နေ့စဉ်ပျော်ရွှင်စွာ ရှင်သန်လိုသူတို့အတွက်လက်ဆောင်

နေ့စဉ်ပျော်ရွှင်စွာ ရှင်သန်လိုသူတို့အတွက်လက်ဆောင်

(၁) တစ်နေ့တာမှာ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်တွေကို ထည့်ဆွဲထားပါ။

            ပျော်ရွှင်ခြင်းကိုရှာလျှင် ပျော်ရွှင်ခြင်းသည် ပျောက်ကွယ်နေဦးမှာပင် ဖြစ်သည်။ ပျော်ရွှင်စရာကို ရှာရင်တွေ့နိုင်သော်လည်း ပျော်ရွှင်ခြင်းကို ရှာလျှင် မတွေ့နိုင်သည့်အပြင် စိတ်ညစ်စရာတွေပါ ကြုံလာရနိုင်ပါ သည်။

စစ်မှန်သည့် ပျော်ရွှင်ခြင်းဆိုသည်က လုပ်နေတုန်းမှာလည်း ပျော်သည်၊ လုပ်ပြီးသွားသည့်အခါမှာလည်း ပြန်စဉ်းစားမိတိုင်း ကျေနပ်ပျော်ရွှင်နေမှသာ ပျော်ရွှင်ခြင်း အစစ်အမှန်ဖြစ်သည်။ ပျော်ရွှင်ခြင်း အစစ်အမှန်ရဖို့ ပျော်စရာအစစ်အမှန်လေးတွေနှင့် ဖန်တီးတတ်ဖို့တော့ လိုပါသည်။ ပျော်စရာဆိုသည်က တကယ်တမ်းတွင် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နှင့်သာ ဆိုင်ပါသည်။

စာဖတ်ခြင်းသည် စာဖတ်သူတစ်ဦးအတွက် ကျေနပ်နှစ်သက်စရာကောင်းသည့် အပမ်းဖြေမှုတစ်ခု ဖြစ်သည်။ ဂိမ်းဆော့သူတစ်ဦးအတွက်တော့ အပမ်းဖြေမှုမဟုတ်ဘဲ နှိပ်စက်တာတစ်ခုလို ခံစားမိမှာပင် ဖြစ်သည်။ စစ်တုရင်ကစားခြင်းသည် ကစားနေသူနှစ်ဦးအတွက် စိတ်ကျေနပ်စရာကောင်းသော်လည်း နားမလည်သည့်သူ၊ လှုပ်လှုပ်ရှားရှား လုပ်ရတာနှစ်သက်သူ တစ်ယောက်အတွက်တော့ အလွန်ပျင်းစရာကောင်းပါသည်။ ဆိုချင်သည်က တစ်ဦးနှင့်တစ်ဦး အပမ်းဖြေပုံချင်း၊ ပျော်ရွှင်တတ်ပုံချင်း မတူညီကြခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ ကိုယ်လုပ်ချင်တာ၊ ကိုယ်နှစ်သက်တာကို လုပ်နိုင်မည့်အချိန်လေးတစ်ခုကို ထည့်ထားခြင်း ဖြစ်သည်။

တချို့က စာလေ့လာရတာကို ပျော်သည်။ တချို့က စာသင်ပြရတာ၊ ပြန်ဝေမျှရတာကို ပျော်သည်။ အရေးကြီးသည့် အချက်ကလေး တစ်ချက်ကို ထည့်သွင်းမှတ်သားစေလိုပါသည်။ ထိုပျော်ရွှင်မှုသည် တစ်ချိန်တွင် နောင်တရစရာ မဟုတ်ဘူးဆိုလျှင်၊ မိမိအပါအဝင် တစ်ဦးတစ်ယောက်အတွက် အကျိုးရှိသည်ဆိုလျှင် ထိုပျော်ရွှင်စရာသည် ဦးစားပေးထည့်သွင်းရေးဆွဲရမည့် ပျော်ရွှင်စရာတစ်ခု ဖြစ်ကြောင်းပင်။

(၂) နှစ်သက်စရာမကောင်းသည့် ဝန်းကျင်ဖြစ်နေလျှင် အကောင်းမြင်စိတ်ဖြင့် နေထိုင်ပါ။

            တချို့ဝန်းကျင်က စိတ်ပျော်စရာမကောင်းသည့် ဝန်းကျင်ဖြစ်သည်။ ဆူညံခြင်း၊ ညစ်ပတ်ခြင်း၊ မလုံခြုံခြင်း၊ ရှုပ်ထွေးခြင်း စသည်ဖြင့် တစ်မျိုးမဟုတ် တစ်မျိုးဖြစ်နိုင်သည်။ ဥပမာ လွှစက်ထောင်ထားသည့် အိမ်နားတွင် နေရခြင်း၊ သံသေတ္တာလုပ်ငန်းလုပ်သည့် အိမ်ဘေးတွင် နေရသည့်အခါမျိုးတွင် အကောင်းမြင်စိတ်ဖြင့် နေထိုင်နိုင်မှသာ နေ့စဉ်ဘဝတွင် အဆင်ပြေတော့မည် ဖြစ်သည်။

