အက်ဆေးလေးများ
အက်ဆေးလေးများ
အက်ဆေးဆိုတာ ဘာလဲ။အင်္ဂလိပ်စာလုံး Essayကို အသံဖလှယ်ထားခြင်း ဖြစ်ပါတယ်။
မူလကတော့ ပြင်သစ်ဘာသာ စကားဖြစ်ပြီး စမ်းသပ်ခြင်း၊ စမ်းကြည့်ခြင်း၊ ကြိုးပမ်း အားထုတ်ခြင်းလို့ တိုက်ရိုက် အဓိပ္ပာယ် ရပါတယ်။
အက်ဆေး အရေးအသားဟာ အနောက် နိုင်ငံများက စတယ်လို့ အဆိုရှိ ပါတယ်။ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ သမိုင်း မှတ်တမ်းတွေနဲ့ မတူတဲ့ စာပေ ပုံသဏ္ဌာန် တစ်မျိုးကို စမ်းသပ်ကြံဆ ကြည့်ရာက “အက်ဆေး”ဆိုတဲ့ အမည် တွင်သွားခဲ့တာပါ။ (တကယ်တော့ အက်ဆေး ဆန်တဲ့ အဖွဲ့အနွဲ့မျိုးတွေဟာ အရှေ့တိုင်းမှာလည်း ရှေးယခင် ကတည်းက ရှိခဲ့ပါတယ်။ ပီပီပြင်ပြင် မဖော်ထုတ် နိုင်ခဲ့လို့သာ မပီပြင်ခဲ့ရတာပါ။ အက်ဆေး အရေးအသားကို ဘယ်သူက စတီထွင်ခဲ့တယ် ဆိုတာ တပ်အပ် မသိနိုင်ပါဘူးလို့ အနောက်တိုင်း စာပေ ပညာရှင်တွေကလည်း ၀န်ခံခဲ့ ကြပါတယ်။)
မြန်မာ နိုင်ငံမှာလည်း ရှေးမဆွကတည်းက အက်ဆေး အရေးအသားမျိုးတွေ ရှိခဲ့မှာပါပဲ။
ဒါပေမဲ့ ကိုလိုနီခေတ်ကျမှပဲ အက်ဆေးလို့ ကင်ပွန်းတပ် ခံခဲ့ရတာပါ။ အထူးသဖြင့် ခေတ်သစ် အက်ဆေး အရေးအသားတွေဟာ ခေတ်စမ်းစာပေနဲ့ အတူ ထွန်းကားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ “ခေတ်စမ်း”ဆိုတဲ့ အခေါ်အဝေါ်ကိုက အက်ဆေးနဲ့အဓိပ္ပာယ်ချင်း မယိုးမစွဲတူနေတယ် မဟုတ်လား။
အစပိုင်းမှာတော့ အင်္ဂလိပ် ဝေါဟာရနဲ့ နီးစပ်အောင် “အစမ်းစာ”လို့ပဲ သုံးနှုန်းခဲ့ပါတယ်။ “စာမွန်”လို့လည်း ခေါ်ခဲ့သေးတယ်။ သိပ်တော့ မတွင် ကျယ်ခဲ့ပါဘူး။ နောက်ပိုင်းကျမှ စာတန်း(စာတမ်း)လို့ အမည်သစ် ပေးပြန်ပါ တယ်။ ဒါပေမဲ့ စာတန်း အရေးအသားကို တက္ကသိုလ် အသိုင်းအ၀ိုင်းနဲ့ ပညာတတ် လောကလောက်ပဲ စိတ်ဝင်စားကြပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာသေး ပါဘူး။ (ကံ့ကော်မြိုင် စာတန်းများ၊ စိတ်ပင်လယ် စာတန်းများ)
ဒီလို မြုပ်ချည်ပေါ်ချည်ရှိနေခဲ့ရာက ၁၉၈၀ နှစ်များရဲ့အလယ်ပိုင်း လောက်မှာ ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ဆရာအောင်ပြည့်က “ချယ်ရီရောင် အတွေးသစ် စာတန်းများ”ဆိုတဲ့ သီးသန့်ကဏ္ဍတစ်ခုကို ဖွင့်ပေးလိုက်တဲ့အခါ အညွန့်တလူလူ ဖြစ်လာပြန်ပါတယ်။ ဒါတောင် ဆရာအောင်သင်းတို့ ဆရာ ကြည်နိုင်တို့က လွဲပြီး စူးစူးစိုက်စိုက် ရေးတဲ့သူ နည်းပါးနေပါသေးတယ်။
စာတမ်းဆိုတဲ့ ဝေါဟာရကို တခြားနယ်ပယ်တွေမှာလည်း သုံးတာ ရှိပါတယ်။ တက္ကသိုလ်တွေမှာ ဘွဲ့ယူဖို့တင်သွင်း တဲ့ စာတမ်း၊ နှီးနှောဖလှယ်ပွဲတွေ၊ ညီလာခံ တွေမှာ တင်သွင်းဖတ်ကြားတဲ့စာတမ်း စသဖြင့် ပေါ့။ ဒါကြောင့် ရောထွေးမှုမဖြစ်အောင် အက်ဆေးကို “စာတမ်းငယ်”လို့ စာပေဗိမာန်က သတ် မှတ်လိုက်ပြန်ပါတယ်။ ဆရာအောင်သင်းကတော့ အက်ဆေးမှာ ရသ ပါတတ်လို့ ဆိုပြီး“ရသစာတမ်း ငယ်”လို့ ဖြည့်စွက်ခေါ်ဝေါ်ခဲ့ပါတယ်။
