လောကကို ပြောင်းလဲစေသည့် နီတိများ(၇)
နီတိများ(၇)
စာအုပ်၌ရှိသော
အတတ်ပညာနှင့် သူတပါး၏လက်၌ရှိသော ဥစ္စာသည် ကိုယ်ပိုင်မဟုတ်၊
အကြောင်းကိစ္စပေါ်ပေါက်သော်
အသုံးချမရ။ ။
အာဂုံရမှ အာဂလူ ဆိုသော စကားကိုကြားဖူးကြမည်
ထင်သည်။ သို့သော် ကြားဖူးသမျှ ဗဟုသုတ များနှင့် ဆည်းပူးမိသမျှ အတတ်ပညာ တိုင်းကို အာဂုံရဖို့
မလွယ်သည်မှာ လည်း သေချာ သလောက် ဖြစ်သည်။
ယနေ့ခေတ်သည် နည်းပညာပေါက်ကွဲခြင်းနှင့်အတူ
စိတ်ဝင်စားစရာ သတင်းအချက်အလက် မျိုးစုံက လေလှိုင်းထဲမှာ အချိန်တိုင်း ပျံ့လွင့်နေသည်။
ပညာရပ်တစ်ခုစီကို ဝင်နိုင်မည့် ပိတ်ထားသည့် တံခါးပေါင်းများစွာရှိသည်။
ထိုပညာရပ်ကို
ချဉ်းကပ်နိုင်ရေးအတွက် ပိတ်ထားသည့် တံခါးတစ်ချပ်ကို ဖွင့်နိုင်ဖို့က အဓိကဖြစ်သည်။ လူငယ်အများစုက
ပိတ်ထားသည့် တံခါးကိုခေါက်ဖို့ထက် တံခါးအရေအတွက် ကို လေ့လာမှတ်သားနေတတ်ကြသည်။ တံခါးရှေ့သို့ရောက်နေကြသည့်တိုင်
တံခါးဖွင့်နည်းကို ရှာဖွေနေ ကြသည်။ တံခါးခေါက်ကြည့်ရန်ကိုမူ စိတ်မျှပင် မကူးမိတတ်ကြချေ။
ဝါသနာပါရာ ပညာရပ်ဆီသို့ ချဉ်းကပ် နိုင်ရန်အတွက် တံခါးတိုင်းပွင့်ရန်မလိုသော်လည်း တစ်ချို့တွေက
တံခါးတိုင်းကို တစ္ဆေခြောက်သလို လိုက်ခေါက်နေသည့်အခါ လိုရာမရောက်ဖြစ်ကြရသည်။ ပညာရပ်တစ်ခု၏
တံခါးတစ်ချပ်ကို သင်ကိုယ်တိုင် ဖွင့်နိုင်ပြီဆိုပါလျှင် နောက်ထပ်တွေ့လာသည့် ပိတ်ထားသည့်
တံခါးတိုင်းသည် သင့်အတွက် အတားအဆီး မမည်တော့သည်မှာ သေချာသည်။ တစ်ချို့တံခါးတွေက စေ့ရုံသာစေ့ထားသည်
မဟုတ်လား။
လုပ်ငန်းခွင်အတွင်းမှ အခက်အခဲပြဿနာတစ်ချို့ကို
သင်အစွမ်းရှိသလောက် နည်းလမ်းရှာကာ ဖြေရှင်းကြည့်သင့်သည်။ သို့မှသာ တာဝန်ယူရဲသည့် သတ္တိနှင့်
လုပ်နိုင်စွမ်းတိုးတက်လာမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လည်း မှားယွင်းသွားနိုင်ပါသည်။ မီးသီးတစ်လုံးဖြစ်လာဖို့
အတွက် အကြိမ်တစ်ထောင် မှားခဲ့ဖူးသည့် အက်ဒီဆင်ကို အမှတ်ရသင့်သည်။ လုပ်ငန်းခွင်တွင်
လူတစ်ချို့က ဘယ်တုန်းကမှ အမှားမလုပ်ဖူးဘူးဆိုကာ လက်မထောင်တတ်ကြသည်။ ထိုလူစားမျိုးအတွက်
အဖြေက နှစ်မျိုးဖြစ်သည်။ သိပ်တော်လွန်းလို့လည်း ဖြစ်နိုင်သည်။ သို့မဟုတ် မည်သည့် အခက်အခဲ
ပြဿနာမျှ တာဝန်ယူ ဖြေရှင်း မပေးသည့် အတွက်လည်း ဖြစ်နိုင်ပါသည်။ ဝန်ထမ်းကောင်းဖြစ်နိုင်သော်လည်း
ခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်သည့် လူစားမျိုးဖြစ်သည်။
