အမေနှစ်ယောက် တွေ့ဆုံခြင်း(၂)

အမေနှစ်ယောက် တွေ့ဆုံခြင်း(၂)

        အခြေအနေတစ်ခုက ဆက်တိုက်ဆိုသလို ထပ်ပြီးဖြစ်လာသည်။ အမေအရင်း ဒေါ်မြသီက အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်၊ ကေဒါ တစ်ယောက်။ မင်္ဂလာဒုံရှိ ဗဟိုနိုင်ငံရေးတက္ကသိုလ်သို့ သင်တန်းလာတက်ရသည်။ အမေဒေါ်မြသီး သင်တန်းလာတက်မှန်း အမေသိသွားသည်။ ဘယ်ကဘယ်ပုံ သိသွားသည်ကတော့ ကျွန်တော်မသိ။ အမေကတော့ အမေဒေါ်မြသီရှိရာ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်သို့ အကြောက်အလန့်မရှိ သွားပြီးရန်တွေ့သေးသည်။ သူသွားရာကို မလေးကပင် လိုက်ပို့ပေးရသည်။

            “ ကိုရယ်၊ အမေနှစ်ယောက် တွေ့ကြတာ မလေးဖြင့် ရင်တထိတ်ထိတ်နဲ့ပဲ၊ အဝေးကြီးလဲ မသွားရဲဘူး၊ အနားလဲ မကပ်ရဲဘူး၊ တစ်ခုခုဖြစ်မှာစိုးလို့လေ၊ အမေက စိတ်ကြီးတော့ သူတစ်ခုခု လုပ်လိုက်မှာ စိုးလို့ပါ၊ စကားနဲ့ပြောတာတော့ ဘယ်လောက်ပြောပြောပေါ့၊ လက်တော့ မပါစေချင်ဘူးလေ၊ ဒါပေမဲ့ အမေက ရန်တွေ့တာပဲ ရှိပါတယ်။ ဧည့်ဆောင်ထဲမှာဆိုတော့ နည်းနည်းပါးပါးလဲ ထိန်းထိန်းသိမ်းသိမ်း ရှိပါတယ်၊ အမေက ဘယ်လောက်ပဲ ရန်တွေ့တွေ့ အမေဒေါ်မြသီက ဘာမှ ပြန်မပြောဘူး၊ ငြိမ်ခံနေတယ်၊ တစ်ခွန်းနှစ်ခွန်းပဲ ပြောပါတယ်၊ ‘ ဒေါ်သိန်းကြည်ရယ်၊ မောင်စိုးဝင်းက ကျွန်မသား မဟုတ်ပါဘူး၊ ဒေါ်သိန်းကြည်သားပါ၊ ခုထိရော နောင် ကျွန်မတစ်သက်လုံး ဒေါ်သိန်းကြည်သားူပါ၊ ရှင့်သားပါ ’ လို့ပဲ ထပ်တလဲလဲ ပြောရှာတယ် ”

            ထို့နောက်ပိုင်း အမေက ကိုတင်ထွန်းနှင့်လည်း ပြေလည်သွားသည်။ ကျွန်တော့်ကိုတော့ သိပ်ပြီးစကားဟဟ မပြောတော့။ သူ့ကို မချစ်တော့ဘူးဟု ထင်သွားဟန်တူသည်။ သို့မဟုတ် သူ့ကို အရင်ကလောက် မချစ်တော့ဘဲ အမေအရင်းကို အချစ်တွေ မျှပေးလိုက်သည်ဟုလည်း ထင်နေပုံရသည်။ ကိုတင်ထွန်းနှင့် ပြေလည်ပုံကတော့ ထင်တာထက် ပိုပါသည်။ အိမ်တွေဘာတွေ ညအိပ်ညနေ လာသည်အထိ ရှိလာသည်။ အမေက ရပ်ထဲရွာထဲမှာ အခုလိုပြောသည်ဟု ဆိုသည်။

            “ ငါ အမြွှာမွေးခဲ့တာ၊ မနိုင်လို့ တစ်ယောက်ကို သူများပေးခဲ့ပြီး ခုမှ ပြန်တွေ့ရတာ ” ဟု။