နှစ်ဆယ်ရာစုကုန်ဆုံးပြီး နှစ်ဆယ့်တစ်ရာစု ဆန်းတဲ့အချိန်မှာတော့ လူငယ်စာရေးဆရာတွေ ဟာ အက်ဆေးကို အတော်ပဲ စိတ်ဝင်စားလာကြ ပါတယ်။ အက်ဆေးရေးရတာကို အရသာတွေ့ပြီး အများအပြားရေးသားလာကြပါတယ်။ စာနယ် ဇင်းတွေကလည်း အသားပေး ဖော်ပြလာကြပါ တယ်။ အက်ဆေးတစ်ခေတ်ဆန်းချိန်လို့တောင် ဆိုနိုင်ပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်၊ ကွန်ပျူတာ စတဲ့ စကားလုံးတွေလိုပဲ၊ အက်ဆေးကိုလည်း အက်ဆေးလို့ပဲ
တိုက်ရိုက်အသံဖလှယ်ပြီး သုံးနှုန်း လာကြပါတယ်။
ဝတ္ထုဆောင်းပါးနဲ့ အက်ဆေးတို့ရဲ့ ကွဲပြား ချက်ကတော့-
ဝတ္ထုဟာ ဇာတ်လမ်းနဲ့ ဇာတ်ကောင်စရိုက် ကို အသားပေးတယ်။ ဆောင်းပါးက အချက် အလက်နဲ့ ဦးတည်ချက်ကို အဓိကထားတယ်။ အက်ဆေးကတော့ စိတ်ကူးစိတ်သန်းကိုသာ အား ကိုးတယ်။ ၀တ္ထုတွေ၊ ဆောင်းပါးတွေမှာ စာရေး ဆရာဟာ သူ့စာနဲ့ အနည်းငယ် ခပ်ခွာခွာနေလေ့ရှိ တယ်။ အက်ဆေးမှာကျတော့ စာရေးသူနဲ့ သူ့စာ ဟာ တစ်သားတည်းကျနေတယ်။ သူ့အတွေး အမြင်၊ သူ့ခံစားချက်၊ သူ့ကိုယ်ရေးကိုယ်တာတွေ ကို အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်နဲ့ တိုင်ပင် နေသလိုပါပဲ။ ဒါကြောင့်လည်း ဆရာတိုက်စိုးက “အက်ဆေး မည်သည် ရင်ဖွင့်စာ သို့မဟုတ် ရင် ဖွင့်သံ” လို့ဆိုခဲ့တာပါပဲ။ အက်ဆေး ဖတ်ရတာ ရေးသူနဲ့ ဖတ်သူကြားမှာ အဆီးအတား မရှိဘဲ နွေးထွေးတဲ့ ခံစားမှုကို ပေးနိုင်ပါတယ်။
ဒီစာအုပ်မှာ ၁၉၃၄ ကနေ ၂၀၀၇ လောက် အထိအတွင်း ရေးသားခဲ့ကြတဲ့ စာရေးဆရာ ၉၉ ဦးရဲ့ အက်ဆေးအပုဒ် ၁၀၀ ပါဝင်ပါတယ်။ အပြည့်စုံဆုံးလို့တော့ မဆိုနိုင်ပါဘူး။ အကြောင်း ကြောင်းကြောင့် ဖော်ပြခြင်း မပြုနိုင်ခဲ့တဲ့ အက်ဆေးကောင်းတွေလည်း ကျန်ရှိနေနိုင်ပါ တယ်။ (ဥပမာ ဆရာတင်မိုးရဲ့ သင်္ချိုင်းကုန်းမှာ)
ဘာပဲဖြစ်ဖြစ် အက်ဆေး ပထမမျိုးဆက်ဖြစ် တဲ့ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင် စတဲ့ ဆရာကြီးတွေ၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ ထင်လင်း၊ အောင်သင်း၊ မောင်ခင်မင်(ဓနုဖြူ)၊ ငြိမ်းကျော်၊ ဇော်ဇော်အောင် စတဲ့ဆရာတွေက စလို့ မြေလတ်မောင်မြင့်သူ၊ ရာသက်ပန်(တောင် ငူဆောင်)၊ ခင်မြဇင်၊ ကိုတာ၊ နေ၀င်းမြင့်တို့ အပါ အ၀င် မင်းခိုက်စိုးစန်၊ နေမျိုး၊ မောင်သာချို၊ ၀ါနု တို့အပြင် နာမည်မထင်ရှားပေမဲ့ အက်ဆေးအရေး ကောင်းတဲ့ လူငယ်စာရေးဆရာလေးတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံမိအောင် အပင်ပန်းခံရှာ ဖွေ ဖော်ပြပေးခဲ့တဲ့ စိတ်ကူးချိုချိုစာပေနဲ့ စီစဉ်သူ များကိုတော့ ချီးကျုးရမှာပါပဲ။
ဒီစာအုပ်ကို ဖတ်ပြီးရင်(လူချင်း မမြင်ဖူးပေ မဲ့) ပါဝင်ရေးသားကြတဲ့ စာရေးဆရာတွေနဲ့ မိတ် ဆွေရင်းချာလို ခင်မင်ရင်းနှီးသွားကြလိမ့်ဆိုတာ ကိုတော့ အာမခံနိုင်ပါတယ်။ အက်ဆေး ဖတ်ခြင်းရဲ့ အဓိက အကျိုးကျေးဇူးကတော့ အဲဒါ ပါပဲ။
မင်းကိုဥာဏ်
"ဖတ်ကြည့်ပါ" ကဏ္ဍ
၂၀၁၂ခုနစ်၊ဧပြီလထုတ်၊teen magazine
Comments
Post a Comment