တခြားသူတွေ အလုပ်မဖြစ်လို့ လုပ်ငန်းတွေ ရပ်နေကြရတာ၊ သူတို့က အလုပ်ဆင်ပြေတာ ဝမ်းသာစရာပဲ ဆိုတာမျိုး မုဒိတာ ပွားကြည့်ရသည်။ အဆင်မပြေလျှင် ကိုယ်တောင် ဒီလောက်နားဆူနေတာ၊ လုပ်နေရတဲ့သူတွေဆို ဘယ်လောက် နားအူလိုက်မလဲ စသည်ဖြင့် ကိုယ်ချင်းစာကြည့်ရသည်။ ထိုသို့မှ မဟုတ်လျှင် ကိုယ်လုပ်ရမည့်အလုပ်တစ်ခုခုကို လုပ်ရင်း လစ်လျူရှုလိုက်သင့်သည်။ သို့မဟုတ်ပါက တစ်ဖက်က သူ့အလုပ်သူ လုပ်နေသည်။ ကိုယ်က မျက်နှာစူပုပ်ကာ စိတ်ဆိုးဒေါသထွက်ရင်း အလကားနေ အလကား အရှုံးထွက်နေတော့မည် ဖြစ်သည်။ ထို့ကြောင့် မနှစ်သက်စရာဝန်းကျင်၊ သို့မဟုတ် မနှစ်သက်စရာအခြေအနေတွေ့ကြုံနေရပြီဆိုလျှင် အကောင်းမြင်စိတ်မွေးကာ နေထိုင်သင့်ပါသည်။

(၃) အတွင်းရော၊ အပြင်မှာပါ ရှင်းလင်းထားလိုက်ပါ။

            စိတ်ရှင်းပါစေ။ ကိုယ်လည်း လင်းပါစေ။ စိတ်သည် နှလုံးသားဝိဉာဉ်ကို ကိုယ်စားပြုပါသည်။ စိတ်အညစ်အကြေး၊ အမှိုက်သရိုက်တို့ကို ရှင်းထုတ်ပစ်လိုက်ပါ။ ထို့အတူ ဝန်းကျင်မှာရှိသည့် အမှိုက်သရိုက်တို့ကိုလည်း ရှင်းထုတ်ပစ်ပါ။ ဝန်းကျင်မှာ ရှိသည့် အမှိုက်သရိုက်ဆိုသည်မှာ ပြန်သုံး၍ မရတော့သည့် ပစ္စည်းများနှင့် မရောက်သင့်သည့်နေရာကို ရောက်နေသည့် ပစ္စည်းများ ဖြစ်သည်။ ဥပမာ ကားသော့သည့် ကားသော့ချိတ်သည့် ခုံတွင် ရှိရမည်ဖြစ်သော်လည်း ရေချိုးခန်းထဲတွင် ရောက်နေလျှင် သွားစရာကြုံ၍ အလျင်လိုသည့် အခါ အနှေးဖြစ်ရတော့သည်။ စိတ်အနှောက်အယှက် ဖြစ်ရသည်။ ဒေါသထွက်ရသည်။ စိတ်မပျော်မရွှင် ဖြစ်ရတော့သည်။ ထို့ကြောင့် ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းစွာထားခြင်း၊ စနစ်ကျခြင်းသည် အပြင်ရှင်းခြင်း မည်ပါသည်။

လုပ်ရမည့် အလုပ်တို့ကို ပြီးစီးအောင်၊ ပြီးပြတ်အောင် လုပ်ခြင်းသည်လည်း အပြင်ရှင်းခြင်း မည်ပါသည်။ အပြင်ရှင်းခြင်းသည် မံသစက္ခုဖြင့် မြင်နိုင်သည်။ မိမိစိတ်နှလုံးအတွင်းရှိ အညစ်အကြေးတို့ကိုတော့ သတိပညာဖြင့်သာ မြင်နိုင်ပါသည်။ တစ်နေ့တာကုန်ဆုံး၍ ဘုရားရှိခိုးနေသည့်အခါ အလုပ်တွင် ကြုံခဲ့ရသည့် မကျေနပ်မှု၊ အဆင်မပြေမှုတို့က စိတ်တွင်အသီးသီးပေါ်လာသည်။ ထိုအခါ စိတ်အာရုံနောက်သို့ လိုက်သည့်အခါ လူက ဘုရားရှိခိုးနေသော်လည်း စိတ်က တခြားသူကို ငြိုးနေသည်။ လူက သူတော်ကောင်းအလုပ်ကို လုပ်နေသော်လည်း စိတ်က သူယုတ်မာအလုပ်ကို အတွေးဖြင့် လုပ်နေတော့သည်။ ထိုအတွေးကို ရှင်းမထုတ်နိုင်သည့်အခါ အိပ်သည့်အခါတွင်ပင် စိတ်ချလက်ချ အိပ်မပျော်နိုင် ဖြစ်ရတော့သည်။ မပျော်ရွှင်ရခြင်း၏ အဓိကအကြောင်းရင်းကြီးမှာ စိတ်မရှင်း၍ ဖြစ်သည်။ နေ့စဉ်ပျော်ရွှင်လိုသူတို့အတွက် တတိယအရေးကြီးသည့် အချက်မှာ အတွင်းရော၊ အပြင်မှာပါ ရှင်းလင်းထားဖို့ အရေးကြီးကြောင်း ပြောပြလိုခြင်း ဖြစ်ပါသည်။

(စိတ်အမှိုက်များ ကင်းရှင်း၍ လူ့လောကကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သည့် လူသူတော်ကောင်းများ ဖြစ်ကြပါစေ။)

ထူးအောင်ဝင့်

(၂၂.၁၁.၂၀၂၁ နေ့လည် ၂း၀၂ မိနစ်)

 

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်