အမေနှစ်ယောက် တွေ့ဆုံခြင်း(၁)

အမေနှစ်ယောက် တွေ့ဆုံခြင်း(၁)

            ကျွန်တော် ကျောင်းသို့ပြန်ရောက်ပြီး သူငယ်ချင်းများနှင့်လည်း တိုင်ပင်၊ ကိုယ့်ဘာသာလည်း ကိုယ်စဉ်းစားရသည်။ မလေးနှင့် ကျွန်တော် လက်မထပ်မီအတွင်း အမေ့ကို အသိပေးရန်လိုသည်။ ထိုအတောအတွင်း အမေကလည်း ဘာသဘောနှင့်မသိ၊ ကျွန်တော့်ဓာတ်ပုံကို နှစ်ကိုယ်ခွဲကာ အိမ်မှာချိတ်ထားသည်။ “ စိုးဝင်း၊ နင်လုပ်နေတာ ငါသိပါတယ် ” ဟု ပြောနေသည့်အလား ခံစားရသည်။ ကျောင်းဆင်းပြီး တာဝန်ကျရာမသွားခင် အိမ်ပြန်တော့ ကျောင်းတွင်လေးနှစ်လောက် ရှိနေစဉ်အတွင်း မလေးနှင့် အပြန်အလှန်ရေးခဲ့သော စာများအပါအဝင် စာများအားလုံးကို အိတ်ကြီးတစ်အိတ်နှင့်ထည့်၍ ရန်ကုန်အိမ်သို့ပြန်သယ်လာခဲ့ပြီး အပြန်ကျတော့ ထားခဲ့သည်။ ထိုအိတ်ထဲတွင် ကျွန်တော့်ထံ မလေးရေးသောစာများအပြင် ကိုတင်ထွန်းထံမှ စာများ၊ အမေဒေါ်မြသီထံမှ စာများလည်း ပါသည်။ ကျွန်တော် တမင်ထားခဲ့တာလည်း ပါပါသည်။ အမေက ကျွန်တော်နှင့်ပတ်သက်ပြီး စိုးရိမ်စိတ်ရှိတတ်သောကြောင့် သူ့ဘာသာသူ စာတွေယူဖတ်ချင်လည်း ဖတ်ပါစေ။ စာဖတ်ရင်းနဲ့ပဲ  ကျွန်တော်တို့အကြောင်းတွေ သိသွားပါစေဆိုပြီး တမင်ထားခဲ့ခြင်း ဖြစ်သည်။

            အမေက တကယ်ပဲ ဖတ်ပါသည်။ ကျွန်တော်နှင့် ကိုတင်ထွန်း အဆက်အသွယ်လုပ်သောစာများ၊ အမေဒေါ်မြသီ၏ စာများကို သူဖတ်ပြီး မည်မျှလောက် ခံစားရမည်ကိုတော့ ကျွန်တော် မခန့်မှန်းတတ်ပါ။ တော်ရုံနှလုံးသားကတော့ ခံနိုင်ရည်ရှိမည် မဟုတ်ပါ။ သို့သော် ကျွန်တော့်အမေက ထိုသို့မဟုတ်ပါ။ ကြိတ်မှိတ်ခံပြီး သူ့သားကု သူ့လက်မှ လွတ်ထွက် မသွားစေရအောင်၊ သူ့ကိုပဲ ချစ်နေစေရအောင် ကြိုးစားခဲ့သည်။ ကျွန်တော်တို့တွေ မထင်မှတ်သောအလုပ်ကို သူလုပ်ခဲ့သည်။ သူ ကိုတင်ထွန်းကို သွားတွေ့ခဲ့သည်။ ထိုအကြောင်း အပြည့်အစုံကို မလေးက စာဖြင့်ရေးပြီး ပြောပြသည်။ ထိုအချိန်က ကျွန်တော်တို့ ကျောင်းဆင်းတော့မည့် ဧပြီလတွင် ဖြစ်သည်။

