ယုံကြည်ချက်

ယုံကြည်ချက်

၁၉၅၀ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ ကာ့တ်ရစ်ချ်တာ Curt Richter ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ သူက ကြွက်ကလေး နှစ်ကောင် ကို ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ရှည်တွေထဲကိုထည့်လိုက်တယ်။ အဲဒီဖန်ခွက်ရှည်တွေက ကြွက်တွေ ကုတ်ကပ်တက်လို့မရအောင် ရှည်လျားသလို ခုန်ထွက်လို့လည်းမရနိုင်‌အောင် စီမံထားတယ်။
-
ဆယ့်ငါးမိနစ်ဝန်းကျင် ကြာတဲ့အခါမှာ ကြွက်တွေဟာ ခြေကုန်လက်ပန်းကျပြီး ရေနစ်သေဆုံးကုန်ကြတယ်။ သာမာန်အားဖြင့် ကြွက်တွေဟာ သေဘေးကနေ လွတ်လိုဇောနဲ့ ရုန်းကန်နိုင်စွမ်းက ဆယ့်ငါးမိနစ်ကြာတယ် ပြောရမှာပေါ့။ နောက်တစ်သုတ် စမ်းသပ်ရာမှာတော့ ရစ်ချ်တာက ဗျူဟာတစ်ခုကိုထပ်လုပ်ကြည့်လိုက်တယ်။
-
ဒီတစ်ခေါက်တော့သူဟာ ကြွက်တွေ လက်ပန်းမကျခင်အချိန်လောက်မှာ သူတို့အားလုံးကို ဖန်ခွက်ထဲကနေ ဆယ်ထုတ်လိုက်တယ်။ ခြောက်သွေ့စေတယ်။ မိနစ်အနည်းငယ်လောက် အနားပေးလိုက်တယ်။ အဲဒီနောက်တော့ စောစောကအတိုင်း ရေတစ်ဝက်ဖြည့်ထားတဲ့ဖန်ခွက်ထဲကို တစ်ဖန်ပြန်ပြီးထည့်လိုက်တယ်။
-
အဲဒီဒုတိယအခေါက်မှာ ကြွက်တွေ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ ခင်ဗျားထင်လဲ
နောက်ထပ်ဆယ့်ငါးမိနစ်လား?
ဆယ်မိနစ်လား?
ငါးမိနစ်လား?
-
အဲလိုထင်ရင်တော့ ခင်ဗျားမှားပြီလို့ပဲပြောချင်တယ်။ ကြွက်တွေဟာ နာရီ ခြောက်ဆယ်ကြာအောင် ဆက်ပြီး ရုန်းကန်ကူးခတ်နေကြတယ်။ (နာရီခြောက်ဆယ်)နော်
-
အဲဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကြွယ်တွေဟာ တစ်ချိန်ချိန်မှာ သူတို့ကို လာပြီး ကယ်ဆယ်လိမ့်မယ်။ သူတို့ဟာ တစ်ချိန်မှာ အသက်ရှင်ကျန်နေမယ်ဆိုပြီးယုံကြည်သွားကြတယ်။ အဲဒီယုံကြည်ချက်ဟာ ၁၅ မိနစ်သာ ရေကူးနိုင်တဲ့ကြွက်တွေကို အဆပေါင်း ၂၄၀ အထိ ပိုပြီးခံနိုင်ရည်ရှိသွားစေတယ်။ အဲဒီအထဲက ကြွက်တစ်ကောင်ဆိုရင် ၈၁ နာရီအထိ ရုန်းကန်ရှင်သန်သွားတယ်လို့တောင်ဆိုတယ်။
-
ဆိုလိုတာက ကိစ္စတစ်ခုမှာ ကျွန်တော်တို့ ရုန်းကန်နေရချိန်တိုင်းမှာ ကျွန်တော်တို့အတွက် ယုံကြည်ချက်ဟာ သိပ်ကို အရေးပါတယ်။ ကြွက်ဆိုတဲ့ တိရစ္ဆာန်တောင် ယုံကြည်ချက်တစ်ခုရှိလာရင် အဆပေါင်း ၂၄၀ ထိ တောင့်ခံနိုင်သေးရင်၊ အသိဉာဏ်ရှိတဲ့ ကျွန်တော်တို့မှာသာ တစ်ကယ်တမ်းယုံကြည်ချက်ရှိနေခဲ့ရင် ကြုံတွေ့လာသမျှ အခက်အခဲတွေဟာ တစ်ချိန်မှာ မုချ လွန်မြောက်လာမယ်။
-
မုချ အောင်မြင်မယ်၊ မုချလွန်မြောက်မယ် ဆိုတဲ့ “Hope and optimism” ဟာ အောင်မြင်မှုတစ်ခုအတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာပြောချင်တာပါ။
-
ဒါကြောင့် အားမလျှော့ပါနဲ့။ တောင့်ထားကြပါ။ ယုံကြည်ချက်ကို မစွန့်လွှတ်ကြစတမ်းပေါ့လေ။
-
"တစ်ခုပဲ ကြွက်တွေရေကူးနေသလို ကျွန်တော်တို့ ရုန်းကန်နေဖို့တော့လိုတာပေါ့ဗျာ။ "

-
Credit:ဖြိုးသုတ

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်