ဗီဇနှင့် ပတ်ဝန်းကျင်(၁)

ဗီဇနှင့် ပတ်ဝန်းကျင်(၁)

            ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးနှင့် ပတ်သက်ပြီး အမေနှင့် မလေးတို့ မကြာခဏဆိုသလို စကားနိုင်လုလေ့ ရှိကြသည်။ လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့က ဗီဇကောင်းဖို့လိုသည်၊ မျိုးစေ့မှန်မှ အပင်သန်မည်၊ မျိုးစေ့မမှန်လျှင် ပင်မသန်ဟု မလေးက ခံယူသည်။ အမေကတော့ ထိုသို့မဟုတ်။ ပတ်ဝန်းကျင် သို့မဟုတ် ထိန်းကျောင်းအုပ်ချုပ်သူကောင်းလျှင် အပင်သန်ပြီး လူတစ်လုံး သူတစ်လုံးဖြစ်မည်ဟု ခံယူသည်။ နှစ်ယောက်စလုံး ဘယ်တော့မှ မပြီးနိုင်သော အဖြေပုစ္ဆာတစ်ခုကို အဖြေထုတ်နေကြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင်လည်း သည်အတိုင်းပင် အငြင်းအခုန်တွေ ယခင်ကလည်း ရှိနေခဲ့ပြီး ယခုထိလည်း ငြင်းခုန်နေကြဆဲဖြစ်သည်။ ကျွန်တော်ရော ကိုတင်ထွန်းပါ အဖေရော အမေပါ ပညာတတ်မိသားစုတွေက ပေါက်ဖွားလာသူတွေ ဖြစ်သော်လည်း အခြေအနေအရပ်ရပ်အရ မိဘအရင်းနှင့် မနေရဘဲ မွေးစားမိဘများနှင့် နေထိုင်ခဲ့ကြရသည်။ မွေးစားမိဘတွေကိုယ်နှိုက်ကလည်း သားအရင်းတွေလို တုန်နေအောင် ချစ်ခဲ့ကြသည်။ သို့သော် ကြီးပြင်းလာရပုံချင်းကတော့ မတူပါပေ။ ပြီးတော့ ကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်းကျင်ချင်းကလည်း မတူပါချေ။ ထို့ပြင် ကြီးပြင်းပုံ ကြီးပြင်းခြင်းကလည်း ကွာခြားနေပြန်သည်။

            ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်၏ဘဝမှာ ငယ်စဉ်က သင်ခဲ့ရသော ကျေးညီနောင် ဇာတ်လမ်းနှင့် သွားတူနေသည်။ မုန်တိုင်းကြောင့် တစ်နေရာစီကွဲသွားရသော ကျေးညီနောင်အနက် တစ်ကောင်က ကျောင်းသင်္ခန်းကိုရောက်၊ ကျန်တစ်ကောင်က သူခိုးဓားပြလက်ထဲရောက်နှင့် အကျင့်ရော၊ အပြောအဆိုပါ ကွာခြားခဲ့ရသည့် အဖြစ်မျိုးဆန်ဆန်ပင် ကျွန်တော်တို့နှစ်ယောက်ဘဝက ဖြစ်ပျက်ခဲ့သည်။ ကိုတင်ထွန်းက အေးဆေးပြီး ရိုးသားစွာ စီးပွားရှာစားသော မိသားစုအတွင်း ရောက်သွားသည်။ ကျွန်တော်က ရရစားစား လခစားဘဝဖြင့် ရပ်တည်ရသော သာမန်မိသားစုတစ်ခုအတွင်း ရောက်ခဲ့ရသည်။ မိဘတွေက ချစ်တာချင်းကြတော့ ကျွန်တော့်အမေက ပိုပြီးချစ်သည်ဟုထင်သည်။ သူ့မှာ ကျွန်တော်တစ်ယောက်တည်းကိုပင် လုံးလုံးပုံချစ်ပြီး သူ့ခင်ပွန်းနှင့် အကွဲခံခဲ့ရသည်။ အေးအေးချမ်းချမ်းနေနေရပါလျက်နှင့် ကျွန်တော့်အပေါ်ထားသော မိခင်မေတ္တာစိတ်ကြောင့် ဆင်းရဲတွင်းနက်ခဲ့သည်။

            ကျွန်တော့်ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပြုစုစောင့်ရှောက်ပါမည်ဟု မွေးမိခင်ကို ကတိပေးလိုက်ရသောကြောင့် ကျွန်တော့်အပေါ် တာဝန်ကျေရုံ စောင့်ရှောက်တာမဟုတ်ဘဲ သားအရင်းပမာ မေတ္တာအပြည့်ထားပြီး ကျွေးမွေးပြုစုခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်က နေခဲ့ရသော သရက်တော (၂) လမ်းသည် သာမန် မိသားစုများသာရှိသည်။ စရိုက်ကလည်း အနည်းငယ် ကြမ်းသည်။ မူလကနေသော ပိတောက်ပင်လမ်းထက် အဆများစွာကြမ်းတမ်းသည်။ ထို့ကြောင့်ပင် ငယ်စဉ်ကတည်းကပင် ပတ်ဝန်းကျင်ကိုလိုက်၍ ကျွန်တော်က စိတ်ကြမ်းကိုယ်ကြမ်း ရှိနေခဲ့သည်။ ဆဲတတ်သည်။ တစ်ခုခုဆိုလျှင် လက်ပါတတ်သည်။ ကျွန်တော်တို့ လမ်းထဲရှိ ကလေးငယ်များသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

