင် တင်လိုက်တာ ဖြစ်ကြောင်း အားပါးတရ ပြောပြပါတယ် ။
အားလုံးကလည်း ပါးစပ်အဟောင်းသားနဲ့ပါပဲ ။ သူ့မိန်းမက ကော်ဖီတွေ လူစေ့ ဖျော်တိုက်နေလေရဲ့ ။ ကိုဝင်းကြိုင်က ဘာဆက်ပြောသလဲဆိုတော့ မြန်တဲ့ လူနဲ့ အလုပ် လုပ်မယ် ။ ထုတ်လုပ်ချိန် သုံးရက်ပဲ ခွင့်ပြုမယ် ဘာညာပေါ့ ပြောနေပါတယ် ။
ကျနော်လည်း တောင်ကြီးအဘ ပြောစကားအတိုင်း သူဌေးက တောင်ကြီးမှာ ရောက်နေပြီ အခု ခေါ်ရင် ချက်ခြင်း ဆင်းလာမှာလို့ ပြောလိုက်တော့ ကျနော်တို့ အရင် ရောက်နေတဲ့ ခပ်ဝဝ တယောက်က လက်ကုပ်ပြီး ခေါ်လို့ အိမ်အောက်ဆင်းလာရပါတယ် ။ သူက ပြောပါတယ်
"အကို့သူဌေးကို သတင်း ပို့ပြီးပြီလား"
"သွားစုံစမ်းမယ်လို့ပဲ ပြောခဲ့တာပါ သူဌေးလည်း မဟုတ်ပါဘူး ကြားခံလူကိုပဲ ပြောထားရသေးတာပါ"
"အေးဗျာ ကျနော်က သူဌေး တိုက်ရိုက်ပါ ကျနော့်သူဌေးက ခရီးလွန်နေတော့ အခုမှ လာနေတာ မနက်ဖြန် ညမှ ဒီရောက်မှာဗျ အကယ်၍ အကိုက အခု သူဌေးခေါ်ပြီး တခါတည်း လုပ်လိုက်ရင် ကျနော့်သူဌေးနဲ့ ကျနော် မျက်နှာပျက်ရမှာ အမှန်ပဲ အကို "
"ဟုတ်ပါပြီ ဒီတော့ ကျနော် ဘာလုပ်ပေးရမလဲ"
"ကျနော့်ကို ဖြစ်နိုင်ရင် အချိန်ပေးပါဗျာ ကျနော့် သူဌေးလာလို့ အဆင်မပြေမှ အကို့သူဌေးကို ခေါ်ကြည့်ပါလား"
ကျနော် ကိုယ်ချင်းစာပါတယ် ။ ကျနော်က ဘယ်သူ့ဆီမှ စကားကျွံထားတာ မရှိဘူးလေ ဒီတော့ ပြဿနာ မရှိဘူး ။ သူ့ကိုလည်း ကိုယ်ချင်းစာပါတယ် ။ ဒါနဲ့ ရပါတယ် ကျနော် မလုပ်ပါဘူး ခင်ဗျားဘာသာ လုပ်ကြည့်ပါ လို့ ပြောလိုက်ပါတယ် ။ သူက
"ကျေးဇူးတင်ပါတယ်ဗျ ကျနော်နာမည် ခင်မောင်ဝင်းပါ အဆင်ပြေရင် အကိုလည်း အချိုးကြ ရ ရပါစေမယ်"
"ပြေပါစေဗျာ ကျနော်အတွက် မစဉ်းစားပါနဲ့ ကျနော် လောဘ မကြီးပါဘူး"
"ယုံပါတယ်ဗျာ တော်ယုံလူဆို လုပြီး လုပ်ပြီပေါ့ဗျာ"
"ဆောက်ဖြစ်မှ ကျောင်းဒကာ အလုပ်ပါ ကိုခင်မောင်ဝင်းရာ"
"ဟုတ်ပါတယ်ဗျာ ဒါနဲ့ သူပြောတာ ဘယ်နှယ့်လဲ"
"ဇာတ်လမ်းကတော့ ယုတ္တိရှိတဲ့ ဇာတ်လမ်းပါပဲ "