            ကျွန်တော့်ကို သူကိုယ်တိုင် မွေးထားသောသားပါဟု သိစေချင်သဖြင့် ကိုတင်ထွန်းကိုပါ သားအဖြစ် မွေးစားလိုက်ခြင်းဖြစ်သည်။ အမေ့ခင်ပွန်း ကျွန်တော့်မွေးစားအဖေပင်လျှင် ကျွန်တော့်ကို မွေးစားသားမှန်းမသိ၊ ကိုတင်ထွန်းကိုပါ အမေ့သားအစစ်ဟုပဲ သိထားသည်။ ရပ်ထဲရွာထဲနှင့် အမေ့ဆွေမျိုးများဆိုလျှင်တော့ မပြောနဲ့တော့၊ အားလုံးက ကျွန်တော်တို့ ညီအစ်ကိုကို မိုင်းသူဌေးနဲ့ရသော ကလေးများဟု ထင်ကြသည်။ အဖေဆိုလျှင် တော်တော်ကြီးကြာမှ ကျွန်တော်တို့တွေ ရာထူးရာခံတွေနှင့်ဖြစ်မှ မွေးစားသားတွေမှန်း သိသွားသည်။ အမေက အဲဒီလိုဇာတ်လမ်းထွင်ပြီး ကိုတင်ထွန်းကို ချစ်ပြသည်။ သားတစ်ယောက်လို တကယ်လည်း ချစ်ပါသည်။ သူ့ကို ကျောင်းပိတ်ရက်တွင် အိမ်လာကာ ထမင်းစားစေသည်။ တစ်ခါတလေကျတော့လည်း မလေးကို ခေါ်ပြီး ကျောင်းသို့သွားကာ ထမင်းဟင်းချက်ပြီး ပို့လိုက်သေးသည်။

            “ ကျွန်မသားက အဆောင်ဟင်း ထမင်းတွေ စားရတာ ငြီးငွေ့လို့တဲ့၊ အမေ ဘာလေး ချက်ပေးစမ်းပါဆိုလို့ ချက်ပြီး သွားပို့ရတာလေ ”

ဟု တွေ့သမျှလူကို ခပ်ကြွားကြွားလေး ပြောသေးသည်။

            သို့သော် အမေဒေါ်သိန်းကြည်က ကျွန်တော့်အပေါ်တွင် တော်တော်ကလေး စိတ်ဆိုးသွားပုံရသည်။ ကျွန်တော့်အပေါ်စိတ်ဆိုးသမျှ ကိုတင်ထွန်းကို ပိုချစ်ပြသည်။ ပြီးတော့ မလေးအပေါ်တွင် ပိုဖိသည်။ တကယ်တမ်းကျ မလေးက သူ့စိတ်ကူးထဲမှ ချွေးမ မဟုတ်။ သူက ကျွန်တော့်ကို သူ့ဇာတိရွာဘက်မှ မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ချပေးချင်သည်။ ကျွန်တော့်ကို သွားပင် အကြည့်ခိုင်းသေးသည်။ ကျွန်တော့်ကို သူတစ်ယောက်တည်း ပိုင်ချင်သည်။ သူများက ချစ်တာ၊ ကျွန်တော်က သူများကိုချစ်တာ သူမလိုချင်။ ခုတော့ အမေ့အပြင် ချစ်ရသူတွေ အများကြီး ရှိနေပြီဟု ထင်နေသည်။ ထို့ကြောင့် ကျွန်တော်က အမေ့ကို “ အမေတစ်ယောက်တည်းပဲ ချစ်တာပါ ” လို့ ဘယ်လိုပဲ ပြောသည်ဖြစ်စေ မယုံတော့။ ကျွန်တော့်အပေါ် မေတ္တာစိတ်ကြီးမားပြီး စိတ်ဆိုးရင်း နောက်ထပ် မိန်းကလေးတစ်ယောက်ကို ထပ်ပြီးမွေးစားခဲ့သည်အထိ အမေက စိတ်ကြီးခဲ့သည်။

            ကျွန်တော်က ကျောင်းဆင်းပြီး ရှေ့တန်းထွက်နေရတာချည်းဆိုတော့ အမေ့နားမှာ ကိုတင်ထွန်းနှင့် ထိုအချိန်တွင် ကျွန်တော့်ဇနီးဖြစ်နေပြီ ဖြစ်သော မလေးတို့က အနားကပ်ပြီး တင်းနေသော အမေ့စိတ်ကို လျှော့ပေးကြရသည်။ သနားစရာကောင်းအောင် အချစ်ကြီးသော အမေ့စိတ်ကို ပျော်အောင်လုပ်ပေးကြရသည်။ မလေးက

“ ကျွန်မက ကိုစိုးဝင်းကို တစ်ဦးတည်းသောသားဆိုပြီး ရွေးယူလိုက်ပါတယ်၊ နောက်တော့ ညီတွေရော၊ အစ်ကိုတွေရော ဆွေမျိုးတွေ တစ်ပြုံကြီး ဖြစ်နေတယ် ”

ဟု ပြောလျှင် အမေက တပြုံးပြုံးနှင့် တော်တော်လေး သဘောကျရှာသည်။ နောက်တော့ အားလုံးပြေလည် သွားပါသည်။ အထူးသဖြင့် ကျွန်တော်က အမေအရင်းဘက်ကို လုံးဝမပါဟု သူ သေသေချာချာ ယုံတော့မှ အားလုံးအဆင်ပြေသွားသည်။

 

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်