            “ ကိုရေ၊ အမေတော့ ကိုတို့အကြောင်း သိသွားပြီ၊ မနက်က အမေ မလေးဆီရောက်လာတယ်၊ ဟဲ့ ကလေးတဲ့၊ စိုးဝင်း မဟုတ်တာ လုပ်ထားတာတွေ ပေါ်ပြီတဲ့၊ သူ့ကြည့်ရတာလည်း ဆောက်တည်ရာ မရပုံနဲ့။ မလေးက အမေ ကိုစိုးဝင်း ဘာဖြစ်လို့လဲ၊ သူက ဘာတွေ မဟုတ်တာ လုပ်ထားလို့လဲ မေးရတာပေါ့၊ လာ လာ ကလေး၊ ဘာမှ ပြောမနေနဲ့၊ ငါ့ကို အာအိုင်တီ လိုက်ပို့ပါလို့ ပြောတယ်၊ အဲဒီတော့ မလေးလဲ သိလိုက်ပါပြီ၊ ကိုတို့ ညီအစ်ကိုကိစ္စ အမေသိသွားပြီပေါ့လေ၊ ‘ နင် သိတယ် မဟုတ်လား၊ လာ လိုက်ပို့’ ဆိုတော့ မလေးလဲ ဗြောင်ငြင်းရတာပေါ့၊ အမေ ဘာလို့ လိုက်ပို့ရမှာလဲပေါ့၊ သူက ကိုတင်ထွန်း လိပ်စာပါတဲ့ စာရွက်လေး ထုတ်ပြပြီး လိုက်ပို့ခိုင်းတယ်၊ အဲဒီတော့မှ မလေးလဲ မငြင်းသာဘဲ ကျောင်းကိုလိုက်ပို့လိုက်ရတယ် ”

            “ ကျောင်းရောက်တော့ ကိုတင်ထွန်းနဲ့ တန်းတွေ့ပါတယ်၊ အမေလည်း ကိုတင်ထွန်းကိုမြင်တော့ တော်တော်လေး မင်သက်မိသွားတယ်။ ခွဲမရအောင် တူနေတာတွေ့ရလို့ အတော်လေးလဲ အံ့ဩသွားပုံရတယ်။ ကျောင်းပင်မဆောင်ရှေ့က ထိုင်ခုံလေးတစ်ခုံမှာ သူတို့ ထိုင်ကြတယ်၊ မလေးကတော့ သူတို့နဲ့ မလှမ်းမကမ်းကနေ သွားစောင့်ကြည့်နေတာပေါ့၊ သူတို့နှစ်ယောက် ခုံတန်းမှာထိုင်ပြီး ဘာတွေပြောကြတယ်ဆိုတာတော့ အကုန်လုံးမကြားလို့ မသိပေမဲ့ ပြောတာကတော့ အမေချည်းပဲ၊ မလေးမြင်ရတာဖြင့် ကိုတင်ထွန်းကို ရန်တွေ့နေတာ၊ အမေက တော်တော်လေးကို စိတ်ပေါက်ပြီး ပြောနေတာတွေ့ရတယ်၊ တစ်ချက်တစ်ချက် ကြားရတာက ‘ မင်းအမေက ကတိဖျက်တယ်၊ သစ္စာမရှိဘူး၊ လုံးဝ မတွေ့ပါဘူး ပြောထားတာ၊ ခုတော့ ငါ့သားကို ဘာသဘောနဲ့ တွေ့ရတာတုံး ’ အဲဒီလို ပြောသံတွေ ကြားနေရတယ်။ ကိုတင်ထွန်းကတော့ အေးအေးဆေးဆေးပါပဲ။ အမေ့ကို တော်တော်လေး စာနာပါတယ်။ သူ့အမူအရာက အမေ့ကို တောက်လျှောက် တောင်းပန်နေတာတွေ့ရတယ်။ အသံကလည်း အေးအေးလေးနဲ့ ‘ အမေ့မှာလည်း အပြစ်မရှိပါဘူး၊ ဟို အမေမှာလည်း အပြစ်မရှိပါဘူး၊ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး၊ ကျွန်တော်တို့မှာပဲ အပြစ်ရှိတာပါ ’ လို့ တောင်းပန်နေတာ တွေ့ရတယ်။

            နောက်ဆုံးတော့ ပြေလည်သွားတယ်၊ အမေကတော့ ငိုနေတာပေါ့လေ၊ ကိုတင်ထွန်းကလည်း အမေ့ကို သူ့အမေအရင်းတစ်ယောက်လိုပဲ သဘောထားမယ်လို့ပြောတော့ အမေတော်တော်လေး ကျေနပ်သွားတယ်၊ အိမ်ကိုလာလည်ဖို့ပါ တစ်ခါတည်း ပြောခဲ့တယ် ”

           

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်