အပေါင်းအသင်း ဝင်ဆံ့ပါစေ


အပေါင်းအသင်း ဝင်ဆံ့ပါစေ

 

အပေါင်းအသင်းများများ ပေါင်းတာ ကောင်းပါတယ်။ အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းမနေဖို့ပဲ လိုတာပါ။ တချို့က အပေါင်းအသင်းနည်းတယ်။ ငယ်တုန်းမှာ ပြဿနာ မဟုတ်ပေမယ့် ကြီးတဲ့အခါ အပေါင်းအသင်း မဝင်ဆံ့ဘူး ဖြစ်လာတယ်။ ကလေးဘဝကနေ လူရွယ်ဘဝရောက်တဲ့အခါ ထိုက်သင့်တဲ့အပေါင်းအသင်း ရှိသင့်ပြီ။ မိဘကလည်း ကိုယ့်သားသမီးရဲ့ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး လမ်းညွှန်ပေးသင့်တယ်။ အရွယ်ရောက်လာတဲ့အခါ မိဘတွေနဲ့ နေတဲ့အချိန် နည်းပေမယ့် ကျောင်းမှာ၊ သင်တန်းမှာ  သူငယ်ချင်းတွေနဲ့ ရှိနေရတဲ့အချိန်က များလာတယ်။ အပေါင်းအသင်းနည်းတဲ့ ကလေးက သူငယ်ချင်းတွေနဲ့ ဆက်ဆံရတဲ့အခါ အဆင်မပြေဘူး၊ မဝင်ဆံ့ဘူး ဖြစ်လာတယ်။ သူက ဒီအရွယ်မှာတင် ရပ်တန့်သွားမှာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်ဝင်တဲ့အခါ၊ မိသားစုကို ဦးဆောင်ပြီး စီးပွားရှာရတဲ့အခါ အပေါင်းအသင်း မဝင်ဆံ့မှုက အတားအဆီးကြီး တစ်ခု ဖြစ်လာပါပြီ။ စီးပွားရေးတိုးတက်ဖို့၊ ဘဝမှာ အောင်မြင်ဖို့ဆိုရင် မိတ်ဆွေကောင်း များများရှိဖို့လိုပါတယ်။ မိတ်ဆွေကောင်း ရဖို့ဆိုရင် သင်ကိုယ်တိုင်က ကောင်းဖို့လိုသလို မိတ်ဆွေသူငယ်ချင်းကို များများ ပေါင်းဖို့လည်း လိုပါတယ်။ ကိုယ်တိုင်က သူ့အကျိုးစီးပွား မဆောင်ဘဲ၊ အနစ်နာမခံဘဲနဲ့ မိတ်ဆွေကောင်း ရဖို့လည်း ခက်ပါတယ်။ အပေါင်းအသင်း ဝင်ဆံ့ပါစေ သူငယ်ချင်း။

 

ထူးအောင်ဝင့်

(၂၅.၅.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်