            အမေက စည်းကမ်းကြပ်မတ်လွန်းသောကြောင့်သာ လူမိုက်၊ လူရမ်းကားတစ်ယောက် မဖြစ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်နှင့် တစ်လမ်းတည်းနေသူ သူငယ်ချင်းများမှာ ဆယ်တန်းပင် မအောင်ကြ။ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ကျသူက ကျကြသည်။ ဘဝကို ရုန်းကန်နေကြရသူများအဖြစ် တွေ့နေရသည်။ ထိုအချက်ကို ထောက်ပြပြီး အမေက ဂုဏ်ယူသည်။ ကျွန်တော်က ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရပါလျက် သူ့သားကို လူတော်လူကောင်းတစ်ယောက်အဖြစ် မွေးထုတ်နိုင်ခဲ့သည်ဟု အမြဲပင် ဂုဏ်ယူလေ့ရှိသည်။

            ထိုအချက်မှာ အမှန်ပင်ဖြစ်သည်။ အမေကသာ တော်တည့်မှန်ကန်စွာ ထိန်းကျောင်းမပေးနိုင်ခဲ့လျှင် သည်ကနေ့ စိုးဝင်းသည် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးစိုးဝင်းဟု ဖြစ်တည်နေမှာ မဟုတ်တာတော့ သေချာသည်။ လမ်းထဲမှ တချို့သူငယ်ချင်းများလို အရက်သမားများ ဖြစ်နေမလား၊ ဘိန်းစားများ ဖြစ်နေမလား ဆိုသည်ကတော့ တွေးကြည့်လို့မရ။ သို့သော် သာမန် သူလိုကိုယ်လို လူတစ်ယောက်အဖြစ်နှင့်ပဲ ဘဝကို အဆုံးသတ်ရမည်ကတော့ သေချာနိုင်ပါသည်။ သို့သော် မလေးကတော့ ထိုသို့မတွေး။ ကျွန်တော်တို့၏ မျိုးရိုးဗီဇကောင်းမွန်သောကြောင့်သာ ဒီလိုအခြေအနေမျိုးကို ရောက်ရသည်ဟု အမေနှင့်ပြိုင်ပြီး ငြင်းချက်ထုတ်သည်။ ကျွန်တော်တို့ကို မွေးထုတ်ခဲ့သော မိခင်နှင့် ဖခင်တို့၏ မျိုးရိုးဗီဇအပေါ်အခြေခံပြီး အမေတို့က ထိန်းကျောင်းပြုပြင်နိုင်ခဲ့လို့သာ ယခုလို ညီအစ်ကိုနှစ်ယောက်စလုံး တူတူတန်တန် နေနိုင်ထိုင်နိုင်ခြင်း ဖြစ်သည်ဟု မလေးက ခံယူသည်။ ထိုအချက်ကိုလည်း မလေးက သူ့အကိုးအကားနှင့်သူ ပြောခြင်းဖြစ်သည်။

            အခြေအနေတွေကို တွေးကြည့်တော့လည်း မှန်နေသည်ဟု ပြော၍ရသည့် အချက်များက ရှိနေသည်။ အမေဒေါ်မြသီ၏ စည်းကမ်းရှိသော အလေ့အကျင့်တွေကို ကျွန်တော်ရလိုက်သည်။ အမေဒေါ်သိန်းကြည်လည်း စည်းကမ်းကြီးသည်။ သို့သော် အမေဒေါ်မြသီနှင့် ကွာသည့်အချက်က စနစ်တကျ စည်းကမ်းကြီးခြင်းမျိုးမဟုတ်။ အမေဒေါ်မြသီက နေရာတကာတွင် အကြောင်းသင့် အကျိုးသင့်ရှိသည့် စည်းကမ်းမျိုး၊ လိုက်နာနိုင်လောက်သည့် စည်းကမ်းမျိုးကို ကျင့်သုံးသည်။ တင်းတင်းကျပ်ကျပ် မဟုတ်။ စည်းကမ်းဘယ်လောက်ရှိသလဲဆိုလျှင် ရေခပ်သောက်တာတောင်မှ ကုန်နိုင်သလောက်ကိုပဲ ခပ်သောက်သည်။ မကုန်ဘဲ ဖတ်ကနဲ သွန်ပစ်လိုက်ရသည့် အနေအထားမျိုး သူ့မှာ မရှိစေရအောင် သူကိုယ်တိုင်လည်း ဂရုစိုက်သည်။ သူများကိုလည်း သူ့လိုဖြစ်စေချင်သည်။ ထို့ပြင် သူက သောက်ရေအိုးဖုံး ပန်းကန်ပြားတွင် ရေရှိနေလျှင် အရမ်းစိတ်ဆိုးတတ်သည်။

           

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint


Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်