တကယ့်အခက်အခဲ ပြဿနာနှင့် ကြုံကြရသောအခါ ၄င်းတို့တစ်တွေမှာ
သက်လုံမကောင်း ကြတော့။ ကူညီဖြေရှင်းပေးမည့် အထက်လူကြီးမရှိသည့်အချိန်၊ သို့မဟုတ် ၄င်းတို့မှတ်သားထားသည့်
စာအုပ်ကြီးထဲမှ ဖြေရှင်းနည်းများထက် ကျော်လွန်သည့် ပြဿနာကို ရင်ဆိုင်ရသည့်အချိန်တွင်
နှာနု ကျည်ပွေ့တွေ့ကုန်ကြတော့သည်။ “ မလုပ်၊ မရှုပ်၊ မပြုတ်” မူကို လက်ကိုင်ထားသည့်ထိုသူတို့သည်
အဆုံးတွင်လုပ်ငန်းခွင်မှ ထွက်ခွာသွားခြင်းဖြင့် ပြဿနာကို ဖြေရှင်းတတ်ကြသည်။ တာဝန်ယူစိတ်
အပြည့်ရှိသူအတွက်မူ အခက်အခဲသည် အခွင့်အရေးဖြစ်သည်။ ပြဿနာသည် ၄င်း၏အရည်အသွေးကို စစ်မေးသည့်
မေးခွန်းဖြစ်သည်။ ဖြေဆိုနိုင်သည်ဖြစ်စေ၊ မဖြေဆိုနိုင်သည်ဖြစ်စေ ၄င်းတွင် ဖြေဆိုရဲသည့်
သတ္တိရှိနေခြင်းက အဖိုးမဖြတ်နိုင်သည့် အရည်အသွေးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ ကောလိပ်ကျောင်းတစ်ခုတွင်
ဖြေဆိုရဲသည့်သတ္တိရှိ၊ မရှိကို စာမေးပွဲတစ်ခုတွင် လက်တွေ့စမ်းသပ်ဖူးသည်။ စာမေးပွဲဖြေသည်ဖြစ်စေ၊
မဖြေသည်ဖြစ်စေ ကျောင်းသားအားလုံး အအောင်ပေးပြီးဖြစ်သည်။ ဖြေဆိုချင်သူ များ စာမေးပွဲခန်းထဲနေခဲ့ရန်ပြောသောအခါ
ဖြေရဲသည့်သတ္တိရှိသည့် ကျောင်းသားဦးရေမှာလက်နှစ်ဖက်ပင် မပြည့်ဟု သိရသည်။ ထိုသူများကို
ပါမောက္ခကြီးက အထူးအောင်အဖြစ်သတ်မှတ်ပေးလိုက်ကြောင်း ဖတ်မှတ်ခဲ့ရဖူးသည်။ တကယ့်အဖြစ်အပျက်
ဖြစ်သည်။
လမ်းခင်းကျောက်နှင့် အဖိုးတန်ကျောက်ရိုင်းတစ်တုံး၏
ကွာခြားချက်မှာ အတွင်းရှိအလွယ်တကူ မမြင်နိုင်သည့် အဖိုးတန် အရည်အသွေးဖြစ်သည်။ ပညာရှင်များအတွက်မူ
အလွယ်တကူ ပိုင်းခြားသိမြင်နိုင် သည့် အရည်အသွေး၊ အရည်အချင်းများဖြစ်သည်။ လုပ်ငန်းရှင်များမှာ
ထိုအရည်အသွေးပြည့်ဝန်ထမ်းကို အလွယ်တကူ သိရှိနိုင်သည်။ တစ်ခါတစ်ရံ အခက်အခဲပြဿနာလေးများဖြင့်
ဝန်ထမ်း၏ အရည်အချင်းကို စမ်းသပ်တတ်ကြသည်။ သင်ကိုယ်တိုင် လုပ်ငန်းရှင်တစ်ဦး သို့မဟုတ်
လုပ်ငန်းကြီးတစ်ခုကို ဦးဆောင် နေရပြီ ဆိုပါဆို့။ အမှားမရှိဖူးသည့် အမှားကင်း ဝန်ထမ်းကို
ခေါင်းဆောင်ခန့်မည်လား၊ သို့မဟုတ် တာဝန်ယူတတ်သည့်၊ တာဝန်ယူနိုင်စွမ်းရှိသည့် ဝန်ထမ်းကို
ရာထူးပေးမည်လား။ ထိုမေးခွန်းအတွက် သင့်မှာ အဖြေအသင့်ရှိပြီးဖြစ်နေမည်မှာ သေချာသည်။
မိမိဦးဆောင်နေသည့် လုပ်ငန်း၊ တာဝန်ယူထားသည့်
အပိုင်းကို ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါး ဆိုသလို ကျေညက်နှံ့စပ်နေဖို့လိုသည်။ လုပ်ငန်းတိုးတက်ကောင်းမွန်ရေးအတွက်