"ok ဗျာ ကိုမျိုး ကျေးဇူးပါ ကျနော့်ကို အမြဲတမ်း မိတ်ဆွေ အဖြစ် သတ်မှတ်ပေးပါ "
"ရပါတယ်ဗျာ အတူတူပေါ့ "
ပြန်လာတော့ ကိုစိုးက တောင်ကြီးချိတ်ပြီး ချက်ခြင်းလုပ်ဖို့ ပြောပါတယ် ။ ကျနော်က ကိုခင်မောင်ဝင်းရဲ့ အခက်အခဲကို ပြောပြပြီး စောင့်ကြည့်ဖို့ ပြောတော့ စိတ်ဆိုးနေပါတယ် ။ ဒီလိုအခွင့်အရေး ရခဲတဲ့ အကြောင်း သူ့ပြဿနာ သူရှင်းလိမ့်မယ် ဖြစ်ကြောင်း ပြောပါတယ် ။ ကျနော်ကတော့ ပေးပြီးသား ကတိမို့ မလုပ်သေးဘူး သူအဆင်မပြေမှ လုပ်မယ် လို့ ပြောခဲ့ပါတယ် ။
နောက်ရက်မှာ ကိုခင်မောင်ဝင်းဆီက ဖုန်းလာပါတယ် ။ သူ့သူဌေး လာနေပြီ ညနေရောက်မယ် လာခဲ့ပါတဲ့ ။ ကျနော်လည်း မနက်မှ လာမယ်လို့ ပြောလိုက်ပါတယ် ။ မနက်အစောကြီး ကိုခင်မောင်ဝင်းက ကားလေးနဲ့ ရောက်လာပြီး ဖုန်းဆက်ပါတယ် ။ ရပ်စောက်ကို လာခေါ်တာပါ ။
ကျနော်လိုက်သွားပါတယ် ။ လာတဲ့ သူဌေးဆိုတာ ကရင်တွေပါ ။ ကိုခင်မောင်ဝင်းက သူဌေးနဲ့ မိတ်ဆက်ပေးပါတယ် ။ နောက် တောထဲ လိုက်သွားဖို့ ပြောပါတယ် ။ ကျနော် မလိုက်ပါဘူး ပြောတော့ ဘာဖြစ်လို့လဲလည်း တဲ့ ။
လူမသိလေ ကောင်းလေ မို့လို့ ဆိုတော့ သူဌေးက ရီနေပါတယ် ။ ဒါဆိုလည်း သူဌေးနဲ့ နေခဲ့ဗျာ သူဌေးအဖေါ်ရတာပေါ့တဲ့ ။
သူတို့ အုပ်စု ထွက်သွားပါပြီ ။ သူဌေးနဲ့ ကျနော် စကားပြောနေရင်း ကရင်ဖက်မှာ သစ်လာလုပ်ပါလား ဘာညာပေါ့ ။ သူလည်း သစ်သမားဗျ လေပေးဖြောင့်နေတာပေါ့ ။ ဒီလိုနဲ့ ညနေ နေစာင်းလာချိန်မှာ အုပ်စုလိုက် ဆူဆူညံညံ နဲ့ ပြန်လာတဲ့ အသံတွေ ကြားရတာနဲ့ သူဌေး နဲ့ ကျနော် ညှိထားသလို ဖျက်ကနဲ အိမ်ရှေ့ထွက်ပြီး ကြိုမိပါတယ် ။
ရှေ့ဆုံးက ရွှံ့လိမ်းလိမ်းနဲ့ ပေတူးနေတဲ့ ကိုယ်လုံး ဝဝကြီးနဲ့ တွေ့ရတာ က ကိုခင်မောင်ဝင်း နောက်မှာတော့ အတူသွားတဲ့ အဖွဲ့ ကိုခင်မောင်ဝင်းက သူဌေးကို အော်ပြီး ပြောပါတယ်
"ဘော့စ် ရေ ............!"

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