မပြတ်ဆည်းပူးလေ့လာ နေရမည်ဖြစ်သလို လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသည့် ဖြစ်လာနိုင်သည့်
အခက်အခဲပြဿနာများ အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်။ သို့မှသာ အရေးအကြောင်းကြုံလျှင်စာအုပ်ကြီးပြန်လှန်
နေရသည့် စာအုပ်ကြီးသမား အဖြစ်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ပညာအစစ်အမှန်သည် စာအုပ်ထဲတွင်
မရှိဆိုသည်ကို သတိချပ်သင့်သည်။ နှလုံးအိမ်မှ ပွင့်သီးလာမည့် ပညာအတွက် သင်၏ စိတ်တံခါးကို
ဖွင့်လှစ်ထားဖို့လိုပေလိမ့်မည်။ ငါသိပြီးသားပဲ ဆိုသည့် စိတ်အခံရောက်လာသည်နှင့် သင့်အတွက်
တံခါးအားလုံး ပိတ်သွားပြီဖြစ်သည်။ ငယ်စဉ်က ကျောင်းသားစိတ်မျိုး မွေးမြူရမည်။ သင်ယူလိုက်မည်၊
လေ့လာလိုက်မည်၊ မှတ်သားလိုက်မည် စသဖြင့် ရဲရင့်သည့်စိတ်ထားမျိုးဖြစ်သည်။ လူအတော်များများမှာ
မရဲသော်လည်း ဝင့်သည့် စိတ်ထားလေးများဖြင့် “ သိပြီးသား ” ဟုဆိုကာ သိမှု၊ ဗဟုသုတနယ်ကို
ကိုယ်တိုင်ကန့်သတ်လိုက်ကြသည်။ အမြင်သေးသည့် သူသည် လုပ်ငန်းတူများနောက်ဘက် ခပ်လှမ်းလှမ်း
ကျန်ရစ်ခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။ လုပ်ငန်းနယ်ပယ်တွင် သင်ခန်းစာကျေဖို့လိုသည်။
ကျောင်းသားဘဝတွင် သင်ခန်းစာ မကျေသည့်ကျောင်းသားက
စာမေးပွဲခန်းမကို ကြောက်နေမည် ဖြစ်သလို လက်တွေ့ဘဝတွင်လည်း အိမ်စာမပြီးသည့် ဝန်ထမ်းက
လုပ်ငန်းခွင်ကို ကြောက်ရွံ့နေပေ လိမ့်မည်။ မိမိတာဝန်ကို ပြီးမြောက်အောင် မထမ်းဆောင်နိုင်သည့်
ဝန်ထမ်းအတွက် လုပ်ငန်းခွင်သည် စစ်မြေပြင် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ယှဉ်ပြိုင်မှုတွေ
သိပ်ကိုများသည့် ယနေ့ခေတ်တွင် လူငယ် လူရွယ်တို့သည် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ဦးဆောင်နိုင်သူ
လူတော်လူကောင်း ဖြစ်စေရန် အတွက် မိမိလုပ်ငန်းနှင့်သက်ဆိုင်သည့် ပညာရပ်ဟူသမျှကို စာအုပ်ထဲမှာသာ
သိမ်းဆည်းမထားဘဲ နှလုံးသားတွင် ပညာသီးပွင့်လာစေရန်အတွက် ကြိုးစားအားထုတ်သင့်လှပေတော့သည်။
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
***** ***** *****
စာကိုး=ဆယ်စောင်တွဲသင်တန်း
မြန်မာပြန်ကျမ်း(၁၉၈၉)[ ဦးပညာသာမိ(မာဂဓီ-သာစည်) ]
=နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ်
(အတ္တကျော်)
Comments
Post a Comment